သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆိုင်ပိတ်သူတွေ ဟားခါးမှာ အဖမ်းခံရ


အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ရှိတဲ့ Camp Victoria ကို မြန်မာစစ်တပ်က ဂျက်လေ ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရစဉ်။(Photo: CNF)
အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ရှိတဲ့ Camp Victoria ကို မြန်မာစစ်တပ်က ဂျက်လေ ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရစဉ်။(Photo: CNF)

[[Zawgyi/Unicode]]

ချင်းပြည်နယ်မြို့တော်ဟားခါးမှာ CNF ဌာနချုပ်လေကြောင်းတိုက်ခိုက်ခံရစဉ် သေဆုံးဒဏ်ရာရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်သူတချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဈေးဆိုင်တွေပိတ်ခဲ့သူတွေကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ဆိုင်တွေကိုလည်း ချိတ်ပိတ်ခဲ့တယ်လို့သိရပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းသတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်းက တင်ပြပေးထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ရှိတဲ့ Camp Victoria ကို မြန်မာစစ်တပ်က ဂျက်လေ ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးဒဏ်ရာရရှိတဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဈေးဆိုင်တွေ မဖွင့်ဖို့ Hakha Campaign For Justice က တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီနောက် ဇန်နဝါရီ ၁၁ ရက်မှာ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့ပေါ် ဈေးဆိုင်တွေ ပိတ်ထားတာတွေ့ရပါတယ်။ ဆိုင်တွေပိတ်ထားတာကို ပြန်ဖွင့်ဖို့ စစ်ကောင်စီက သတိပေးခဲ့လို့ ပြန်ဖွင့်တဲ့သူတွေရှိပေမယ့် ဆက်ပိတ်ထားသူတွေလည်းရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်မှာတော့ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားပြီး သူတို့ရဲ့ဆိုင်တွေကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အဲ့ဒီဇန်နဝါရီ ၁၂ ရက်နေ့မှာ ဆိုင်ပိတ်ထားတဲ့ဟာတွေကို သူတို့ကဓာတ်ပုံရိုက်ပြီးတော့ မိန်းကလေး ၁၀ ယောက်နဲ့ ယောက်ကျားလေး ၁ ယောက် ဖမ်းဆီးခံရတယ်လို့ ကြားသိရတယ်။ အခုချိန်ထိ မလွှတ်ရသေးဘူးလို့ ကြားသိရတယ်။ သူတို့ရဲ့ ဆိုင်မှာ ကပ်ထားတဲ့ဟာကတော့ ဆိုင်ပိတ်တဲ့ပိုင်ရှင်တွေကို ဖမ်းတဲ့၊ ချိတ်ပိတ်တဲ့ဟာပေါ့လေ။ သူတို့ကပ်ထားတဲ့စာကတော့ “အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၂ အရ နေအိမ်၊ အဆောက်အဦးပိုင်ရှင်အား အရေးယူမယ့်အပြင် ပုဒ်မ ၅၆ အရ နေအိမ်၊ အဆောက်အအုံအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်။” အဲ့လိုစာကပ်ထားတာရှိတယ်။”

ပိတ်ထားတဲ့ ဈေးဆိုင်အများစုဟာ ဟားခါးမြို့ ပြည်တော်သာရပ်ကွက်နဲ့ ဈေးသစ်ရပ်ကွက်က ဈေးဆိုင်တွေဖြစ်ပြီး ကုန်စုံဆိုင်တွေအပြင် အခြားအသုံးအဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေဖြစ်ကြပါတယ်။ ဒီလိုဈေးဆိုင်ကိုချိတ်ပိတ်ပြီး လူကို ဖမ်းဆီးသွားတာဟာ စစ်ကောင်စီက နိုင်ငံသားတွေရဲ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ပိတ်ပင်တာဖြစ်တယ်လို့ Chin Human Rights Organization က Program မန်နေဂျာ ဆလိုင်းမန်က အခုလို ပြောပါတယ်။

“တကယ်တန်းဆို နိုင်ငံသားအခွင့်အရေးအနေနဲ့ ဘယ်သူမဆိုဆန္ဒပြပိုင်ခွင့်၊ သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပိုင်ခွင့်ရှိတယ်ပေါ့နော်။ စစ်တပ်က တကယ့်ကို အာဏာရှင်ကြီးပေါ့နော်။ တကယ့်ကို ပြည်သူလူထုကို သေနတ်နဲ့ ကြောက်အောင်၊ လန့်အောင် သေနတ်ရှိတယ်၊ ကြိုက်သလိုလုပ်လို့ရတယ်ဆိုတဲ့ ပြည်သူကို သေနတ်နဲ့ခြိမ်းခြောက်ပြီးတော့ သူတို့ရဲ့ဆန္ဒအတိုင်း ဆန္ဒကိုဆန့်ကျင်သလိုလုပ်ခိုင်းတာ လုံးဝကို လက်ခံလို့မရဘူး။ ဒီဟာတွေက တကယ့်ကို မလုပ်သင့်တဲ့ နိုင်ငံသား အခွင့်အရေးကို ဆိုးဆိုးရွားရွား ပိတ်ပင်ခြင်းလို့ပဲ ပြောနိုင်ပါတယ်။”

မြန်မာစစ်တပ်ဟာ CNF ဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းမှာ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံး ဒဏ်ရာရတာတွေရှိခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ရေးပဋိပက္ခတွေတင်းမာနေတဲ့နေရာတွေမှာ မြန်မာစစ်ကောင်စီဟာ အခုနောက်ပိုင်း မြေပြင်ထိုးစစ်ထက် လေကြောင်းတိုက်ခိုက်မှုတွေကိုပိုလုပ်လာပါတယ်။

တိုက်ရိုက် လင့်ခ်

=========================

[[Unicode]]








XS
SM
MD
LG