သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးဖို့ကြိုးစားမှုတွေကြားက TNLA နဲ့ တပ်မတော်အကြား တိုက်ပွဲတွေရှိဆဲ


TNLA တပ်ဖွဲ့ဝင်များ သတင်းဓာတ်ပုံ-PSLF -TNLA News & Information Department
TNLA တပ်ဖွဲ့ဝင်များ သတင်းဓာတ်ပုံ-PSLF -TNLA News & Information Department

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ သီပေါမြို့နယ်တွေမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေပြီး၊ သောကြာနေ့တုန်းက တအာင်းပလောင် TNLA တပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ UWSA ဝတပ်ဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ်(၇)ဖွဲ့ကြား တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့တာ ပျက်သွားပြီးတဲ့နောက် ခုလို တိုက်ပွဲတွေ ပိုစိတ်လာတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဇူလိုင်လ ၂၁ ရက် သောကြာနေ့ မွန်းလွဲပိုင်းတုန်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ် တပ်မ(၈၈)နဲ့ TNLA တပ်ရင်း (၁၁၂)တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ သီပေါမြို့နယ်မှာတော့ ခွန်လန်ကျေးရွာနားမှာလည်း ညနေ ၄ နာရီကျော်လောက်မှာ မြန်မာ့တပ်မတော် က ရဟတ်ယာဉ်နဲ့ လာရောက် ဗုံးကြဲ သွားတယ်လို့ TNLA တပ်ဖွဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး တာပန်လက VOA ကိုပြောပါတယ်။

" တပ်မဟာ(၁) နယ်မြေ ကွတ်ခိုင်မြို့နယ် လုံကမ်ကျေးရွာနဲ့ ကျရမ်းကျေးရွာကြားမှာ ဖြစ်ပွားခဲ့တယ် ဖြစ်တာကတော့ ညနေပိုင်း ၃နာရီနဲ့ ၄နာရီ ဝန်းကျင်မှာ တကြိမ်ဖြစ်ပွားတယ်။ နောက်ပြီးတော့ တပ်မဟာ(၂) နယ်မြေ သီပေါမြို့နယ် အဲ့ဘက်မှာကျတော့ ဒီတိုက်ပွဲဖြစ်ပွားမှုတော့ မရှိဘလူး ဒါပေမဲ့ မြန်မာ့တပ်မတော်ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ခွန်လန်ကျေးရွာမှာ ဗုံးလာကြဲသွားတယ်လို့ ကျနော်တို့သိရှိရတယ်။ နမ့်ခန်းမြို့နယ် နမ့်ခမ်းပတ်ဝန်းကျင်မှာ ရှိတဲ့ မန်ပူကျေးရွာ မန်ဆတ်ကျေးရွာ နောင်ဆိပ်ကျေးရွာဘက်မှာတော့ မြန်မာ့တပ်မတော်ဘက်က ရွာတွေကို တအိမ်တက် တအိမ်ဆင်းလိုက်လံပြီးတော့ စစ်ဆေးမေးမြန်းနေတဲ့အတွက် ရွာသားတော်တော်များများလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရတယ်ခင်ဗျ။"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ်ကို VOA ကဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇွန်လကစလို့ မြန်မာ့တပ်မတော်ဘက်က တပ်မ(၈၈)၊ (၃၃)၊ (၁၁)တို့ကို တပ်အင်အား တိုးချထားပြီး၊ ဒေသခံ စခက(၁)နဲ့(၁၆) တပ်တွေကလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ တောတွင်းအခြေစိုက် စခန်းတွေအထိ ပိုက်စိတ်တိုက် ထိုးစစ်ဆင်လာတယ်လို့ TNLA တပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UWSA ဝတပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် (၇)ဖွဲ့ကြား တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့တာ ပျက်သွားခဲ့ပြီးနောက် ခုလို တိုက်ပွဲတွေ ပိုစိပ်လာတယ်လို့ ဗိုလ်မှူး တာပန်လက ကပြောပါတယ်။

" ကျနော်တို့ဘက်ကလည်း တိုက်ပွဲတွေ ဖြစ်ပွားမှုမရှိအောင် ကျနော်တို့ အတတ်နိုင်ဆုံး ထိန်းချုပ်ပါတယ်။ နိုင်ငံရေးဘက်မှာလည်း ၂၁ပင်လုံမှာလည်း ပါဝင်ပူးပေါင်းပြီးတော့ တိုက်ပွဲတွေ လျှော့ချနိုင်အောင် ကျနော်တို့ ကြိုးပမ်းနေတယ်။ ပြီးခဲ့တဲ့ ခြောက်လပိုင်း စောစောပိုင်းတုန်းမှာလည်းပဲ ကော်မရှင်ကနေပြီးတော့ တရုတ်နိုင်ငံခြားရေးဌာန ကနေတဆင့် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာတာမျိုး ရှိခဲ့တယ်။ သူတို့အနေနဲ့က တစ်ဖွဲ့ချင်း သို့မဟုတ် သုံးဖွဲ့ချင်း တွေ့ဆုံဖို့ သဘောထားရှိတယ်လို့ ပြောတဲ့အတွက် ကျနော်တို့ဘက်ကတော့ ကော်မတီရဲ့ မူဝါဒအရ ပူးပေါင်းပြီးတော့ တွေ့ဆုံသွားမယ်။ အဲ့လိုမျိုး ဖြစ်ပွားလာတဲ့နောက်ပိုင်းမှာတော့ တွေ့ဆုံနိုင်တဲ့အနေအထားမျိုး က မရှိတော့ဘူး အဲ့တာနဲ့ဆန့်ကျင်ဘက်ကတော့ တောထဲအထိ ရွာထဲအထိ လိုက်လံပြီးတော့ ကျနော်တို့ရဲ့ ယာယီစခန်းတွေအထိ လိုက်လံတိုက်ခိုက်တာမျိုးတွေ ပိုပြီးတော့ ပြင်းထန်လာတယ်။"

ဒီလို မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေပေမယ့်လည်း ဒီစစ်ရေးပဋိပက္ခကို စားပွဲဝိုင်းပေါ် ဖြေရှင်းနိုင်ဖို့အတွက် TNLA တပ်ဖွဲ့က လိုလားကြောင်း ဗိုလ်မှူးတာပန်လက ကပြောပါတယ်။

" အခုအချိန်အထိ ကျနော်တို့ဘက်က မြေပြင်ပေါ်မှာဖြစ်ပွားတဲ့တိုက်ပွဲတွေကို စားပွဲပေါ်မှာ နိုင်ငံရေးအရ တွေ့လည်းတွေ့ဆုံချင်တယ်။ ဆွေးလည်းဆွေးနွေးချင်တယ် မြေပြင်ပေါ်မှာဖြစ် ပွားနေတဲ့ဟာက နှစ်ဘက်စလုံးအတွက် အကျိုးကျေးဇူးမရှိဘူး။ မြန်မာ့တပ်မတော်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး တလုံးဟာ သိန်းပေါင်းများစွာကုန်တယ်။ အကျိုးကျေးဇူး မရှိဘူး။ မြန်မာ့တပ်မတော်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတလုံးဟာ သိန်းပေါင်းများစွာ ကုန်တယ် ကျနော်တို့ဒေသကို လက်နက်ကြီးနဲ့ပစ်ခတ်မယ့်အစား အဲ့တာနဲ့ တန်ဖိုးတူ တန်းတူညီမျှ တန်ဖိုးရှိတဲ့ ပိုက်ဆံနဲ့ ကျောင်းတွေ ဆေးရုံတွေ လူထုအကျိုးပြုတဲ့ တခုခု လုပ်နိုင်မယ်ဆိုရင် လူထုအတွက် အများကြီး အကျိုးရှိတယ် အဲ့တာကြောင့်မို့လို့ တိုက်ပွဲကို တတ်နိုင်သမျှ လျော့ကျအောင် ကျနော်တို့ဘက်က တွေ့ဆုံဆွေးနွေးချင်တယ် သဘောထားရှိတယ်။"


ပြီးခဲ့တဲ့ ဇူလိုင်(၁၉)ရက် ညပိုင်းတုန်းကလည်း ရှမ်းပြည်နယ် မန်တုံမြို့နယ်၊ နောခူးကျေးရွာမှာ TNLA တပ်ရင်း(၉၉၉)နဲ့ အစိုးရ တပ်မ (၈၈)တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီဇူလိုင်လထဲမှာ TNLA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG