သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံ ရလဒ် လွှတ်တော်အတည်ပြုချက် ရဖို့ ပြင်ဆင်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ အပစ်ရပ်လက်မှတ်ရေးထိုးနေကြစဉ် (အောက်တိုဘာ ၁၅-၂၀၁၅)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ အပစ်ရပ်လက်မှတ်ရေးထိုးနေကြစဉ် (အောက်တိုဘာ ၁၅-၂၀၁၅)

ပြီးခဲ့တဲ့ ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက သဘောတူထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်းတွေကို လွှတ်တော်တင်ဖို့ ပြင်ဆင်နေကြပြီလို့ အပစ်ရပ်ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်တဦးကပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လာမယ့် ဒီဇင်ဘာလထဲ ကျင်းပနိုင်ခြေရှိတဲ့ တတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံမတိုင်ခင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်တွေ ညှိနှိုင်းဆွေးနွေးနေကြပါတယ်။မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်ဆုံးအခြေအနေတွေကိုတော့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

လာမယ့် ဒီဇင်ဘာလထဲ ကျင်းပနိုင်ခြေရှိတဲ့ တတိယအကြိမ် ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့" အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ "တွေ ညီလာခံမတိုင်ခင် ကျင်းပနိုင်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ -UPDJC အတွင်းရေးမှူး အဖွဲ့ဝင်တွေ ဆွေးနွေးနေကြတာဖြစ်ပါတယ်။ နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာန ( NRPC ) မှာ အောက်တိုဘာလ ၂၈ရက်နေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးက အဓိက ဆွေးနွေးခဲ့တာတွေကို UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ် အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်တဲ့ PNLO ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလိုပြောပြပါတယ်။

“အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက် - ၂ ရက်မှာ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး အစည်းအဝေးကို ကျင်းပပြုလုပ်မှာပါ။ အဲဒီအတွက်ကို ကျနော်တို့အတွင်းရေးမှူးအဖွဲ့အစည်းအဝေးကို ကျင်းပတာ ဖြစ်ပါတယ်။ အဓိကအချက်အနေနဲ့ကတော့ ကျနော်တို့ ကျင်းပဖို့ ကျန်နေသေးတဲ့ NCA ကို လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးတဲ့ ရှမ်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ရခိုင် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ကျင်းပနိုင်ရေးအတွက်ကိုလည်းပဲ သဘောထားတွေ ညှိုနှိုင်းကြတာ ပါပါတယ်။ နောက်တစ်ခုကတော့ အခု ပြီးခဲ့တဲ့ ဒုတိယပင်လုံအစည်းအဝေးမှာ ပြည်ထောင်စု သဘောတူညီချက် ၃၇ ချက် ရခဲ့တယ်။ အဲဒီ ၃၇ ချက်ကို ဆက်လက်ပြီးတော့ လွှွှတ်တော်မှာ အတည်ပြုနိုင်ရေးအတွက်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ကျနော်တို့သွားကြမလဲ။ အဲဒါတွေကိုလည်း ကျနော်တို့က ဆွေးနွေးကြတာ ဖြစ်ပါတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ သဘောတူထားတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွေကို လွှတ်တော်တင်နိုင်ဖို့ ဘယ်လိုအတည်ပြုချက်ရယူကြမလဲဆိုတာတွေကိုလည်း ပြင်ဆင်ဆွေးနွေးနေကြတယ်လို့ ဦးခွန်မြင့်ထွန်းက လွှတ်တော်တင်နိုင်ရေး ဆောင်ရွက်နေတာတွေကိုပြောပြပါတယ်။

“ယေဘုယျအားဖြင့်တော့ ကျနော်တို့ NCA ကို လွှတ်တော်မှာတင်သွင်းပြီးတော့မှာ အတည်ပြုချက်ရယူခဲ့ပါတယ်။ အဲဒီလိုပဲ ကျနော်တို့က လွှတ်တော်ကို တင်သွင်းပြီးတော့ အတည်ပြုချက် ရယူဖို့ကတော့ နှစ်ဖက်စလုံးမှာ သဘောထားက ရှိထားပြီးသား ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီလို လွှတ်တော်ကို တင်သွင်းပြီးတော့ အတည်ပြုချက် ရယူတဲ့ကိစ္စမှာ ၃၇ ချက်မှာ ပါတဲ့ အချက်တွေကတော့ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့၊ ကျန်နေသေးတဲ့ လူမျိုးတွေရဲ့ အခြေခံသဘောထားတွေလည်း ဒါပါဝင်ဖို့ လိုသေးတယ်ဆိုတဲ့ အယူအဆအပေါ်မှာ လွှတ်တော်မှာ ဆက်ပြီးတော့ အတည်ပြုနိုင်ရေးကိစ္စကိုတော့ ကျနော်တို့ကြားမှာ ဆက်လက်ပြီးတော့ ညှိုနှိုင်းဖို့ လာမယ့် ၃၀ ရက်နေ့ UPDJC အစည်းအဝေးကျမှ အပြေအလည်ညှိုနှိုင်းရဖို့ အဲဒီလိုသဘောထားပဲ ချမှတ်ထားပါတယ်။”

ဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ မနက်ဖြန် အောက်တိုဘာလ ၃၀နဲ့ အောက်တိုဘာလ ၃၁ရက်နေ့ နှစ်ရက်ဆက်တိုက်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီရဲ့ အစည်းအဝေးတွေမှာလည်းတတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကျင်းပရေး အဓိကထား ဆက်ဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။

“တတိယပင်လုံအစည်းအဝေးအပါအဝင် ဆက်လက်ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်အတွက် ကျနော် ပြင်ဆင်ရမှာတွေရှိတယ်။ ဒီ ဒီဇင်ဘာမှာကတော့ ကျနော်တို့ ကျင်းပသင့်တဲ့ ရက် ဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီ ဒီဇင်ဘာမှာ ကျင်းပနိုင်ဖို့ကတော့ တော်တော်လေးတော့ ကျနော်တို့ ကြိုးစားရမှာပေါ့။ အဲဒီလိုတော့ ကျနော်တို့ မြင်ပါတယ်။ နောက်တစ်ခုကတော့ အစိုးရနဲ့ တပ်မတော်ဖက်ကော ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဖက်ကရော တူညီတဲ့ သဘောထားကတော့ ဒုတိယပင်လုံအစည်းအဝေးမှာတုန်းကတော့ ကျနော်တို့ အချိန်လုပြီးတော့ လုပ်ခဲ့ရတာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အကြေအလည်ဖြစ်မှုတွေမှာတော့ အနည်းနဲ့အများ အားနည်းချက်တွေ ရှိခဲ့တယ်။ ဒါကြောင့် လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာတော့ ကျနော်တို့က အချိန်ယူမယ်။ အကြေအလည်ဖြစ်မှုကို အဓိကထားမယ်ပေါ့လေ။ ဒီသဘောထားတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီဇင်ဘာမှာ ကျင်းပနိုင်ရေးကတော့ သတ်မှတ်ရက်မှာတော့ ကျနော်တို့ ကျင်းပနိုင်ဖို့တော့ ကြိုးစားကြရမှာတော့ဖြစ်တယ်။ သို့သော်လည်းပဲ အဲဒီ သတ်မှတ်ရက်အတောအတွင်း မဖြစ်ရင်လည်းပဲ အပြေအလည်ဖြစ်မှုနဲ့ အချိန်ယူပြီး ဆောင်ရွက်မှုကိုတော့ ဒါ သဘောထားရှိပါတယ်။”

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် " NCA ကပြဋ္ဌာန်းတဲ့ " လူမျိုးအလိုက် " " အကြောင်းအရာအလိုက် " " ဒေသအလိုက် " ကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ တတိယအကြိမ်ညီလာခံမတိုင်ခင် အကုန်ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ကျင်းပခွင့်ရရေး ကြုံနေရတဲ့စိန်ခေါ်မှုအခက်အခဲတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဦးခွန်မြင့်ထွန်းကပြောပြပါတယ်။

“ကျနော်တို့ကတော့ ဒီအစိုးရဖက်နဲ့ တပ်မတော်နဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တူညီတဲ့သဘောထားကတော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပြည်သူလူထုက ပိုင်ဆိုင်တယ်ဆိုတာကိုတော့ နှစ်ဖက်စလုံးရဲ့သဘောထားအမြင် တူပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် ပါလာနိုင်ဖို့၊ အဲဒီအတွက်ကို မိမိတို့ လူမျိုးတွေရှိရာ ဒေသတွေမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ချင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်တော့ အစိုးရဖက်ပေါ့လေ၊ တပ်မတော်ဖက်လိုကတော့ ပြည်သူလူထုတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာရေးမှာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်ဆိုတာ ရှိခဲ့ပြီပေါ့လေ။ အရပ်သားအစိုးရဆိုတာ ရှိထားပြီ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျယ်ကျယ်ပြန့်ပြန့် ဒီလောက်အထိလည်း မလိုအပ်ဘူးဆိုတဲ့ အမြင်မျိုးပေါ့။ အဲဒီအမြင်မှာတော့ ကျနော်တို့ ဒါတွေမှာ မတူတာတွေကတော့ ရှိပါတယ်။ ဒီအပေါ်မှာတော့ ကျနော်တို့ ဆက်လက်ပြီးတော့ ညှိုနှိုင်းသွားနိုင်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။”

UPDJC ဥက္ကဋ္ဌ လည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အဆိုပြုခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒီနှစ်မကုန်ခင် ကျင်းပနိုင်ရေး အပါအဝင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေ လုပ်ငန်းလမ်းညွှန်များ ပြန်လည် သုံးသပ်ပြင်ဆင် ရေးဆွဲခြင်းကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးမှာ ဆွေးနွေးမည့်အကြောင်းအရာတွေကို သတ်မှတ်ခြင်းကိစ္စတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဦးဆောင်နေသူတွေက အဓိက ဆွေးနွေးနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG