သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝမြို့နယ်အတွင်း ရခိုင်လက်နက်ကိုင်နဲ့ မြန်မာစစ်တပ် တိုက်ပွဲကြောင့် ဒေသခံတွေ တိမ်းရှောင်


AA army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ချင်းပြည်နယ် ပလက်ဝမြို့ထဲ ရခိုင်တပ် AA နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်လာနေတဲ့အတွက် ချင်းဒေသခံပြည်သူ တထောင်နီးပါး အသက်ဘေးလွတ်အောင် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးနောက်ကျနေတဲ့ ချင်းပြည်နယ်ထဲ အခုလို ရခိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ စစ်ရေးတင်းမာမှုတွေ လာဖြစ်နေတဲ့အပေါ် တိုက်ပွဲတွေကို ချက်ချင်းရပ်ပေးဖို့ ချင်းဒေသခံတွေက တောင်းဆိုနေကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ရက်နေ့ကစလို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲ မြန်မာအစိုးရတပ်နဲ့ ရခိုင်တပ် AA တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့အတွက် ဒေသခံချင်းပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အခုလို နယ်မြေထဲ ရခိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာလာတဲ့ အနေအထားအပေါ် ချင်းပြည်သူတွေဘက်က စိတ်မသက်မသာဖြစ်ရသလို ဒေသတွင်းတည်ငြိမ်အေးချမ်းရေး အမြန်ဆုံးစစ်မီးငြိမ်းအောင်ဆောင်ရွက်ပေးဖို့ကိုလည်း ချင်းပြည်သူတွေက တောင်းဆိုနေကြပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ကျေးရွာကပြည်သူတွေနဲ့ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သူ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် က နှစ်ဘက်လက်နက်ကိုင်တပ်တွေအနေနဲ့ အမြန်ဆုံးတိုက်ပွဲရပ်ပေးဖို့ ပြည်သူတွေက တောင်းဆိုတဲ့အကြောင်းပြောပြပါတယ်။

“ဆက်လက်ပြီးတော့ တိုက်ပွဲဖြစ်မယ့် အနေအထားမျိုးပေ့ါဗျာ။ ဆိုတော့ တပ်မတော်ဖက်ကလည်းပဲ လူထုအပေါ်မှာ သူတို့ရဲ့ ကြေညာချက်တွေကို ကျနော်တို့ ကြည့်တဲ့အခါမှာ ဆက်လက်ပြီးတော့ တိုက်ပွဲတွေနဲ့ ပဋိပက္ခကတော့ မြင့်တက်လာမယ့်အနေအထားတော့ ရှိတာပေါ့။ အဲဒီတော့ လူထုတွေကလည်းပဲ တော်တော်လေးကို စိုးရိမ်နေကြတယ်။ အဲဒီတော့ ချင်းပြည်နယ်အစိုးရကိုလည်း ကျနော်တို့ စာပို့တယ်။ AA တပ်ဖွဲ့ကိုလည်း ကျနော်စာပို့တယ်။ တပ်မတော်ကိုလည်းပဲ တောင်းဆိုတာကတော့ ၊ ၁ အချက်ကတော့ AA အနေနဲ့ အဲဒီနေရာမှာ တပ်စွဲပြီးတော့ အခြေမချဖို့ပေါ့ဗျာ။ ဒီ ပလက်ဝဒေသတွင်းမှာ AA မရှိဖို့ပေါ့။ တပ်မတော်အနေနဲ့လည်းပဲ ထိုးစစ်ဆင်ဖို့ ကိစ္စမျိုး၊ တိုက်ပွဲဖြစ်မယ့်ကိစ္စမျိုးတွေကို မလုပ်ဖို့ပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီဒေသတွေမှာ တိုက်ပွဲကို မရှိစေချင်ဘူးပေါ့နော်။ တစ်ဖွဲ့ထဲကိုပဲ ကွက်ပြီးတော့ ကျနော်တို့ အပြစ်တော့ မတင်ဘူး။ ဒါပေမယ့် အကုန်လုံးမှာ တာဝန်ရှိတယ်။ အကုန်လုံးဆိုတာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်ဗျ။ တပ်မတော်ကိုလည်းပဲ ကျနော်တို့ပြောတာကတော့ AA ရှိလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီးတော့ ထိုးစစ်ဆင်တဲ့ ကိစ္စတွေ မလုပ်ဖို့ ကျနော်တို့ ပြောပါတယ်။ တစ်ဖက်ကလည်း ကျနော်တို့ တကယ်စိတ်မကောင်းတာက AA ဖက်က ဒီ ပလက်ဝဒေသမှာ သူတို့ အခြေချတဲ့အခါမှာ သူတို့ရဲ့ တာဝန်ယူမှုတွေ တော်တော်ကို နည်းတယ်။ နောက်ပြီးတော့ သူတို့ တော်တော်ကို ပေါ့ဆတဲ့အပိုင်းတွေ ရှိတယ်ဗျ။ တာဝန်မယူတဲ့ လုပ်ရပ်မျိုး ဖြစ်နေတယ်ဗျ။ ဒီအတိုင်း ရွာသားတွေကို ခရီးမသွားဖို့ လှုပ်ရှားမှုတွေကို မလုပ်ဖို့ ကျနော်တို့ သတင်းပေးတာပဲ။ အဲဒီတော့ လှုပ်ရှားမှုလုပ်တဲ့သူတွေကို ရမ်းသန်းပြီးတော့ ကျနော်တို့ ပစ်လို့ရတယ်ဆိုတဲ့ဟာမျိုးကတော့ လုံး၀ လက်မခံနိုင်စေပဲလေ။”

တိုက်ပွဲကနေ တိမ်းရှောင်နေကြရတဲ့ ချင်းပြည်သူတွေ စားဝတ်နေရေးနဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အနေအထားဖြစ်နေပြီး အခုဆိုရင် ချင်းဒုက္ခသည် တစ်ထောင်ကျော်သွားပြီလို့လည်း ချင်းသတင်းစာသမားတဦးဖြစ်တဲ့ အယ်ဒီတာ ဘွေအုပ်ထဲ က ဆက်ပြောပါတယ်။

“တိမ်းရှောင်နေရတဲ့ ထွက်ပြေးနေရတဲ့ လူတွေ စုစုပေါင်း ၁ ထောင်နီးပါး ရှိပါပြီ။ ထောင် ဂဏန်း ရှိပါပြီ။ ရခိုင်တပ်မတော်ဖက်ရဲ့ အ ခြိမ်းအခြောက်တွေရော၊ တပ်မတော်ဖက်က ခြိမ်းခြောက်တာတော့ မဟုတ်ပေမယ့်လည်း အဲဒီလို လှုပ်ရှားမှုတွေ လုပ်နေတဲ့အတွက် သူတို့ကလည်း လုံခြုံရာဒေသကို ပြေးပြီးတော့ အဲဒီလို လုပ်နေရခြင်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်ပေါ့နော်။ ကျနော်တို့ ချင်းအသိုင်းအဝိုင်း၊ အရပ်ဖက်အဖွဲ့ကပဲနေနေ၊ သတင်းမီဒီယာဖက်ကပဲနေနေ ဒါကတော့ လုံးဝမဖြစ်သင့်တဲ့ဟာပေါ့နော်။ ရခိုင်တပ်မတော်အနေနဲ့ ချင်းပြည်နယ်မှာ လှုပ်ရှားတယ်ဆိုတာ သူတို့ရဲ့ အမျိုးသား ဖြစ်တည်မှုနဲ့ ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို လာထိခိုက်တယ်ဆိုတာ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ သူတို့ကလည်း သူတို့အရေးအတွက် တိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့ ချင်းတွေကလည်း ချင်းအရေးကို တိုက်နေတာ ဖြစ်တယ်။ တိုင်းရင်းသားအချင်းချင်း ကိုယ့်ပြည်နယ်ကို လာပြီးတော့ ပြဿနာရှာတဲ့ ပုံစံတွေကတော့ လုံးဝကို ဖြစ်ကို မဖြစ်သင့်တာလို့တော့ ကျနော် အဲဒီလိုပဲ ခံယူတယ်။”

နိုဝင်ဘာ ၈ရက်နေ့ကတော့ ပလက်ဝမြို့နယ် နှုံးဘူးကျေးရွာအနီးမှာ AA တပ်ဘက်က စစ်တပ်ရိက္ခာတင်စက်လှေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စက်မှုလက်မှုသိပ္ပံ ဒုတိယနှစ်ကျောင်းသား တဦးသေဆုံးပြီး အသက် ၈၀ကျော် အမျိုးသမီးတဦးအပါအဝင် ဒေသခံတွေ ထိခိုက်ဒဏ်ရရှိကြောင်း ချင်းပြည်နယ် အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အခုလိုလက်နက်ကိုင်တပ်အချင်းချင်း ပစ်ခတ်မှုတွေမှာ ကျောင်းသားလူငယ်တဦး အသက်သေဆုံးရတဲ့အထိဖြစ်ရလို့ ချင်းဒေသခံတွေ ကြားထဲက မြေစာပင်လို ဓားစာခံဖြစ်နေတယ်လို့ ဘွေအုပ်ထဲက ပြောပါတယ်။

“AA ကလည်း သူတို့ က တပ်မတော်တွေကတော့ သူတို့ ရန်သူပေါ့နော်။ သူတို့က သူတို့ရန်သူလို့ ပစ်မှတ်ထားတာတော့ ရှိပါတယ်။ အဲဒီ ပစ်ခတ်တဲ့အခါမှာလည်း သူတို့က တပ်မတော်တွေတွေ့လို့ ပစ်ခတ်တာ မမှားပါဘူးလို့ သူတို့ ပြောရင် ပြောနိုင်ပါတယ်။ ကျနော် ပြောချင်တာက မြန်မာ့တပ်မတော်ကလည်း ပြည်သူလူထုနဲ့ တပ်မတော်နဲ့ ရင်တထိတ်ထိတ် သွားတာတော့ လုံးဝမဖြစ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ပြည်သူလူထုက ဓားစာခံလို ဖြစ်သွားတာပေါ့နော်။”

ချင်းစစ်ပြေးဒုက္ခသည်တွေအရေး သက်ဆိုင်တဲ့ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့ဘက်က လိုအပ်တဲ့စားနပ်ရိက္ခာ နေထိုင်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက်ကူညီပေးဖို့ကိုလည်း ဆလိုင်းကျဲအိုဘိခ်ထောင်က တိုက်တွန်းပါတယ်။

“ ဒီချင်းပြည်နယ်အစိုးရကလည်းပဲ ကျနော်တို့ ဒေသခံတွေမှာ တော်တော်ကို စီးပွားရေးအရနဲ့ ပတ်သက်ပြီးတော့ စားနပ်ရိက္ခာအရရော၊ ပညာရေးအရကရော ကျနော်တို့သွားတဲ့ ရွာတော်တော်များများမှာ ကျောင်းတွေကို ဇွန်လကတည်းကနေ ကျောင်းမဖွင့်နိုင်တဲ့ ရွာတွေလည်း ရှိပါတယ်။ အစိုးရကနေပြီးတော့ တာဝန်ယူဖို့တော့ လိုတာပေါ့နော်။ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေကို သူတို့နဲ့ အာရုံစိုက်ပေးဖို့ ဒီတစ်လျှောက်လုံး တောင်းဆိုနေတာပေါ့။ ”

မြန်မာစစ်တပ်ဘက်က ရခိုင်တပ် AA နယ်မြေတွေဘက်ကို ဆက်ပြီး ထိုးစစ်အရှိန်မြှင့်လာနေတဲ့အတွက် တိုက်ပွဲကြီးတွေ ဆက်တိုက်ဖြစ်ပွားလာနိုင်လို့ အဲ့ဒီ့ဒေသအနီးတဝိုက်ကို ဒေသခံတွေ ခရီးသွားလာခြင်းမပြုဖို့နဲ့ မဖြစ်မနေသွားရရင်လည်း သတိထားကြဖို့ AA ရခိုင်တပ်ဘက်က သတိပေးနိုးဆော်စာတွေဖြန့်ဝေထားပြီး စစ်တပ်အင်အားတွေ တိုးချလာတဲ့အတွက် ဒေသတွင်းမှာ တိုက်ပွဲတွေက ဆက်ဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်း ဒေသခံတွေက သုံးသပ်ပါတယ်။

XS
SM
MD
LG