သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ချီးမြှင့်ထားတဲ့ဆု AI ရုပ်သိမ်းမှုအပေါ် တုံ့ပြန်ချက်များ


မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် တုံ့ပြန်မှုတွေ ထွက်ပေါ်လာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ တိုင်းပြည်ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ လုပ်ရပ်အဖြစ် ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ AFP သတင်းဆောင်းပါးကို အခြေခံပြီး မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တချိန်က သူ့ရဲ့ရပ်တည်ချက် စံတန်ဘိုးတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကြောင့် AI ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုဖြစ်တဲ့ International Ambassador of Conscience Award နိုင်ငံတကာ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆုကို ရုပ်သိမ်းခဲ့တာဖြစ်ကြောင်း ကြေညာခဲ့တာပါ။ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အရေးနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ဟာ လက်ခံနိုင်စရာ မရှိကြောင်း ဗြိတိန်အခြေစိုက် AI အဖွဲ့ ညွှန်ကြားရေးမှူး Kate Allen ကပြောဆိုခဲ့တာပါ။

“သူဟာ တိုင်းပြည်ရဲ့ မျှော်လင့်ချက် မီးရှုးတန်ဆောင် ဖြစ်ခဲ့ဖူးပေမဲ့၊ လွန်ခဲ့တဲ့ ၁၅ လအတွင်း ဖြစ်ပျက်ခဲ့တာတွေက သူ့အပေါ် ယုံကြည်ကိုးစားမှုတွေ လုံးဝကင်းမဲ့စရာ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သူ့ကိုပေးထားတဲ့ဆုကို ပြန်ရုပ်သိမ်းတာပါ။”

AI အဖွဲ့ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုကိုတော့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဦးဆောင်မှုတွေကြောင့် နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့တာပါ။ သူဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးမျိုးညွန့်ကတော့ ဆုပြန်ရုပ်သိမ်းတာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်သာမက ဒီမိုကရေစီရေး လှုပ်ရှားမှုကိုပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။

"တံဆိပ်တွေပြန်လည်ရုပ်သိမ်းရင် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းရဲ့ သိက္ခာထိခိုက်မှာမဟုတ်ပါဘူး။ ဒီမိုကရေစီအရေးမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တွေရော ။ ပြည်သူအားလုံးဂုဏ်သိက္ခာကိုပါ ညှိးနွမ်းအောင်လုပ်သလို ဖြစ်မယ်ဆိုတာ ကျနော်ပြောချင်ပါတယ်။ ဒါတွေဟာ တိုက်ဆိုင်တာမဟုတ်ပါဘူး စနစ်တကျ စီစဉ်ထားတဲ့ အစီအစဉ်ကြီးတခုရဲ့ ကွင်းဆက်ဖြစ်ပါတယ်။ သူတို့ဟာ ရွှေ့ပြောင်းသွားတဲ့ ထွက်ခွာသွားတဲ့ ဘဂါၤလီတွေအတွက်နိုင်ငံသားဖြစ်ခွင့်ရရရေးဆိုတဲ့ စနစ်တကျ အဖွဲ့အစည်းပေါင်းများစွာ နောက်ကွယ်မှာ အင်အားကောင်းကောင်းနဲ့ လုပ်နေတာပါ။ ဒါတွေကို ကျနော်တို့ ရင်ဆိုင်ဖို့အတွက် ကျနော်တို့မှာ ညီညွတ်မှုရှိဖု့ိလိုပါတယ်။ လူမျိုးစွဲမလုပ်ပဲနဲ့ ပြည်ထောင်စုစိတ်ဓါတ်ကို မွေးပြီးတော့ နိုင်ငံတကာဖိအားကို ကြံကြံခံဖို့လိုပါတယ်။"

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ချီးမြှင့်ထားတဲ့ဆုတွေ ရုပ်သိမ်းနေတာ အခုဆိုရင် ၁၀ ခုနီးပါးရှိနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာတုန်းကလည်း ကနေဒါနိုင်ငံက ၂၀၀၇ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ နိုင်ငံသားဂုဏ်ထူးဆောင်ဆုကို ရုပ်သိမ်းခဲ့သလို၊ အမေရိကန်ပြည်ထောင်စု Holocaust ပြတိုက်က ၂၀၁၂ခုနှစ် က ပေးအပ်ခဲ့တဲ့ Elie Weisel ဆုကိုလည်း မတ်လထဲမှာပဲ ရုပ်သိမ်းခဲ့တာပါ။

ဒါပေမဲ့လည်း ရန်ကုန်မြို့ခံတွေ ဖြစ်ကြတဲ့ ဦးခင်မောင်အေး နဲ့ ဒေါ်ဌေးဌေး တို့ကတော့ အခုလို နိုင်ငံတကာက ဆုတွေ ပြန်ရုပ်နေတာကို ဂရုစိုက်စရာ မလိုဘူးလို့ မြင်ကြပါတယ်။

" ပြန်သိမ်းတယ်ဆိုတာ ကလေးများလိုပဲ မတည့်ရင် ငါ့ပစ္စည်းပြန်ပေးဆိုပြီး အဲ့လိုမျိုး ပုံစံဖြစ်နေတယ်ပေါ့နော်။"

" သိမ်းပါစေပေါ့ သူ့ပစ္စည်း သူပြန်သိမ်းတာပဲ ဘာမှမလိုဘူးနော် "

ဒါပေမဲ့လည်း အခုလို နိုင်ငံတကာက ချီးမြှင့်ထားတဲ့ဆုတွေ ရုပ်သိမ်းခံရတာဟာ ဒီမိုကရေစီ ခေါင်းဆောင်တယောက် အနေနဲ့ရော တိုင်းပြည်အတွက်ပါ ရှက်စရာကောင်းတယ်လို့ မြန်မာနိုင်ငံက ဆိုင်နာဂျီ လူငယ်နဲ့ လူမှုသဟဇာတ ဖော်ဆောင်ရေးစင်တာက ကိုသက်ဆွေဝင်းက ပြောပါတယ်။

"လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူပေါ့နော် human rights champion ဆိုသူက တိုင်းပြည်စွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲရှိလိုမရဘူး။ တကယ်တမ်း လူသားတွေအပေါ်မှာ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ၊ ရပိုင်ခွင့်တွေချိုးဖောက်ခံရတဲ့ ကိစ္စမှာ လူသားတွေကို ကာကွယ်ရပ်တည်ပြီးတော့ ပြောဆိုဖို့ တာဝန်ရှိတယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။ အဖွဲ့အစည်းတွေအနေနဲ့ကလည်း သေးသေးမွားမွားအဖွဲ့အစည်းမဟုတ်ဘူး ၊ ပြန်ယူတဲ့အခါလည်း ကလေးကစားသလိုမျိုး ပြန်ယူသွားတာမဟုတ်ဘူး။ အဲဒီတော့ အချက်တွေအများကြီးရှိတယ် ထောက်ပြခဲ့တဲ့အချက်တွေအများကြီးရှိတယ်။ ငြင်းလို့မရတဲ့အချက်တွေအများကြီးရှိတယ်။ ကျနေ်ာတို့ဘက်ကနေပြီးတော့ အရမ်းရှက်ဖို့ကောင်းတယ်၊ တိုင်းပြည်အတွက်လည်း မျက်နှာငယ်ရတယ်၊ လူ့အခွင့်အရေးကာကွယ်မြင့်တင်သူ တယောက်အနေနဲ့ ရှက်ရတယ် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ထိုးနှက်ချက်တခုလို့ မြင်ပါတယ်။"

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း Asean ရဲ့ စင်္ကာပူနိုင်ငံ အစည်းအဝေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေချိန်မှာပဲAI အဖွဲ့ရဲ့ ဆုရုပ်သိမ်းတဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ Asean ညီလာခံအတွင်းမှာလည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေနဲ့ ဝေဖန်မှုတွေထွက်ပေါ်နေတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင်အသိအမှတ်ပြု လက်ခံမထားပေမဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG