သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ နဲ့ ဒေါ်စု တွေ့ဆုံဆွေးနွေး


မြောက်ပိုင်းမဟာမိတ်အဖွဲ့ နေပြည်တော်ကို ဆိုက်ရောက်လာကြစဉ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ နေပြည်တော်ကို ဆိုက်ရောက်လာကြစဉ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုတွေ ဟာ ကျေနပ်အားရစရာ ကောင်းပေမဲ့၊ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးရေးမူကိုတော့ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ပထမဆုံးအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ပထမဆုံးအကြိမ် ဖိတ်ကြားခံခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဆက်လက်ဆွေးနွေး မှုတွေ လုပ်နိုင်ဖို့လည်း မျှော်လင့်နေကြတာပါ။ ဒီအကြောင်းကိုတော့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနေတဲ့ နေပြည်တောက်မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခ က အပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။

ဒီကနေ့မြောက်ပိုင်း ၇ဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားဆီတွေ့ဆုံအပြီးမှာ မြောက်ပိုင်း ၇ ဖွဲ့က ဆွေးနွေးမှုတွေကို ကျေနပ်အားရကြောင်း ပြောဆိုလိုက်တာပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ ရပ်တည်ချက်အတိုင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကိုတော့ လက်မှတ်ထိုးမှာမဟုတ်ဘူးလို့လည်း ဝပြည် သွေးစည်းညီညွှတ်ရေးအဖွဲ့က ဝဒေသ ပြည်ပ ဆက်သွယ်ရေးတာဝန်ခံ ကျောက်ကော်ရှမ်းက တွေ့ဆုံမှုအပြီးမှာ ပြောဆိုလိုက်ပါတယ်။

" ဒါပေမဲ့ ကျနော်တို့က အရင် NCA တော့ ထိုးမှာမဟုတ်ဘူးနော့်။ ကျနော်တို့ကပြန်ပြင်ဆင်ထားမှာပဲ။ ဒီနေ့က ကျနော်တို့က ဘာမှတော့ မဆွေးနွေးပါဘူး။ အဓိကက တယောက်နဲ့တယောက် ရင်းနှီးအောင် တွေ့ဆုံတာပါ။ ဒီတခေါက် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်ကို သွားတဲ့အချိန်က တရုတ်ပြည်ရဲ့ One Belt One Road ပေါ်လစီပေါ့ အဲ့တာလည်း ဆွေးနွေးတာပေါ့။ ဒီကြားထဲမှာ သူတို့သဘောတူညီထားတာတွေရှိရင်ရှိမှာပေါ့နော်။ "

ကချင်လွတ်လပ်ရေးအဖွဲ့ KIO, UWSA ၀ အဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ SSPP/SSA (မြောက်ပိုင်း) ရှမ်းအဖွဲ့တို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံပြီးနောက်မှာတော့၊ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ညီလာခံမှာ တက်ရောက်လာတဲ့ ရခိုင်တပ်မတော် AA, တအာင်း ပလောင်အဖွဲ့ TNLA, MNDAA ကိုးကန့်အဖွဲ့တို့နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တာပါ။

TNLA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ တာပန်လ ကတော့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

" ကျနော်တို့ကတော့ ဒီကနေ ဆက်လက်ပြီးတော့ ဆွေးနွေးနိုင်ဖို့တော့ အဲ့လိုမျိုးတော့ ဆွေးနွေးခဲ့ကြတယ်ပေါ့လေ။ အထူးသဖြင့်ကတော့ ကျနော်တို့သွားပြီးတွေ့ဆုံတာက ကျနော်တို့ ၂၁ရာစုပင်လုံရောက်လာတယ်။ နေပြည်တော်ရောက်လာတယ်။ သူက တာဝန်ရှိသူအနေနဲ့ကြိုဆိုတယ်ပေါ့လေ။ အဲ့ဒီ့အဆင့်လောက်ပါပဲ။ အထူးသဖြင့်က PSLF နဲ့ဖြစ်နေတာပဲဖြစ်ဖြစ် မြောက်ပိုင်းမှာဖြစ်နေတဲ့တိုက်ပွဲပဲဖြစ်ဖြစ် လအတန်ကြာ ပိတ်ဆို့နေတဲ့ တွေ့ဆုံနိုင်ဖို့ တာဝန်ရှိသူအချင်းချင်း တွေ့ဆုံနိုင်ဖို့ပေါ့လေ အထူးသဖြင့် အစိုးရဘက်ကနဲ့တွေ့ဆုံနိုင်ဖို့က လမ်းကြောင်းမဖြစ်ပေါ်ခဲ့ဘူး။ အခု လမ်းကြောင်း ဖြစ်ပေါ်လာပြီလို့ပြောလို့ရပါတယ်။(မေး- ဆက်သွားနိုင်မယ်လို့မျှော်မှန်းပါသလား) ဆက်သွားနိုင်မယ်လို့ ကျနော့်ဘက်က မျှော်မှန်းပါတယ်။"

ပထမဆုံးအကြိမ် ညီလာခံမှာ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတဲ့ TNLA, AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ကိုးကန့်အဖွဲ့တွေဟာဆိုရင် မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ သာမက စစ်တပ်နဲ့ပါ တွေ့ဆုံဆွေးနွေးမှသာ အဖြေရနိုင်လိမ့်မယ်လို့လည်း အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်နေဆဲ အဖွဲ့တွေပါ ပါဝင်လာနိုင်ဖို့ကိုတော့ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့တာပါ။

လက်ရှိမြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်ပါဝင်လာမှုနဲ့ပတ်သတ်ပြီး နိုင်ငံရေးလေ့လာ သုံးသပ်သူဆောင်းပါးရှင် ဇေယျသူက သုံးသပ်ပါတယ်။

"တရုတ်က မြန်မာ့စီးပွားရေးမှာရော ငြိမ်းချမ်းရေးမှာရော အရေးကြီးတဲ့နိုင်ငံဖြစ်နေတယ်။ စီးပွားရေးမှာဆိုလည်း သူက ထိပ်တန်းရင်းနှီးမြှုပ်နှံသူဖြစ်နေတယ်။ ထိပ်တန်း ကုန်သွယ်ဘက်လည်းဖြစ်တယ်။ အဲ့တော့ နယ်စပ်ချင်း ကပ်ရပ်နိုင်ငံတွေ ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ သဘောထားက ဒါက ကျနော်တို့ လက်နက်ကိုင် တိုက်ပွဲတွေကို အထိုက်အလျောက် သြဇာသက်ရောက်တာရှိတယ်။ ဘယ်လောက် အထိ သြဇာသက်ရောက်လဲဆိုတာတော့ အတိအကျပြောရခက်တယ်။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးကြေညာချက်တွေ ထုတ်တဲ့အခါမှာ တရုတ်နိုင်ငံရဲ့ One Belt One Road ပိုးလမ်းမကြီးအသစ်ကို ထောက်ခံတယ်ဆိုတဲ့ကြေညာချက်ကလည်း ငြိမ်းချမ်းရေးကြေညာချက်ထဲမှာ ထူးထူးခြားခြား ဒါက ပါလာတယ်။ တရုတ်နိုင်ငံရဲ့ပါဝင်မှုကိုလည်း တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း လက်ခံတယ်ဆိုတဲ့ ကြိုဆိုတယ်ဆိုတဲ့ သဘောလည်းပါတယ်။ ဒုတိယအကြိမ်ပင်လုံညီလာခံတက်ဖို့ ပွဲဖြစ်အောင်တောင် တရုတ်ပါမှ ဖြစ်နေတဲ့အခါကျတော့ တရုတ်ရဲ့အခန်းကဏ္ဍက အရင်ကထက်စာရင်ပိုကြီးလာတယ်။"

မြောက်ပိုင်းအဖွဲ့က သူတို့လက်ခံထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ဆက် သွားဖို့စီစဉ် ထားပေမယ့် မနေ့ကစတင်ကျင်းပတဲ့ ဒုတိယကြိမ် ပင်လုံညီလာခံဖွင့်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံကကော၊ တပ်မတော်ဘက်ကပါ NCA မူအတိုင်း ဆက်သွားမှသာ လက်ခံမယ် လို့ ပြောဆို ထားသလို ဗွီအိုအေကနေ လိုက်လံမေးမြန်းချက် အရ အချို့သော NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားအဖွဲ့တွေကလည်းနောက် ထပ် မူ တခုနဲ့ထပ်မံပြီး အစကနေ ပြန်ဆွေး နွေးလိုစိတ်မရှိကြပါဘူး။

ဒီအပိုင်းကို ဘယ်လိုကျော်လွှားမလဲဆိုတာကတော့ ခုထိမသိရသေးသလိုဆွေးနွေးဆဲပါ။ မနေ့ကတော့ မြောက်ပိုင်းအဖွဲ့ရေးဆွဲထားတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ကိုချပြခဲ့သလို အဲဒီမှာ နိုင်ငံရေးဆွေးနွေးမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေလက်ခံတဲ့ အထွေ ထွေမူဝါဒနဲ့ ရပ်တည်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ထုတ်ပြန်လိုက်တဲံ အပစ်အခတ်ရပ်စဲ ရေး စာချုပ်မှာအခန်း၈ခန်း ပါဝင်ပါတယ်။ အထွေထွေမူဝါဒနဲ့ ရပ်တည်ချက်တွေ မှာတော့ အဓိကအချက်ကြီး ၁၅ချက်နဲ့တင်ပြ ထားပါတယ်။ ဒါကိုနိုင်ငံတော် အတိုင် ပင်ခံကိုတင်ပြထားတယ်လို့ ပြောပေမယ့် အတိုင်ပင်ခံနဲ့ ဒီနေ့တွေ့ချိန် မှာ ဘယ်လိုပြောဆိုကြသလဲဆိုတာကိုတော့ နှစ်ဘက်ကထုတ်ပြန် ဖို့ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG