သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Voice အယ်ဒီတာချုပ် အဖမ်းခံရ


The Voice Weekly သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ။
The Voice Weekly သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ။

The Voice Weekly သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ နဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို သရော်စာရေးသားဖော်ပြမှု နဲ့ ဗဟန်းမြို့နယ် ရဲစခန်းက ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ သူ့တို့ရဲ့ရှေ့နေက ပြောပါတယ်။ ပြည်ထောင်စုသစ္စာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကျည်ထောင်စုသစ္စာ ဆိုတဲ့ သရော်စာကို ဂျာနယ်မှာရေးသားဖော်ပြ ခဲ့တဲ့ အတွက် တပ်မတော်ဘက်က The Voice သတင်းစာ နဲ့ သရော်စာရေးသားသူ ဗြိတိသျှ ကိုကိုမောင် တို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့် ခဲ့တာဖြစ်ပါတယ်။ သတင်းမီဒီယာတွေအပေါ် အခုလိုဖမ်းဆီး လိုက်တာဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စေတယ်လို့လည်း မြန်မာဂျာနယ်လစ်ကွန်ရက်က ကလည်း ဝေဖန်လိုက်ပါတယ်။ ကိုထက်အောင်ခန့် ဆက်သွယ်မေးမြန်းထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

၇၂ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့ ပြည်ထောင်စုသစ္စာဆိုတဲ့ ရုပ်ရှင်ဇတ်ကားကို ကျည်ထောင်စုသစ္စာဆိုပြီး သရော်စာရေးသား ဖော်ပြခဲ့တဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ နဲ့ သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ကို ပုဒ်မ ၆၆(ဃ) ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဗဟန်းမြို့နယ်ရဲစခန်းမှာ သူတို့ ၂ ဦးကို ဖမ်းဆီးလိုက်တာ နဲ့ ပတ်သက်ပြီး သူတို့ရဲ့ဥပဒေအကြံပေးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

" အခုမြို့နယ်မှူးကြီးက ကိုယ်တိုင်ပဲ ကျနော်တို့ကို အသိပေးပါတယ်။ ဖမ်းဆီးတဲ့အမိန့် ကတော့ အတည်ဖြစ်နေပါတယ်။ မြို့နယ်မှူးကြီး ခုနက ခေါ်ပြောပြီးပါပြီခင်ဗျ။ အခုလောလောဆယ်တော့ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ ချုပ်နှောင်တဲ့အဆင့်တော့ မရှိသေးဘူး စခန်းမှူုးရဲ့ရုံးခန်းထဲမှာပါပဲ။ အချုပ်ခန်းထဲတော့ မထည့်သေးပါဘူး။"

ပြီးခဲ့တဲ့ မေလတုန်းက ဗဟန်းရဲစခန်းက ဆင့်ခေါ်တုန်းကတော့ ကာယကံရှင်တွေကိုယ်တိုင် မသွားရောက်ခဲ့ဘဲ ၊ သူတို့ရဲ့ ဥပဒေအကြံပေးတွေကပဲ စခန်းကို သွားရောက်ခဲ့ တာဖြစ်ပါတယ်။

အခုတကြိမ်မှာလည်း ရဲစခန်းဘက်က ဖမ်းဆီးဖို့အတွက် မဟုတ်ဘဲ အချက်အလက် တချို့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်တာဖြစ်တယ်လို့ အကြောင်းကြားပြီးမှ ဖမ်းဆီးခဲ့ တာဖြစ်တယ်လို့ ဦးခင်မောင်မြင့်က ဆက်ပြောပါတယ်။

" ဒီစခန်းကို လာခဲ့တုန်းက အဖမ်းခံရမယ်ဆိုတာ မပါဘူး။ ကျနော်တို့ကို မြို့နယ်မှူးကြီးနဲ့ စခန်းမှူးကြီးက အသိပေးတုန်းကတော့ ကျနော်တို့ ၃၀ရက်နေ့က ထွက်ထားတဲ့ ထွက်ဆိုချက်မှာ တချက်၊ နှစ်ချက် မေးစရာလေးတွေရှိလို့ဖမ်းဖို့အစီအစဉ်မရှိပါဘူးလို့ ကျနော်တို့ကိုပြောတယ်။ ဒါကြောင့်လည်း ကျနော်တို့က အဲ့တာလေးတွေ ဖြေဆိုဖို့ လိုက်လာတာ။ ဒီရောက်တော့မှပဲ အခြေအနေက အဲ့လိုပြောင်းသွားပြီးတော့ သူတို့ဖမ်းဆီးမိန့်ရပြီးပါပြီ ပြန်မလွှတ်တော့ဘူး ဖမ်းလိုက်ပါပြီဆိုတဲ့အတွက် အဲ့ဒီ့အပေါ်မှာ ဒါကျနော်တို့ တချက်ပြောတယ်။ နောက်တခုက ဒီနေ့က သောကြာနေ့ဖြစ်နေတယ်။ စနေ၊ တနင်္ဂနွေမှာ တရားရုံးတွေ မဖွင့်တဲ့အတွက် ရဲကလည်း ၂၄နာရီထက်ပိုပြီး ချုပ်နှောင်ခွင့် မရှိတဲ့အတွက် အဲ့တာလေးတော့ ညှိနှိုင်းနေပါတယ်။"

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗဟန်းမြို့နယ်ရဲစခန်းကို တယ်လီဖုန်း နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေ မယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အခုလို သတင်းမီဒီယာတွေ နဲ့ သတင်းသမားတွေကို တရားစွဲဆိုလိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကို ထိခိုက်တယ်လို့ မြန်မာ သတင်းဂျာနယ်လစ် ကွန်ယက်က အမှုဆောင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်က ဝေဖန်လိုက်ပါတယ်။

"သတင်းလွတ်လပ်ခွင့်က မြန်မာနိုင်ငံမှာ အထိန်းအချုပ်တွေ ရှိနေဆဲပဲပေါ့နော်။ နောက်တချက်က ၆၆ ဃနဲ့ တပ်မတော်ရဲ့အထိမခံတဲ့သဘောထားပေါ့။ မီဒီယာနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာလည်း အထိမခံတဲ့သဘောထား အဲ့ဒီ့ဟာကိုက အခြေအနေတွေက တိုးတက်မှုတွေ မရှိသေးဘူး။ အဲ့တာကို ပြတာပဲပေါ့နော် တကယ်တမ်းကျတော့ တပ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ မီဒီယာတွေက နောက်ဆို ပိုပြီးတော့ အကြောက်တရားလွှမ်းမိုးနေပြီးတော့ ကိုယ့်ဘာသာကိုယ် ဆင်ဆာဖြတ်တောက်တဲ့ ဟာတွေ ရှေ့မှာဖြစ်လာမှာ သေချာသလောက်ပေါ့ ဆိုတော့ အဲ့တာ သတင်းလွတ်လပ်ခွင့်ကို သွားပြီး ထိခိုက်တယ်ပေါ့ ဒီဟာကတော့ အားလုံးအတွက် မကောင်းတဲ့ဟာပါ လူတယောက် မိသားစုတစု၊လူနှစ်ယောက် မိသားစုနှစ်စု ကိစ္စမဟုတ်ဘူး။ သတင်းလွတ်လပ်ခွင့် အားလုံးအတွက်ကိစ္စ နောက် တပ်ကလည်း သူ့ရဲ့ဂုဏ်သတင်းအတွက် သူ့ရဲ့ပုံရိပ်ထိခိုက်တာတော့ အသေအချာပဲ။"

ဒါ့အပြင် လက်ရှိ NLD အစိုးရအနေနဲ့လည်း လက်ရှိရှိနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံးပြင်ဆင်သင့်တယ်လို့လည်း ဦးမြင့်ကျော်က ထောက်ပြလိုက်ပါတယ်။

" အစိုးရကလည်း ဒီ ၆၆ဃကို ဒီလိုမျိုး တန်းအဖမ်းခံရတဲ့ကိစ္စမျိုးတွေ မဖြစ်အောင် လုပ်ဆောင်လို့ရတဲ့ကိစ္စတွေကို အမြန်ဆုံးလုပ်ဆောင်ပေးသင့်တယ်။ နောက်တခုကတော့ တပ် ကလည်း မီဒီယာရဲ့ရေးသားမှုတွေမှာ ဒါဟာမျိုး သီးမခံတာပေါ့နော် သီးမခံတဲ့ သဘောထားမျိုးတွေကို ပြောင်းလဲသင့်တယ်လို့ ကျနော်ထင်တယ်။ ၆၆ ဃက နိုင်ငံသားအားလုံး နဲ့လည်းဆိုင်တယ်။ မီဒီယာနဲ့လည်း ပတ်သက်နေတယ်။ အဲ့တာကြောင့် ၆၆ ဃကို အစိုးရက အမြန်ဆုံး ဒါကို မသုံးဖို့အတွက် ဒီဟာကို ပြင်ဆင်ဖို့အတွက် အမြန်ဆုံးလုပ်ဖို့ ကျနော်တို့ကတော့ အလေးအနက် တိုက်တွန်းချင်တယ်။ အဲ့တာနဲ့ပတ်သက်လို့ ကျနော်တို့ Advocacy ကမ်ပိမ်းတွေ လုပ်ဖို့အတွက်လည်း ရည်ရွယ်ထားတာတွေရှိတယ်။ ဒါပေမဲ့ အစိုးရက အစိုးရလုပ်ပိုင်ခွင့်ရှိတဲ့ဟာကို မြန်မြန်ဆန်ဆန်လုပ်ပေးဖို့ ကျနော်ကတော့ လေးလေးနက်နက် တိုက်တွန်းချင်ပါတယ်။"

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ဝေတဲ့ The Voice သတင်းစာမှာ တပ်မတော်ကရိုက်ကူးတဲ့ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ဆိုပြီး သရော်စာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ တပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ဧပြီလ ၂၅ ရက်နေ့က တိုင်ကြားခဲ့ပြီး မေလ ၁၇ ရက်နေ့က ပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့်လိုက် တရားစွဲဆိုခဲ့တာဖြစ်ပါတယ် ။

The Voice အယ်ဒီတာချုပ် အဖမ်းခံရ
please wait

No media source currently available

0:00 0:04:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG