သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး တိုးတက်မှုမရှိ AI ထုတ်ပြန်


ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ လက်ပံတန်းကျောင်းသားများ။ (မတ်လ ၁၀ ရက် ၊ ၂၀၁၅)
ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ လက်ပံတန်းကျောင်းသားများ။ (မတ်လ ၁၀ ရက် ၊ ၂၀၁၅)

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ကဏ္ဍ အသီးသီးမှာ တိုးတက်မှုမရှိခဲ့တာကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ အစီရင်ခံစာ အသစ်တခုမှာ ဖော်ပြလိုက် ပါတယ်။

အစီရင်ခံစာမှာ အဓိက ထောက်ပြထားတာတွေကတော့ ရိုဟင်ဂျာမူစလင်တွေရဲ့ အခြေအနေ ထပ်ပြီး ဆိုးရွားသွားတာ၊ လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို နှိမ်နင်းဖြိုခွဲတာတွေ အစိုးရက အရှိန်တိုးမြှင့်ပြီး လုပ် ခဲ့တာ၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားဆိုင်ရာ ဥပဒေတွေကို ချိုး ဖောက်တယ်ဆိုတဲ့ သတင်းတွေထွက်ထားတာ၊ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ သံသယရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အပြစ် ပေး အရေးယူ ခံရတာမျိုး လုံး၀ မရှိသလောက် ကင်းလွတ်နေတာတွေကို AI အဖွဲ့က ထောက်ပြ ထားပါတယ်။

၂၀၁၅ ခုနှစ်ကုန်ချိန်မှာ နိုင်ငံရေးအကျဉ်းသား ၁၁၄ ယောက် အကျဉ်းထောင်တွေ ထဲမှာ ရှိနေဆဲဖြစ်ပြီး အမျိုးသားပညာရေးဥပဒေ ကို ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ သူတို့ကို ထောက်ခံသူ တွေ ရာပေါင်းများစွာ တရားစွဲ ခံထားရတာကို AI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်စေတဲ့ လုပ်ရပ်တွေကို စီးပွားရေးလုပ်ငန်းတွေက ကျူးလွန်တာမျိုးမဖြစ်ရအောင် အကာအကွယ်ပေးဖို့ လုံလောက်တဲ့ တရားဥပဒေ မရှိ တာကိုလည်း AI က ထောက်ပြပါတယ်။

လူတွေကို နေအိမ်တွေကနေ အတင်းအဓမ္မဖယ်ရှားတာမျိုးကို တားဆီးကန့်သတ်တဲ့ ဥပဒေမျိုး မရှိဘူးလို့ AI ကပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်တွေကို ကန့်သတ်တဲ့ ဥပဒေတွေကို ပြန်ပြီး သုံးသပ်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အကြံပေးတာကို မြန်မာနိုင်ငံက ပယ်ချခဲ့သလို ရိုဟင်ဂျာလူနည်းစုတွေ ခွဲခြား ဆက်ဆံခံနေရတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံဖို့လည်း ငြင်းခဲ့ တယ်လို့ AI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG