သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလလုံခြုံရေးကောင်စီမှာ တရုတ် ပန်ကြားချက်အပေါ် အမြင်သဘောထားများ


ရိုဟင်ဂျာဒုက္ခသည်များ (ဧပြီ ၂၀၁၄)
ရိုဟင်ဂျာဒုက္ခသည်များ (ဧပြီ ၂၀၁၄)

မြန်မာပြည်က ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးကရော နိုင်ငံတကာကပါ စိတ်ရှည်သည်းခံကြဖို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအဖွဲ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပန်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အထောက်အကူတွေ ပေးပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

အခုလို ရခိုင်အရေး ကုလအပါအဝင် နိုင်ငံတကာရဲ့ဝေဖန်မှုတွေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန် တရုတ်အစိုးရရဲ့ ရပ်တည်ချက်သဘောထားအပေါ် အမြင်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးကရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ စိတ်ရှည် သည်းခံကြဖို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအဖွဲ့ယာယီအကြီးအကဲ Wu Haitao ကကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပန်ကြားလိုက်ပါတယ်။ မြန်မာအစိုးရပိုင်း ကြိုးပမ်းမှုတွေရဲ့ ရလဒ်အဖြစ် ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာလည်း တည်ငြိမ်တဲ့ဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ ပြောဆိုခဲ့တာပါ။

အခုလို ရခိုင်အရေးကြောင့် ကုလအပါအဝင် နိုင်ငံတကာရဲ့ဝေဖန်မှုတွေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန် တရုတ်အစိုးရဘက်က အရင်ကလို ကာကွယ်တုန့်ပြန်ပြောဆိုတာမျိုး မဟုတ်ပဲ ကြားဝင်ပြီး မြန်မာအစိုးရအတွက် မေတ္တာရပ်ခံပန်ကြားတဲ့သဘောမျိုး သံတမန်ရေးအခင်းအကျင်း ပုံစံပြောင်းလဲလာတာကို မြင်တွေ့ရတယ်လို့ တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေး လေ့လာအကဲခတ်သူ ဒေါက်တာလှကျော်ဇောက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“တရုတ်ရဲ့ သံခင်း တမန်ခင်း ဆက်ဆံရေးတွေက တော်တော်ပြောင်းလာပြီ။ အထူးသဖြင့် ၁၉ ကြိမ်မြောက် ကွန်မြူနစ်ကွန်ဂရက်အပြီးမှာ သူတို့က ပျော့ပြောင်းစွာ သူတို့ရဲ့ hardware အမာခံဖြစ်တဲ့ စစ်တပ်ကို တကယ့်ကို ခိုင်ခိုင်မာမာ ကောင်းမွန်အောင် တည်ဆောက်ထားပေမယ့် သူတို့ သုံးတဲ့အခါမှာ သူတို့က ပါဝါ အပျော့ကိုပဲ သုံးပါတယ်။ အဲဒီ ပါဝါအပျော့ကိုပဲ သုံးသင့်တယ်ဆိုပြီး ပြောဆိုထားတာတွေ။ အဲဒါ သူတို့ရဲ့ သံခင်း တမန်ခင်း အသစ်လို့ပဲ ကျမတို့ သဘောထားတယ်။ တရုတ်က အခုမှ ဗမာပြည်ဖက်က ရပ်တည်ပြီး ပြောတာ မဟုတ်ဘူး။ နဝဖတို့ နဝတတို့ ကာလတုန်းကလည်း ဒီလိုပဲ ဗမာပြည်ဖက်က ရပ်တည်ပြီး ပြောဆိုတယ်။ သူတို့ရဲ့ အဓိက မူကတော့ ဒါ ပြည်တွင်းရေးမှာ ဘာမှ ဝင်ရောက်ပြီး စွက်ဖက် ပြောစရာမလိုဘူးလို့ တွက်ပုံရတယ်။ ဒါပေမယ့် ခုန တစ်ချက်ကတော့ ဒီတစ်ခေါက်မှာ အဲဒီလောက် ပြင်းပြင်းထန်ထန် မပြောဘဲနဲ့ ပျော့ပျော့ပြောင်းပြောင်း ပြောတာသာ ဖြစ်ပါတယ်။ ကျမကြည့်တာတော့ သူတို့ အခြေခံမူ မပြောင်းဘူး။ နည်းနာအရသာ ပျော့ပြောင်းစွာ ပြောဆိုတာလို့ ကျမ သဘောထားပါတယ်။”

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကတော့ အခုလို တရုတ်အစိုးရမြန်မာနိုင်ငံအပေါ် ရပ်တည် ကာကွယ်နေတာတွေဟာ မြန်မာအပေါ် သြဇာလွှမ်းမိုးမှုတွေ ပိုရှိလာနိုင်တဲ့အတွက် ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်နဲ့ အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် အပြုသဘောချဉ်းကပ်သင့်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ မသုံးသင့်ဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

“ကုလသမဂ္ဂရော၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂရော မြန်မာပြည်မှာ လက်ရှိကြုံတွေ့နေတဲ့ ရခိုင်အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ ချဉ်းကပ်ဆောင်ရွက်တဲ့နေရာမှာ တင်းတင်းကျပ်ကျပ် အရေးယူဆောက်ရွက်မယ့် ပုံစံမျိုးထက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက်ထိတွေ့ဆက်ဆံတဲ့ ပုံစံမျိုးကို ရွေးချယ်သင့်တယ်လို့ မြင်တယ်။ ဆိုလိုချင်တဲ့ သဘောက အစိုးရနဲ့လည်းပဲ ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်။ နောက် တပ်မတော်နဲ့လည်းပဲ ဒီထက်ပိုပြီးတော့ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီလို ဗျူဟာမျိုးကို မရွေးချယ်နိုင်ဘူးဆိုရင် ကျနော်တို့ နိုင်ငံအပေါ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုဟာ မြင့်တက်လာနိုင်တယ်။ နောက် ကျနော်တို့ နိုင်ငံနဲ့ ကျနော်တို့ အစိုးရ အနေနဲ့လည်းပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းတို့အပေါ်မှာ ပိုပြီးတော့ မှီခိုလာရနိုင်တဲ့ အခြေအနေမျိုးရှိတယ်လို့ မြင်တယ်။ အဲဒီ့အခါကျတော့ အမေရိကန်အပါအဝင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေအနေနဲ့ အမျှော်အမြင်ရှိရှိ ပါးပါးနပ်နပ် ချဉ်းကပ်ပြီးတော့ အဖြေရှာနိုင်ဖို့ အရေးကြီးတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ”

မနေ့ကြာသပတေးက ကုလလုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအဖွဲ့ယာယီအကြီးအကဲဘက်က ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာဟာ သမိုင်းနဲ့ချီပြီး လူမျိုးရေး ဘာသာရေးတွေနဲ့ ဆက်နွယ်နေတဲ့ ရှုပ်ထွေးတဲ့ ပြဿနာ ဖြစ်ပြီး များပြားလှတဲ့ မတူကွဲပြားမှုတွေနဲ့ ပဋိပက္ခတွေ အဲဒီဒေသမှာ ကာလ ကြာရှည်စွာ ဖြစ်ပွါးနေတာ ဖြစ်ကြောင်း ပြောဆိုခဲ့တဲ့အပေါ် ဒေါက်တာလှကျော်ဇောက တရုတ်နိုင်ငံအနေနဲ့ သူတို့ရင်ဆိုင်တွေ့ကြုံဖြေရှင်းခဲ့ရတဲ့အတွေ့အကြုံပေါ် မူတည်ပြီး ရပ်တည်ပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“တရုတ်က ဒီလိုရှိတယ်။ သူ့နိုင်ငံမှာလည်း သူက ဒီလိုပြဿနာမျိုးတွေ ကြုံထားရတာ ရှိတယ်လေ။ လူမျိုးစုအရေးပဲ ဖြစ်ဖြစ် လူ့အခွင့်အရေးကိစ္စတွေပဲ ဖြစ်ဖြစ် သူ့ကို ဒီအနောက်တိုင်းနိုင်ငံတွေက ဒီလိုပဲ အကြိမ်ကြိမ် စွပ်စွဲတာတွေ၊ လုပ်ခဲ့တာတွေ ရှိတယ်။ အဲဒီတုန်းကလည်း သူ ဒီလိုပဲ ရပ်ခံခဲ့တာပဲ။ ဥပမာ Xingiang အရေးအခင်းဆိုပါတော့။ ဝီဂါ လူမျိုးတွေရဲ့ အစွန်းရောက်မူဆလင်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတုန်းကလည်း ဒါ အစွန်းရောက်ဝါဒလို့ သဘောမထားဘဲနဲ့ အနောက်တိုင်းက တအားဖိအားပေးခဲ့တာမျိုးတွေ ရှိခဲ့ဖူးတယ်။ အဲဒီတော့ ဒီအခြေခံတွေအပေါ်မှာ သူက ကိုယ်ချင်းစာတာလည်း ပါပါတယ်။ နောက်တစ်ခုကလည်း တရုတ်က ဒီလို ကြည့်တယ်။ ဗမာပြည်ရဲ့အရေးခင်းက ပထဝီအနေအထားအရ သူတို့ကို ဦးတည်လာတာ။ သူတို့ကို ပစ်မှတ်ထားလာတာပဲ တွက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ရဲ့ ပိုးလမ်းမ စီမံကိန်းက ဒီ ရခိုင်မှာ တော်တော်ဖြတ်မှာ ဖြစ်တာပေါ့။ ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ကနေ အဲဒီမှာ လုပ်မှာ ဖြစ်တဲ့အခါကျတော့ ဒါကို ရည်ရွယ်ပြီးတော့ ဒါ အနောက်တိုင်းက လုပ်လာတဲ့ လက်ချက်လို့ သူတို့ကလည်း သဘောထားတယ်။ ဒါကြောင့်မို့လို့ တရုတ်ပြည်ဖက်က မားမားမတ်မတ် ရပ်ပြောနေတာ ဖြစ်ပါတယ်။ ”

အခုအချိန်မှာ မြန်မာအစိုးရနဲ့ မြန်မာဘက်က ဒုက္ခသည်သိန်းနဲ့ချီ လက်ခံစောင့်ရှောက်ပေးနေရတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကြား ဒုက္ခသည် ပြဿနာကို ညှိနှိုင်းဖြေရှင်း အဖြေရှာဖို့ ကြိုးစားနေကြချိန်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ စိတ်ရှည်ရှည်ထားပြီး မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ အထောက်အကူတွေ ပေးပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့လည်း Wu က ပန်ကြား ခဲ့ကြောင်းကိုလည်း တရုတ်အစိုးရ ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG