သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-ယူကေ စီးပွားရေးအဆင့်မြင့်ဆွေးနွေး


တရုတ်ဒုတိယဝန်ကြီးချုပ် He Lifeng နဲ့ ယူကေဘဏ္ဍာရေးဝန်ကြီး Rachel Reeves (ဓါတ်ပုံ - REUTERS/Florence Lo)
တရုတ်ဒုတိယဝန်ကြီးချုပ် He Lifeng နဲ့ ယူကေဘဏ္ဍာရေးဝန်ကြီး Rachel Reeves (ဓါတ်ပုံ - REUTERS/Florence Lo)

တရုတ်နဲ့ ယူကေနိုင်ငံကြား စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးမှု ဘေဂျင်းမြို့တော်မှာ ဒီနေ့ လုပ်ခဲ့ပါတယ်။ ၁၁ ကြိမ်မြောက် တရုတ်-ယူကေ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲကို ယူကေဘဏ္ဍာရေးဝန်ကြီး Rachel Reeves နဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် He Lifeng တို့က ဖွင့်လှစ် မိန့်ခွန်းပြောခဲ့ကြပါတယ်။

ယူကရိန်းကို ရုရှား ကျူးကျော်စစ်တိုက်တာအပါအဝင် ကမ္ဘာကြီးမှာ ပဋိပက္ခတွေ ပိုများလာနေသလို ပထဝီနိုင်ငံရေး တင်းမာမှုတွေ၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတွေကြောင့် စိန်ခေါ်မှုတွေများနေချိန်မျိုးမှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေကြားမှာ လက်တွေကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အလိုအပ်ဆုံးဖြစ်တယ်လို့ ယူကေဘဏ္ဍာရေးဝန်ကြီး Rachel Reeves က ပြောကြားခဲ့ပါတယ်။

တရုတ်ဒုတိယဝန်ကြီးချုပ် He Lifeng ကလည်း ၂ နိုင်ငံစီးပွားရေးလုပ်ငန်းတွေအတွက် မျှတပြီး၊ ခွဲခြားဆက်ဆံမှုကင်းတဲ့ စီးပွားရေးဝန်းကျင် အနေအထားမျိုးဖန်တီးနိုင်ရေး ယူကေနဲ့အတူလက်တွဲဆောင်ရွက်ဖို့ လိုလားတယ်လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာတဝန်းနိုင်ငံတွေအနေနဲ့ စီးပွားရေးတိုးတက်တဲ့ အခွင့်အလမ်းတွေ ရနိုင်အောင် တရုတ်စီးပွားရေးတံခါးကို ကျယ်နိုင်သမျှ ကျယ်အောင်ဖွင့်ထားပါတယ်လို့လည်း ဆိုခဲ့ပါတယ်။

၂ နိုင်ငံကြား စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးမှုတွေ ၆ နှစ်ကြာ ရပ်ဆိုင်းနေခဲ့ပြီး အခုမှ ပြန်လည်စတင်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ယူကေနိုင်ငံခြားရေးဝန်ကြီး David Lammy တရုတ်နိုင်ငံကို အောက်တိုဘာလက သွားခဲ့သလို၊ နိုဝင်ဘာလတုန်းက Brazil နိုင်ငံကျင်းပတဲ့ G20 ထိပ်သီး စည်းဝေးပွဲမှာ ယူကေဝန်ကြီးချုပ် Keir Starmer နဲ့ တရုတ်သမ္မတ Xi Jinping တို့ သီးခြားတွေ့ဆုံခဲ့ကြပြီးနောက်မှာ အခုလို တရုတ်နဲ့ ယူကေကြား စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးမှုတွေ ပြန်စတာ ဖြစ်ပါတယ်။

တရုတ်နဲ့ ယူကေကြား အဖုအထစ်ဖြစ်ခဲ့တဲ့ ဆက်ဆံရေးကို ယူကေ Labour အစိုးရက ပြန်လည်ကောင်းမွန်အောင်ကြိုးစားနေတာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Forum

XS
SM
MD
LG