သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလားတန်စီမံကိန်း ရိက္ခာတင်ယာဉ်များ ဖျက်ဆီးခံရ


AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi / Unicode)

မြန်မာနဲ့ အိန္ဒိယနိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန်စီမံကိန်း လုပ်ငန်းမှာ အသုံးပြုဖို့ လောင်စာဆီနဲ့ စားနပ်ရိက္ခာ တင်ဆောင်တဲ့ ၁၂ ဘီးတပ် ကုန်တင်ကားကို ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ မနေ့က တားဆီး မီးတင်ရှို့လိုက်တယ်လို့ ချင်းပြည်နယ်အစိုးရဘက်က ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် လုံခြုံရေးအားနည်းလို့ စီမံကိန်းသတ်မှတ်ရက် ပြီးစီးအောင် မလုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကုလားတန်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင် အသုံးပြုဖို့ စက်သုံးဆီနဲ့ စားနပ်ရိက္ခာ တင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ်ကို ပလက်ဝမြို့ မရောက်ခင်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကနေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

“မနေ့က ၁၀ နာရီဝန်းကျင်လောက်မှာ ၁၂ ဘီးကား မီးရှို့ခံရတယ်။ အခု ကျနော်တို့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ဇိုရမ်ပွီလမ်း ဖောက်နေတာ။ လမ်းဖောက်နေတဲ့ အဲဒီ အိန္ဒိယဆိုက်ကနေပြီးတော့ သူတို့ရဲ့ စက်ယန္တရားတွေမောင်းဖို့ သူတို့ရဲ့ ဝန်ထမ်းတွေစားဖို့ အဲဒီဟာကို စစ်တွေ-ကျောက်တော်ဘက်က သယ်ရတာ အခက်အခဲ ဖြစ်တဲ့အတွက် ပခုက္ကူကနေပြီးတော့ ဒီဇယ်ဆီ နောက်ပြီးတော့ အောက်တိန်းဆီ နောက် ဆန် ဆီ ဆား ပဲ ပေါ့နော်။ အဲဒါတွေကို သယ်လာတယ် ၁၂ ဘီးကားအကြီး။ ပလက်ဝရောက်ခါနီး ၁၅ မိုင် မတူပီ-ပလက်၀ မိုင်တိုင်အမှတ် ၁၂၀ အနားလေးမှာ AA အဖွဲ့တွေက ရပ်တန့်ပြီးတော့မှ ကားကို စစ်ဆေးပြီးတော့ မီးရှို့လိုက်တာပေါ့နော်။ စက်သုံးဆီတွေ ပါတယ်ဆိုတော့ မီးက ချက်ချင်းလောင်ပြီးတော့ ကားက ဖရိမ်တွေပဲ ကျန်တော့တယ် ၁၂ ဘီးကားက။”

ဖေဖော်ဝါရီ ၂၉ ရက်နေ့ ပခုက္ကူဘက်က တင်ဆောင်လာတဲ့ စက်သုံးဆီနဲ့ စားနပ်ရိက္ခာတင်ယာဉ်ကို ပလက်ဝမြို့နယ် မိုင်တိုင် ၁၂၀ အနီးမှာ မီးရှို့ဖျက်ဆီးလိုက်တာလို့ သူကပြောပါတယ်။

စီမံကိန်းအတွက် အသုံးပြုမယ့် လောင်စာဆီနဲ့ ရိက္ခာတင်ယာဉ် မီးရှို့လိုက်တာနဲ့ပတ်သက်လို့ AA ပြောခွင့်ရ ခိုင်သုခကတော့ အခုလိုပြောပါတယ်။

“လောလောဆယ်တော့ ကျနော် အသေးစိတ်တော့ မသိသေးဘူးဗျ။ သေချာတာကတော့ ကျနော်တို့က ထုတ်ပြန်ချက်တွေနဲ့ အကြိမ်ကြိမ်ထုတ်ထားပြီးပြီ။ အဲဒီလိုမျိုး တခုခု သယ်ယူသွားလာမယ် ဆိုလို့ရှိရင် စစ်ဆေးနေတဲ့ နေရာတွေမှာ အကြောင်းကြားပြီးမှ သွားလာပါဆိုတဲ့ ဥစ္စာကို အကြိမ်ကြိမ် ထုတ်ပြန်ကြေညာချက် ထုတ်ပြီးတော့ ပြောထားတာရှိတယ်။စစ်ဖြစ်နေတဲ့နေရာတွေ နေရာထဲမှာ သတင်းမပေးဘဲ အဲဒီလိုမျိုး သွားလာလို့ရှိရင်တော့ မြေပြင်တပ်ဖွဲ့တွေက သူတို့ လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်မယ်။”

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပလက်ဝ-မီဇိုရမ် လမ်းစီမံကိန်းအတွက် သယ်ဆောင်လာတဲ့ သင်္ဘောကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့တုန်းက ကုလားတန် မြစ်ကူးတံတားအတွက် အသုံးပြုဖို့ ရန်ကုန်ကနေ သင်္ဘောနဲ့ တင်ဆောင်လာတဲ့ တံတားသံဘောင်တန်ချိန် ၃၀၀ နီးပါးကို AA အဖွဲ့ကနေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒီလိုပစ်ခတ်ရတာဟာ ပစ္စည်းတင်ဆောင်မှုမှာ AA အဖွဲ့ကို အကြောင်းကြားမှု မရှိသလို စစ်တပ်ရဲ့ လက်နက် ရိက္ခာတင် သင်္ဘောတွေ ပါလာလို့ ပစ်ခတ်ရတာဖြစ်တယ်လို့ AA တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို လုံခြုံရေးအရ စိုးရိမ်နေရတဲ့ အခြေအနေတွေကြောင့် မြန်မာနဲ့ အိန္ဒိယနိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန် ဘက်စုံစီမံကိန်းဟာ သတ်မှတ်ရက် ပြီးစီးအောင် မလုပ်ဆောင်နိုင်ဘူးလို့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ဆက်ပြောပါတယ်။

“အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့လုပ်တဲ့ စီမံကိန်းပေါ့နော်။ ၂၀၁၇ တုန်းကလုပ်တဲ့ စီမံကိန်းပေါ့။ အခု ၂၀၂၀ မေလဆို ပြီးရမယ့် စီမံကိန်း။ နယ်မြေမအေးချမ်းတာနဲ့ မလုံခြုံတာနဲ့ ဝန်ထမ်းတွေ အလုပ်လည်း လုပ်လို့မရတာနဲ့ အဖမ်းခံရတာနဲ့ အဲဒါမျိုးတွေကြောင့် နှောင့်နှေးကြန့်ကြာပြီးတော့ သူ့ရဲ့ မူလသတ်မှတ်ထားတဲ့ ၂၀၂၀ မေလမှာ ပြီးအောင်လုပ်ရမယ့် စီမံကိန်းပဲ။ အခု နောက်ကျနေပြီပေါ့နော်။”

ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖေဖော်ဝါရီ ပထမအပတ်ကစပြီး ကျောက်တော်-ပလက်၀ ရေလမ်းကြောင်း သွားလာမှု ရပ်ဆိုင်းခဲ့တာပါ။

လက်ရှိ ပလက်ဝမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေ ဈေးတက်နေတယ်လို့ ဒေသခံ ကိုကျော်မြင့်က ပြောပါတယ်။

“ဆန်စားသောက်ကုန်ကလည်း အကုန်လုံး ဈေးနှုန်းမြင့်နေတာပဲ။ ဘာမှမရှိဘူး အခု။ ဆန်တွေဘာတွေဆိုလည်း ပြတ်ကုန်ပြီ။ ကြက်သွန်တို့ ဘာတို့ ဆိုရင်လည်း တပိသာကို ၆၀၀၀၊ ကြက်သွန်ဖြူဆို ၉၀၀၀ အဲဒီလောက်အထိကို ဖြစ်နေပြီ။”

တိုင်းနဲ့ပြည်နယ်အနက်က ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှု နောက်အကျဆုံးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်ဟာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အပြင် အင်တာနက်လိုင်းတွေလည်း ဖေဖော်ဝါရီ ၃ ရက်ကစလို့ ဖြတ်တောက်ခံထားရပါတယ်။

----------------------------------

(Unicode)

















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG