သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးဘေးသင့် Los Angeles မှာ ညမထွက်ရအမိန့် ထုတ်ပြန်


ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မှာ တောမီးကြောင့် ပျက်ဆီးသွားတဲ့ အိမ်များ (ဓါတ်ပုံ - REUTERS/Maria Alejandra Cardona)
ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မှာ တောမီးကြောင့် ပျက်ဆီးသွားတဲ့ အိမ်များ (ဓါတ်ပုံ - REUTERS/Maria Alejandra Cardona)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles တဝိုက် တောမီးဒဏ်ခံရတဲ့နေရာတွေမှာ နေအိမ်တွေထဲ ဝင်ရောက် ခိုးယူမှုတွေကနေ ကာကွယ်နိုင်ဖို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ Los Angeles မြို့တဝိုက် မဖြစ်မနေ ဘေးလွတ်ရာသွားကြဖို့ အမိန့်ထုတ်ထားတဲ့နေရာတွေမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ထားတယ်လို့ Los Angeles ရဲချုပ် Jim McDonnell က ပြောကြားခဲ့ပါတယ်။

“Los Angeles မြို့ဧရိယာတဝိုက် ဘေးကင်းရာ မဖြစ်မနေသွားကြဖို့ အမိန့်က ဆက်ရှိနေပါတယ်။ ညမထွက်ရအမိန့်က ည ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးသမားတွေကလွဲရင်၊ အဲဒီနေရာတွေမှာ ဘယ်သူမှ ရှိနေဖို့ မလိုပါဘူး။ တကယ်လို့ တွေ့ရှိရင် ဖမ်းဆီးမှာ ဖြစ်တယ်လို့ LAPD ရဲချုပ် Jim McDonnell က သောကြာနေ့ ညနေပိုင်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မီးဘေးကြောင့် နေအိမ်တွေကို စွန့်ပစ်ပြီး ဘေးလွတ်ရာပြေးကြသူ ထောင်သောင်းချီ ရှိနေချိန်မှာ အိမ်တွေထဲကို ဝင်ရောက် ပစ္စည်းခိုးသူ ၂၀ ထက်မနည်းကို L.A. မြို့နယ်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖမ်းဆီးခဲ့ပါတယ်။ လုံခြုံရေးအတွက် ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း သောကြာနေ့က ချထားပါတယ်။ Los Angeles ခရိုင်တဝိုက် လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူ ၁၁ ယောက်ထက်မနည်း ရှိနေပြီး၊ နေအိမ်အများအပြားအပါအဝင် အဆောက်အဦး ၁ သောင်း ၂ ထောင်ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့တွေဟာ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကိုပါ အသုံးပြုပြီး ဝေဟင်ကနေ မီးလောင်ကျွမ်းမှုကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ လောလောဆယ်အထိ မီးဘေးသင်တဲ့နေရာအကျယ်အဝန်းဟာ San Francisco မြို့ထက် ကျယ်ဝန်းပါတယ်။ ပင်ကမ်းခြေတလျောက်ဖြစ်တဲ့ Pacific Palisades နေ့ရာမှာတင် အိုးအိမ်ပေါင်း ၅၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ လူ ၁ သိန်း ၇ သောင်းကျော်လောက်ဟာလည်း လျပ်စစ်မီးမရ ဖြစ်နေပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ မီးဘေး တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် သမ္မတဂျိုးဒင်ဟာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သောကြာနေ့က ဆွေးနွေးခဲ့ပါတယ်။

Forum

XS
SM
MD
LG