သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုတဲ့ အဂတိမှုတမှု ဧပြီ ၂၆ ရက် အမိန့်ချမည် 


ဒေါ်အောင်ဆန်းစုကြည် (ယခင်ပုံဟောင်း)
ဒေါ်အောင်ဆန်းစုကြည် (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]

NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက် တင်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ လက်ခံယူတယ်လို့ဆိုတဲ့ အဂတိလိုက်စားမှုအတွက် အပြီးသတ်အမိန့်ကို ဧပြီ ၂၆ ရက်မှာ အမိန့်ချမယ်လို့ တရားရုံးက သတ်မှတ်လိုက်ပါတယ်။

နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ ဧပြီ ၁၈ ရက်နေ့မှာ ဒီအမှုအတွက် ၂ ဘက် အပြီးသတ်လျှောက်လဲချက် တင်ခဲ့ကြတယ်လို့ စုံစမ်းသိရပါတယ်။

ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဥပဒေကြောင်းအရ ညီညွှတ်မှုမရှိဘဲ စွဲဆိုထားတာဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က တင်ပြခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်တိုင်းစစ်ကြောရေးမှာ ဦးဖြိုးမင်းသိန်းကို စစ်ဆေးစဉ် ပြောဆိုချက်တွေကို အခြေတည်အမှုစွဲဆိုခဲ့တယ်ဆိုတဲ့အချက်၊ တည်ဆဲဥပဒေပါ ပြဌာန်းချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်က တကယ် ရယူထားခြင်း ရှိမရှိ စစ်ဆေးမှု မလုပ်ဘဲ တရားစွဲတဲ့အချက်၊ စွပ်စွဲထားသလို ဒေါ်အောင်ဆန်းစုကြည်ယူခဲ့တယ်ဆိုတဲ့ ဒေါ်လာနဲ့ ရွှေတွေကို ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်နဲ့ နေအိမ်တို့ကနေ ဒီကနေ့ထိ သိမ်းဆည်းနိုင်ကြောင်း သက်သေမပြနိုင်တဲ့ အချက်တွေကို သူ့ရှေ့နေတွေက ထောက်ပြလျှောက်ထားခဲ့ကြပါတယ်။

ဒီအမှုအတွက် တရားလို အဂတိလိုက်စားမှု ကော်မရှင် အရာရှိကိုယ်တိုင်က ရွှေနဲ့ ဒေါ်လာရယူထားတာရှိမရှိဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် စစ်ဆေးမေးမြန်းတာ မရှိဘဲ တရားစွဲဆိုခဲ့တာမှန်ကြောင်းနဲ့ ဦးဖြိုးမင်းသိန်းတင်ပြခဲ့တဲ့ ရွှေနဲ့ ဒေါ်လာတွေလည်း ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းနိုင်ခဲ့တာမရှိကြောင်းကို တရားရုံးမှာထွက်ဆိုခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က တင်ပြခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ဒီဇင်ဘာလကနေ ၂၀၁၈ မတ်လကြားမှာဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန် ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ ရွှေခုနစ်ပိဿာ ကို ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲခဲ့တာပါ။ ဒီအမှုကို ဖေဖော်ဝါရီလမှာ စွဲချက် တင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဦးဖြိုးမင်းသိန်း၊ သူ့ရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်အပါအဝင် ပြန်ခေါ်သက်သေ ၅ ယောက်ကို ခေါ်ယူ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒီအမှုအတွက် သက်သေထွက်ဆိုခဲ့ပါတယ်။ ဒီနေ့နေပြည်တော် အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲအမှုတွေထဲက ရန်ကုန်၊ နေပြည်တော်တို့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး မြေနေရာရယူမှု တွေနဲ့ ပတ်သတ်တဲ့ အမှု ၄ မှုကိုလည်း စစ်ဆေးကြားနာခဲ့ပါတယ်။ အဲဒီအမှုတွေအတွက် တရားလိုပြသက်သေတွေအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ တာဝန်ယူခဲ့တဲ့ ဒါရိုက်တာတဦးဖြစ်တဲ့ ဒေါ်နန္ဒာစုနိုင်နဲ့ ငွေစာရင်းကိုင် တဦးအပြင် အခွန်ဦးစီးဌာနက ညွှန်ကြားရေးမှူးတဦးတို့ကို စစ်မေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည် လူကိုယ်တိုင်ရောက်ခဲ့ပြီး ကျန်းကျန်းမာမာရှိတယ်လို့ သိရပါတယ်။ နက်ဖြန် ဧပြီ ၁၉ ရက်နေ့ကျရင်တော့ ရဟတ်ယာဉ် ဝယ်ယူ ငှားရမ်းမှုနဲ့ပတ်သက်တဲ့ အဂတိလိုက်စားမှုတွေ စစ်ဆေးဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကို မီဒီယာကို မပြောရဆိုပြီး စစ်ကောင်စီဘက် က ပုဒ်မထုတ် တားမြစ်ထားတာမို့ ဆက်သွယ်မေးမြန်းလို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး၊ ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]









===============

XS
SM
MD
LG