သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ လုံခြုံရေးကောင်စီအရေးယူရေး တောင်းဆိုမှု အသွင်ကူးပြောင်းရေး ထိခိုက်နိုင်ဟု မြန်မာအစိုးရ တုန့်ပြန်


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပရာ ဆွေးနွေးပွဲခန်းမ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပရာ ဆွေးနွေးပွဲခန်းမ။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အကျပ်အတည်းအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ တောင်းဆိုမှုတွေနဲ့ အရေးယူမှုတွေဟာ ရခိုင်ပြဿနာကိုဖြေရှင်းရာမရောက်ဘဲ မြန်မာ့အသွင်ကူးပြောင်းရေးနဲ့ မြန်မာပြည်သူတွေအပေါ် သာ အခက်အခဲ တွေပိုကြုံစေရတယ်လို့ မြန်မာဘက်က တုံပြန်လိုက်ပါတယ်။ အလုပ်နဲ့သာ သက်သေပြဖို့ပြင်ဆင်နေတဲ့ မြန်မာ့အစိုးရ လုပ်ဆောင်ချက်တွေကို အချိန်ယူစောင့်ကြည့်ဖို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ တွေက နိုင်ငံတကာကို တိုက်တွန်းလိုက်ပြီး အရေးယူမှုတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေရှိလာနိုင်တယ်လို့ ထောက်ပြတာတွေရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းကမေခပေးပို့ထားတာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကပြင်းထန်တဲ့အရေးယူ မှုတွေ လုပ်သင့်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ ကမနေ့ကတောင်းဆိုထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ ရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လက်ခံဖို့အတွက်လည်း ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ အရင်ရပ်တည်ချက် အတိုင်း ပြောင်းလဲမှာမဟုတ်ဘူးလို့သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးကပြောပါ တယ်။

မီဒီယာထိုးဖောက်နိုင်မှု အားနည်းမှုတွေကြောင့် ရခိုင်ပဋိပက္ခမှာ တကယ့်ခံစားရတဲ့ အသတ်ခံ တိုင်းရင်းသား တွေ အသံပျောက်ပြီး တကမ္ဘာလုံးကစွပ်စွဲပြောဆိုခံနေရတယ်လို့ လည်းဦးဇော်ဌေးကပြောပါတယ်။ လက်ရှိအချိန်မှာ စွပ်စွဲမှုတွေကို ထိုးဖောက်ဖြေရှင်းနိုင်အောင် အလုပ်နဲ့သာ သက်သေပြဖို့ အစိုးရဘက်က ပြင်ဆင်နေ တယ်လို့ပြောဆိုလိုက်ပါတယ်။

"ထွက်ပြေးသွားတယ်ဆိုတဲ့သူတွေ ပြန်လည်လက်ခံရေးပေါ့ မြန်မာနိုင်ငံက ပြန်လည်လက်ခံဖို့ အမြဲတမ်း အသင့်ပေါ့နော် ကျနော်တို့ ပြောထားပြီးသားဖြစ်တယ် ပြန်လည်လက်ခံမယ့် စည်းမျဉ်းစည်းကမ်းတွေ သဘောတူညီချက်တွေ ကျနေ်ာတို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆောင်ရွက်နေတာဖြစ်တယ် အဲ့ဒီ့ပြန်လည်လက်ခံတဲ့အခါမှာလည်း ကျနော်တို့က ပြန်လည်နေရာချထားရေး Resettlement ကိုလည်း အလေးထားပြီးဆောင်ရွက်တယ် သူတို့ကို ပြန်လည်လက်ခံပြီး ကမ့်တွေထဲမှာ ထားမယ့်သဘောမျိုး မဟုတ်ဘူး သူတို့နေခဲ့တဲ့မူလနေရာတွေနဲ့ အနီးဆုံးနေရာတွေမှာ ပြန်လည်နေရာချထားဖို့ဆိုပြီး စီစဉ်ဆောင်ရွက်နေတယ် အဲ့တာကိုလည်း ပြန်လည်ညှိနှိုင်းပြီးတော့ ပြန်လည်နေရာချထားရေးနဲ့ပတ်သက်ပြီးတော့ Township Plan ဆိုပြီး ဒါတွေကို ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတယ်။

အစိုးရရဲ့ဦးတည်ကြိုးပမ်းနေ တာက ဘာလဲဆိုတော့ မီဒီယာတွေမှာ စွပ်စွဲပြောကြားနေတာတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒီဘက်မှာ လက်တွေ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရအောင် ဦးတည်ကြိုးပမ်းနေတယ်။ နိုင်ငံတော်အစိုးရသည် ကျနော်တို့ ပြောထားတဲ့ ဂတိဂဝတ်တွေ အတိုင်းပေါ့ လုပ်ဆောင်မယ်ဆိုတဲ့ဟာတွေကို ဒီအချိန်တိုတိုအတွင်းမှာ သိသိသာသာ ထင်ထင်ရှားရှား တိုးတက်မှုတွေရလာအောင် ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တယ်။"

ကိုဖီအာနန်ဦးဆောင် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ထဲပါဝင်တဲ့ ဦးအေးလွင်က နိုင်ငံတကာကို နိုင်ငံတော် အတိုင်ပင်ခံကလေ့လာဖို့ ခွင့်ပြုပေးထားသလိုပူးပေါင်း ဆောင်ရွက်ဖို့လည်းဖိတ်ခေါ်ထားတာမို့ နိုင်ငံတကာဘက်က အပြုသဘောဆောင် ချဉ်းကပ်မှုလုပ်ဆောင်ဖို့လိုတယ် လို့ ပြောပါတယ်။ မြန်မာ့အစိုးရလုပ်ဆောင်ချက်တွေကို အချိန်ယူစောင့်ကြည့်ဖို့လိုတယ်လို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။

" သို့သော် ကျနော်မြင်နေတာကတော့ ပြင်ဆင်နေတယ် Preparations တွေ လုပ်နေတယ်။ အဖွဲ့အစည်းတွေ ဖွဲ့နေတယ် လုပ်သင့်တာတွေ သူတို့လုပ်နေတယ် လို့တော့ထင်တယ် သို့သော် အကောင်အထည်ဖော်တဲ့အဆင့်အထိမှာတော့ သူတို့မှာ အချိန်လိုပါဦးမယ် ဒီလောက်တိုတောင်းတဲ့ကာလအတွင်းမှာ ကျနော်တို့ အဖြေတခု ဘယ်လိုလုပ်ပေးနိုင်ဦးမှာလဲ။"

ရခိုင်ပြည်နယ်အကျပ်အတည်းအရေး ကို အခြေခံပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြင်းထန်တဲ့ အထိကြိုးစား လာကြတာက ရခိုင်ပြဿနာကို ပြေလည်မှုမပေးနိုင်ဘဲ ပြည်သူတွေသာပိုအထိ နာစေတယ်လို့ အစိုးရဘက်က တော့ မှတ်ချက်ပေးပါတယ်။

" မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက် စိန်ခေါ်မှုတွေက ရခိုင်ပြည်နယ် ပြသနာ တခုတည်းတင် မဟုတ်ဘူး။ ဒီဟာသည် ကျနော်တို့နိုင်ငံနဲ့ပြည်သူတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုထဲက တခုသာဖြစ်တယ် ဒီထက်ကြီးမားတဲ့ဟာတွေ အများကြီးရှိတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေး နောက် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတဲ့ ကြီးမားတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အချိန်မှာ အထောက်အကူမပြုတဲ့အပြင်ပေါ့နော် ကျနော်တို့ကို အခက်အခဲတွေ ပိုပြီးတော့ ဖြစ်ပေါ်စေတာက ခုနကပြောသလို နိုင်ငံတကာ အရေးယူဆောင်ရွက်မှု ဆောင်ရွက်မယ်ဆိုတဲ့အနေအထားကို ကြုံတွေ့လာရတာဖြစ်တယ်။

ဆောင်ရွက်ချက်တွေက အဓိက ဘယ်ကိုသွားပြီး သက်ရောက်စေသလဲ ဆိုတော့ ကျနော်တို့နိုင်ငံမှာ ရှိတဲ့ပြည်သူအားလုံး တနိုင်ငံလုံးမှာရှိတဲ့ပြည်သူအားလုံး အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်ထွန်းစေပါတယ်။ ဒီလိုမျိုး နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ကျနော်တို့ရဲ့ ပြည်သူတွေနဲ့ ကျနော်တို့ နိုင်ငံသွားနေတဲ့ အခြေအနေတွေကို အပြုသဘော အကျိုးသက်ရောက်မှု မရှိတဲ့အပြင် ကျနော်တို့ ဒီဘက်မှာ ဆိုးကျိုးတွေ ဆက်တိုက် ဆက်တိုက်ဖြစ်ပေါ်လာစေနိုင်မယ်လို့ ကျနော်တို့ကတော့ သုံးသပ်ပါတယ်။"

ရခိုင်ပြည်နယ်သတင်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ သတင်းစာဆရာ ဦးစည်သုူအောင်မြင့်ကလည်း အရေးယူမှုတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေရှိလာနိုင်တယ်လို့ ထောက်ပြလိုက်ပါတယ်။

" ရခိုင်ပြည်နယ်မြောက်ပိုင်းကကိစ္စကိုပဲအရင်ကြည့်မယ်ဆိုရင် ဒီလိုဖိအားတွေ လာမယ်ဆိုရင် ပြောင်းပြန်အကျိုးသက်ရောက်မှုတွေဖြစ်ပြီးတော့မှ မလိုလားအပ်တဲ့ ဟာတွေပါ ဖြစ်လာနိုင်တယ် နိုင်ငံတကာက လိုလားနေသလိုမျိုး လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်နေတဲ့ ဟာတွေကိုပါ သွားပြီးတော့ ထိခိုက်နိုင်တယ် အဲ့တာ မြန်မာနိုင်ငံက လက်ရှိသွားနေတဲ့အသွင်ကူးပြောင်းရေးပေါ့ အဲ့ဒီ့မှာပါ လာပြီးတော့ ထိခိုက်နိုင်တဲ့အနေအထားတွေရှိတယ် ဒါကြောင့်မို့လို့ အဲ့သလိုမျိုး ဒဏ်ခတ်အရေးယူပိတ်ဆို့တာတွေဘာတွေကတော့ မလုပ်သင့်ဘူးထင်တာပဲလေ။"

မြန်မာအစိုးရ အနေနဲ့တော့ ကုလလုံခြုံရေး ကောင်စီမှာ အရေးယူဆုံးဖြတ်ချက် မကျရေး ကြိုးပမ်းနေပါတယ်။ တချိန်ထဲမှာဘဲ လုံခြုံရေးကောင်စီမှာ ဗီဒိုအာဏာသုံးနိုင်တဲ့ တရုတ်နိုင်ငံဘက်ကလည်း ဘင်္ဂလားဒေရှ့်ဘက် ရောက်နေတဲ့ ဒုက္ခ္ခသည်အရေးနဲ့ပတ်သတ်လို့ ဘင်္ဂလားဒေရှ့် အစိုးရနဲ့ဆွေးနွေးမှုတွေရှိနေပါတယ်။

XS
SM
MD
LG