သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ပေးဖို့မရှိ  (စစ်ကောင်စီပြောခွင့်ရ)


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhon 
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhon 

[[Zawgyi/Unicode]]

မတ် ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း အမှုအခင်းရင်ဆိုင် နေရတဲ့ ဖမ်းဆီးခံဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားနိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခွင့် ပေးဖို့မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဗီအိုအေကို ပြောပါတယ်။ NLD ပါတီက တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းလက်ခံသူတချို့နဲ့တော့ ဆန္ဒရှိရင်တွေ့ဆုံခွင့်ပြုမယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhon ဟာမတ်လ ၂၁ ရက်ကနေ ၂၃ ရက်အထိ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေးအတွက် လက်ခံလို့ရနိုင်မယ့်အခြေအနေဖန်တီးဖို့ သွားရောက်မယ့်ခရီးစဉ်ဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနပြောခွင့်ရက Reuters သတင်းဌာနကို ပြောကြားပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တေ့ွမယ်ဆိုတာကိုတော့ အခုအချိန်မှာ မပြောနိုင်သေးဘူးလို့လည်း သူကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားတက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ခွင့်ပေးဖို့အစီစဉ်မရှိဘူးလို့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီ အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်တဲ့အချိန်မှာ တရားဥပဒေနဲ့ရင်ဆိုင်နေရဆဲ၊ ပြစ်ဒဏ်ကျခံနေရဆဲလူတွေမှအပ ကျန်တဲ့သူတွေနဲ့တွေ့ခွင့်ပေးဖို့ဆိုတာကိုလည်း ဝန်ကြီးချုပ်လာတုန်းကလည်း သဘောတူပြီးသားဖြစ်ပါတယ်ဗျ။ ကျန်တဲ့သီးခြားတော့ မရှိပါဘူး။ ကျနော် ပြောပြီးသားပဲ။ ဘယ်နိုင်ငံကရော တရားဥပဒေနဲ့ရင်ဆိုင်နေရတဲ့သူတွေ၊ တရားဥပဒေအရ အပြစ်ပေးခံထားရတဲ့သူတွေ၊ တရားဥပဒေအရ ပြစ်မှုစီရင်ခံနေရတဲ့သူတွေကို ဘယ်နိုင်ငံတွေကရော တွေ့ခွင့်ပေးလို့လဲဗျ။”

မြန်မာ့အရေးအတွက် မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေကြား ၂၀၂၁ ခုနှစ် မေလက ရရှိထားတဲ့ ဘုံသဘောတူညီချက်ထဲမှာ သက်ဆိုင်သူအားလုံးနဲ့ ထိရောက်တဲ့ တွေ့ဆွေးနွေးမှုတွ လုပ်ဖို့ဆိုတဲ့ အချက်ပါဝင်ပါတယ်။ ဒါနဲ့ပါတ်သက်လို့တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက NLD ပါတီထဲက တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းလက်ခံသူတချို့ နဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့မယ်ဆိုရင်တော့ စစ်ကောင်စီက စီစဉ်ပေးမယ်လို့ ခုလို ပြောကြားပါတယ်။

“NLD ပါတီက CEC အဖွဲ့ဝင်တချို့၊ အပြင်မှာ သူ့ဖာသာသူငြိမ်းငြိမ်းချမ်းချမ်းနေတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လက်ခံတဲ့သူအချို့နဲ့ ယခင် သံတမန်တွေလာကတည်းက တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ ဒီလူတွေနဲ့ကတော့ ကျနော်တို့က သူတို့ရဲ့တွေ့ဆုံဖို့ပေါ့နော်-ဆန္ဒရှိတယ်ဆိုလည်း ကျနော်တို့က တွေ့ဆုံပေးမှာဖြစ်ပါတယ်။ ခုနကပြောသလို တရားဥပဒေနဲ့ရင်ဆိုင်နေရတဲ့သူများနဲ့တော့ တွေ့ဆုံပေးဖို့ မရှိပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ကျနော်တို့ ဖိတ်ခေါ်ထားတာမျိုး ရှိတယ်။ ပြီးရင် ပါတီတွေပေါ့။ ပါတီတွေက တွေ့ဆုံနိုင်တဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ရှိတယ်။ အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ရှိမယ်။ ပြီးရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကျိုးဆောင်အဖွဲ့တွေ၊ ပြီးရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေတဲ့သူတွေနဲ့ တွေ့ဆုံပေးဖို့ရှိပါတယ်။”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အဓိကအရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည်လို့ ပုဂ္ဂိုလ်မျိုးကို တွေ့ခွင့်မပေးတာဟာ အာဆီယံဘုံသဘောတူညီချက်ကို စစ်ကောင်စီဘက်က လက်မခံလိုတဲ့ သဘောထား မသက်ရောက်နိုင်ဘူးလားဆိုတဲ့ အမေးကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုတုံ့ပြန်ခဲ့ပါတယ်။

“...ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ်မှာ မူတည်တာပေါ့ဗျာ။ သက်ဆိုင်တဲ့သူအားလုံးဆိုတဲ့အထဲမှာ ကျနော်တို့အနေနဲ့ လူပုဂ္ဂိုလ်တဦးကပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုလား၊ ကျနော်မေးချင်တာက။ NLD ပါတီသည် စတင်ဖွဲ့စည်းထူထောင်တုန်းက ဘယ်သူတွေနဲ့ ထူထောင်ခဲ့တာလဲ။ NLD ပါတီကို တဦးတယောက်တည်းကပဲ ထူထောင်ခဲ့တာလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှပဲ NLD ပါတီကို ကိုယ်စားပြုတာလား။ မြန်မာ တနိုင်ငံလုံးကို ကိုယ်စားပြုတာလား။ မြန်မာနိုင်ငံရဲ့ကိုယ်စားပြုမှုတွေသည် လူထုလူတန်းစားအသီးသီးက ပါဝင်ပြီး ပါတီတွေကို ကိုယ်စားပြုတဲ့သူတွေရှိတယ်၊ ပါတီတွေကနေ ကိုယ်စားပြုထားတဲ့သူတွေရှိတယ်။ ပြီးရင်တော့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ကိုယ်စားပြုထားတဲ့လူတွေရှိတယ်။ ကိုယ်စားပြုမှုက အသီးသီးရှိတယ်လို့ပဲ ပြောချင်ပါတယ်ဗျ။”

ကမ္ဘောဒီးယားမတိုင်ခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဘရူးနိုင်းနိုင်ငံ တာဝန်ယူခဲ့တုန်းကလည်း ဘရူးနိုင်းက အာဆီယံအထူးကိုယ်စားလှယ် Erywon Yusof မြန်မာပြည် သွားဖို့လုပ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရ သက်ဆိုင်သူအားလုံးနဲ့ စစ်ကောင်စီက တွေ့ခွင့်မပေးလို့ ခရီးစဉ်ပျက်ခဲ့ရတာရှိခဲ့ပါတယ်။ လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက သူ့ခရီးစဉ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူညီပေးနိုင်ရေးကိစ္စတွေလည်း ကြိုးစားမယ်လို့ မကြာခင်က ပြောကြားထားပါတယ်။ သူ့ခရီးစဉ်အတွင်း NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ မူလကတွေ့ဆုံဖို့ အစီအစဉ်ရှိပေမဲ့ အစီအစဉ် ပျက် သွားတယ်လို့ PPST ပူးတွဲခေါင်းဆောင် ဦးခွန်ဥက္ကာက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

=================

[[Unicode]]










=================

XS
SM
MD
LG