သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ ရခိုင်ဆွေးနွေးပွဲ တုံ့ပြန်ချက်များ


 အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ ကုလသမဂ္ဂရုံးချုပ်က မြန်မာအရေး ဆွေးနွေးပွဲ (ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံကိုယ်စားလှယ်အဖွဲ့ Twitter စာမျက်နှာ)
အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ ကုလသမဂ္ဂရုံးချုပ်က မြန်မာအရေး ဆွေးနွေးပွဲ (ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံကိုယ်စားလှယ်အဖွဲ့ Twitter စာမျက်နှာ)

ရခိုင်ပဋိပက္ခတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ရေး ကိုဖီအာနန်အစီရင်ခံစာပါအတိုင်း အကြံပြုချက်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ နိုင်ငံတကာအနေနဲ့ နိုင်ငံရေး၊ သံတမန်ရေး ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံက အပြုသဘောဆောင်တဲ့ အကူညီတွေ ပေးပါလို့ ကိုဖီအာနန်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပဋိပက္ခတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ရေး ကိုဖီအာနန်အစီရင်ခံစာပါအတိုင်း အကြံပြုချက်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ နိုင်ငံတကာအနေနဲ့ နိုင်ငံရေး၊ သံတမန်ရေး ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံက အပြုသဘောဆောင်တဲ့ အကူညီတွေ ပေးပါလို့ ကိုဖီအာနန်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးက တောင်းဆိုလိုက်ပါတယ်။ မနေ့က နယူးယောက်မှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလွတ်သဘောအစည်းအဝေးမှာ ရခိုင်ပြည်နယ်အရေး ကိုဖီအာနန်အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေး အားပေးကူညီဖို့ နိုင်ငံတကာက ဆွေးနွေးမှုအပေါ် အခုလိုပြောဆိုလိုက်တာပါ။ ကုလလုံခြုံရေးကောင်စီရဲ့အစည်းအဝေးအပေါ် အမြင်သဘောထားတွေကိုတော့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ပြင်သစ်နိုင်ငံရဲ့ အစီအစဉ်နဲ့ မနေ့သောကြာနေ့တုန်းက အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ နောက် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဋ္ဌ Dr. Kofi Annanတို့ တွေ့ဆုံပြီး Arria-formula meeting အလွတ်သဘော ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။

ကုလလုံခြုံရေးကောင်စီ ဆွေးနွေးပွဲကနေ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ တင်းမာမှုပြဿနာ အဆုံးသတ်ရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာဘက်က ဘာလုပ်သင့်သလဲဆိုတဲ့အပေါ် အဓိကထားဆွေးနွေးခဲ့ကြပြီး အကြမ်းဖက်မှုတွေရပ်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ အပြည့်အဝပေးနိုင်ရေး နောက် ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေးတွေကိုလည်း တောင်းဆိုခဲ့တာပါ။ ဒုတိယရည်မှန်းချက်ကတော့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ဦးဆောင်တဲ့အဖွဲ့ရဲ့ တင်ပြထားတဲ့ အစီရင်ခံစာပါ အချက်တွေကို ထောက်ခံဖို့နဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေး အားပေးကူညီဖို့ဖြစ်ပါတယ်။

ဒီလိုနိုင်ငံတကာဘက်က ရခိုင်ပြည်နယ်အရေး ကိုဖီအာနန်အကြံပြုချက်တွေအတိုင်း အားပေးကူညီတဲ့နေရာမှာတော့ ဘက်ပေါင်းစုံက အပြုသဘောဆောင်တဲ့ အကူညီတွေ ပေးဖို့ အဓိကအရေးကြီးတယ်လို့ ကိုဖီအာနန်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ဦးအေးလွင်က တောင်းဆိုလိုက်ပါတယ်။

"ကျနော်တို့ကို ကူညီချင်တယ်ဆိုလို့ရှိရင် အပြုသဘောတော့ ဆောင်ဖို့ လိုတာပေါ့နော်။ အပြုသဘောဆောင်တယ်ဆိုတဲ့နေရာမှာ ကျနော်တို့ အကြံပြုထားတဲ့အထဲမှာက ငွေရေးကြေးရေး တခုတည်းတင်မဟုတ်ဘူး ကျနော်တို့ဟာ Moral Support လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ခံဖို့လိုတယ် နောက်ပြီးတော့ နိုင်ငံရေးမဟုတ်သည့်တိုင်အောင် သံတမန်ရေးအရလည်း နားလည်သဘောပေါက်ပြီးတော့ ကျနော်တို့ လုပ်နေတဲ့ကိစ္စရပ်များမှာ အဟန့်အတားမဖြစ်ရလေအောင်ပေါ့လေ၊ ဒေါင့်ပေါင်းစုံက အားပေးမှသာလျှင် ကျနော်တို့တွေကတော့ ဒီအတိုင်းပဲ အကောင်အထည်ဖော်မှာပဲ။

ကျနော်တို့အထဲမှာ ပြန်ပြတ်သားသား ရေးထားတာတွေရှိတယ်။ ဘာကြောင့်ဖြစ်ရတယ် ဘာတွေက မဖြစ်သင့်ဘူးလည်း။ ဘာတွေကဖြစ်သင့်တယ်။ ဒါတွေကို လက်ခံလို့ရှိရင် သူတို့ရဲ့ရပ်တည်ချက်က ဘာလဲဆိုတာ ကမ္ဘာက သိရမှာပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒါကို အကောင်အထည်ဖော်မယ့် လူတွေကိုလည်းပဲ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော၊ နိုင်ငံရေးအရရော၊ သံတမန်နည်းအရရော ကူညီပေးပါလို့ ကျနော် အဲဒါ ပြောချင်ပါတယ်။”

အခုလို ရခိုင်ပြည် မြောက်ပိုင်းအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကိုဖီအာနန် ရှင်းလင်းတင်ပြခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံအပေါ် ဖိအားပေးလိုတဲ့ နိုင်ငံတချို့ရဲ့ သဘောထားတွေတောင် ပျော့ပြောင်းသွားနိုင်တယ်လို့ အစည်းဝေးကို မြန်မာအစိုးရကိုယ်စားပြုတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားလိုက်ပါတယ်။

ဒီအပေါ် အစိုးရဘက်က ရှင်းလင်းနေတာထက်စာရင် ကိုဖီအာနန်လိုပုဂ္ဂိုလ်မျိုးက တင်ပြတာက ပိုပြီးတော့ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ရစေတယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက မြင်ပါတယ်။ -

“တကယ်တမ်း ပြောမယ်ဆိုရင်တော့ ဒီ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး အကြံပေးပုဂ္ဂိုလ်တို့ ရှင်းလင်းတာထက် နိုင်ငံတကာရဲ့ ယုံကြည်မှုကိုတော့ ပိုပြီးတော့ ရမှာတော့ သေချာတယ်လို့ ကျနော်ကတော့ အဲဒီလို မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်းပဲ သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောထားတာ ရှိတယ်။ ဒီပြဿနာဟာ ရေရှည်ချဉ်းကပ်ပြီး အဖြေရှာရမယ့်၊ အားလုံးစုပေါင်းပြီးတော့ အဖြေရှာရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ကျနော်က မြင်တယ်။ မစ္စတာ ကိုဖီအာနန်လည်းပဲ တိုက်တွန်းထားတဲ့အတိုင်း ကျနော်တို့ အစိုးရရယ်၊ တပ်မတော်ရယ်၊ နောက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရယ်၊ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရခိုင်ပြည်သူလူထု အများစုရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီရယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေရယ်ပေါ့၊ အားလုံးဝိုင်းပြီးတော့ ဖြေရှင်းရမယ့် အနေအထားမျိုးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ”

လူမျိုးရေး-ဘာသာရေးအသွင်ဆောင်တင်းမာမှုတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ နယ်မြေမတည်ငြိမ်မှုတွေနဲ့ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေအပေါ် ကုလအပါအဝင် နိုင်ငံတကာရဲ့ကူညီမှုတွေနဲ့အတူ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကသာ ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းမှုရနိုင်မယ်လို့လည်း ရခိုင်ပြည်နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက အကြံပြုပါတယ်။

“အောက်ခြေမှာ တွေ့ကြုံနေရတဲ့ အခြေအနေကို ရခိုင်ပြည်ကို ကိုယ်စားပြုပြီးတော့ ပြောကြားနေတဲ့ ပုဂ္ဂိုလ်တွေ၊ ရခိုင်အမျိုးသားတွေကို ကိုယ်စားပြုပြီးတော့ ပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ဥပမာ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိမယ်၊ ပါတီတွေ ရှိမယ်၊ မြို့မိမြို့ဖ၊ အဲဒီလိုနဲ့မှ နှီုးနှောပြီးတော့ ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲ၊ ဒီဖက်က ဘယ်လိုမျိုး စိုးရိမ်ကြောင့်ကြ ပူပန်မှု ရှိသလဲ။ ဟိုဖက်က ဘယ်လိုများ လိုအပ်ချက်ရှိသလဲ။ အဲဒါတွေကို မြေပြင်မှာ ကွင်းဆင်းပြီးတော့ တကယ်တမ်း လုပ်သင့်တယ်။ အဲဒါကြောင့် အဓိကကတော့ ကျနော်တို့ ပြောချင်တာက ဒီပြဿနာက လူမျိုးရေး၊ ဘာသာရေးနဲ့ မဆိုင်တဲ့ ပြဿနာ ဖြစ်နေတယ်။ အဖက်ဖက်က တွေးပြီးတော့ လုပ်ဆောင်မှသာလျှင် အဆင်ပြေလိမ့်မယ်။ နိုင်ငံတကာ ဖိအားပေးနေရုံလောက်နဲ့တော့ မြေပြင်မှာ အခြေအနေတွေနဲ့ ကွဲလွဲနေမယ်ဆိုရင် အဲဒါ ပြဿနာတွေကို ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်လို့ ကျနော်တို့ဖက်က မြင်ပါတယ်။”

သြဂုတ်အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ စပြီး နယ်မြေရှင်းလင်းရေးတွေကြောင့် အသက်ဘေးစိုးရိမ်နေကြရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ အိမ်နီးချင်း Bangladesh နိုင်ငံဖက် ထွက်ပြေးခဲ့ကြရတဲ့ ဘေးဒုက္ခ ပဿနာကြီး အဆုံးသတ်နိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနိုင်ဖို့ ဒီပြသနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုပြီး ကုလလုံခြုံရေးကောင်စီမှာဆွေးနွေးပြီး ဝိုင်းဝန်းအဖြေရှာခဲ့ကြတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG