သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ မြန်မာလူထုကြား စိုးရိမ်ချက်


လူသွားလူလာ ရှင်းလင်းနေသည့် ရန်ကုန်မြို့လယ် မဟာဗန္ဓုလလမ်းမကြီး တနေရာ။ (ဧပြီ ၁၂၊ ၂၀၂၀)
လူသွားလူလာ ရှင်းလင်းနေသည့် ရန်ကုန်မြို့လယ် မဟာဗန္ဓုလလမ်းမကြီး တနေရာ။ (ဧပြီ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ ရောဂါကာကွယ် ထိန်းချုပ်ရေး အစီအစဉ်တွေအပေါ် စိုးရိမ်နေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၁၀၀ ကျော် ကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး အစီအမံတွေကို ထိထိရောက်ရောက် ချမှတ်ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူထုကြား လိုလားနေကြပါတယ်။ အထူးသဖြင့် ပြည်ပခရီးသွားရာဇဝင် မရှိဘဲ ရောဂါပိုးရှိသူကနေတဆင့် ကူးစက်မှုတွေ ပိုတိုးလာနေတဲ့အတွက် ကာကွယ်ရေး အစီအမံတွေကို စနစ်တကျ ပြင်ဆင်ထားဖို့ တိုက်တွန်းနေကြတာပါ။

အခုဆိုရင် သင်္ကြန်ကာလအတွင်း နေအိမ်တွေမှာနေဖို့ ညွှန်ကြားထားတဲ့ရက် ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် လူတွေ အပြင်ထွက်ရာက ရောဂါကူးစက်မယ့် အန္တရာယ် တိုးလာမှာကို ရှေ့နေတဦးဖြစ်တဲ့ ကိုစိုးမိုးမြင့်တို့လို ရန်ကုန်မြို့ခံတွေက စိုးရိမ်နေပါတယ်။

“ရန်ကုန်ရဲ့ အခြေအနေကတော့ မနက်ဖြန်ခါ ၂၀ ရက်နေ့ဆို ရုံးတွေ စဖွင့်ပြီပေါ့ဗျာ။ အခုပဲ ကျနော်လည်း အပြင်ကနေပြန်လာတယ်။ ကားလမ်းမမှာ ကားတွေလည်း သွားတာတော့ ရှိနေပေမယ့် ပို့ဆောင်ရေး ဘတ်စ်ကားတွေ ယာဉ်တွေပေါ်မှာ လူမရှိဘူး။ အပြင်မှာ လူတွေထွက်နေတာတော့ ဒီနေ့အထိ လမ်းပေါ်မှာ မရှိသလောက်ဘဲ။ ဒါပေမယ့် လူတွေက တခုရှိတာက ကိုယ့်ရဲ့ စားဝတ်နေရေး ကိုယ့်ရဲ့ နေမှုထိုင်မှုကို ပြောင်းလဲချင်တဲ့စိတ် မရှိသေးဘူး။ ကိုယ်နေတဲ့ရပ်ကွက်ထဲ PPE ဝတ်စုံတွေဝတ်ပြီး ဆေးရုံကားလာတော့မှာပဲ ကြောက်မယ့်အနေအထား တချို့တွေက ရှိတယ်ဗျ။ Stay Home ဆိုတဲ့ရက်ကို တိုးလိုက်မယ်ဆိုရင်တော့ ရောဂါတွေ ထပ်မတိုးလာဘဲ အုပ်မိလိုက်မယ်လို့ ကျနော်ကတော့မြင်တယ်။”

ဧပြီလ ၂၀ ရက်နေ့ လူတွေ လမ်းပေါ်ပြန်ထွက်လာမှာကို စိုးရိမ်တဲ့အကြောင်း သူ ပြောသွားတာပါ။ ဒါကြောင့် ကူးစက်မှုတွေမဖြစ်အောင် အစိုးရဘက်က ညွှန်ကြားချက် တိတိကျကျ လုပ်သင့်တယ်လို့ ပြောပါတယ်။

ဒီလိုမျိုး ရန်ကုန်မြို့ခံတွေ စိုးရိမ်သလိုပဲ လုပ်ငန်းရှင်တွေဘက်ကလည်း စိုးရိမ်စိတ်ရှိပါတယ်။ မြန်မာနိုင်ငံက လုပ်ငန်းရှင်တယောက်လည်းဖြစ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူလည်းဖြစ်တဲ့ ဒေါက်တာစိုးထွန်းကလည်း လူထုကြား ကူးစက်မှုမဖြစ်အောင် မဖြစ်မနေ လုပ်ငန်းခွင် ပြန်ဝင်ရမယ့် လုပ်သားတွေအတွက်လည်း အန္တရာယ်မဖြစ်အောင် ဗဟိုအစိုးရဘက်က စနစ်ကျတဲ့ ညွှန်ကြားချက်နဲ့ အောက်ခြေအဆင့်အထိ တိတိကျကျ ကိုင်တွယ်သင့်တယ်လို့ ပြောပါတယ်။

“လက်ရှိအနေအထားကတော့ဗျာ ဒီကနေ့အထိ ၁၉ ရက်နေ့အထိဆိုရင် ကျနော်တို့ဆီမှာ ပုံမှန် သင်္ကြန်ပိတ်ရက် ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ လူတွေ တော်တော်များများကတော့ အပြင်ကို မထွက်ကြဘူးပေါ့နော်။ သို့သော် ကျနော်တို့က ဒီတပတ် ရှေ့တပတ်နဲ့ ဧပြီလကုန်အထိ စောင့်ကြည့်ကြဖို့ လိုတာပေါ့နော်။ တခုတော့ရှိတာပေါ့ ဗဟိုရဲ့ ဆောင်ရွက်ချက်တွေကတော့ အားရပါတယ်။ ဗဟိုအစိုးရနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရတွေက ညွှန်ကြားချက်တွေ ထုတ်ပေးတယ်။

“ဒါပေမယ့် အောက်ခြေမှာတော့ ကွဲလွဲချက်တွေရှိတယ်။ တနေရာနဲ့ တနေရာကြားမှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ အခြေခံလူထုကြား တချို့ဟာတွေက သူတို့ဘာသာ စဉ်းစားပြီး ဆုံးဖြတ်ကြတာပေါ့နော်။ အဲဒါလေးတွေတော့ ကျနော်တို့တွေ တော်တော်လေး သတိထားဖို့ လိုတယ်လို့မြင်တယ်။ အခုနောက်ဆုံး ကူးစက်လူနာတွေကို သယ်ယူပို့ဆောင်တာ ကုသတာကအစ လူမှုအဖွဲ့အစည်းတွေ လုပ်ဆောင်နေတာမို့ ရောဂါမပြန့်ပွားရအောင် စနစ်တကျ သင်တန်းပေးတာမျိုး လူထုကြား သတင်းစကားပေးတာမျိုး ဖြစ်စေချင်တယ်။ ဒီ့ထက်ပိုပြီး ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်မျိုး ထုတ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။”

လူထုကို ကျန်းမာရေး ပညာပေးနေတဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ မိုးအောင်ကျော်နိုင်ကလည်း အခုလို လူတွေ အိမ်ထဲမှာနေဖို့ ညွှန်ကြားချက်ရပ်တဲ့ ဧပြီလ ၂၀ ရက်နေ့အတွက် စိုးရိမ်မိနေတယ်လို့လည်း ပြောပါတယ်။

“အခုဆိုရင် ဆရာတို့ ပိုးစတွေ့တဲ့ ကေ့စ်ကစလို့ သီတင်းပတ် ၃ ပတ်လောက်အတွင်းမှာ ပိုးကူးသူ ၁၀၀ ကျော်သွားတာက သေချာတာကတော့ တဦးကနေတဦး ကူးနေတဲ့ Local Transmission ဆိုတာ မလွဲမသွေသိပြီ။ နောက်ထပ် နှစ်ပတ်လောက်အတွင်းမှာလည်း နောက်ထပ် အများကြီး ထပ်တွေ့နိုင်ခြေရှိတယ်လို့ ဆရာတို့ယူဆတယ်။ အဲဒီအထဲမှာ ကိုယ်မပါအောင် လူတဦးချင်း တဦးချင်းစီကပဲ တာဝန်ယူ ဆောင်ရွက်ရမယ်လို့ ထင်တယ်။ အထူးသဖြင့်ကတော့ မနက်ဖြန်ဆိုရင် လုပ်ငန်းခွင်တွေဆီကို တချို့တွေလည်း ပြန်ဝင်ကြဖို့ အခြေအနေရှိတယ်။

“ဒီလိုအနေအထားမှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာပြီး အပြင်ကို ထွက်မှသာလျှင် တဦးကနေတဦး ကူးနေတဲ့ Local Transmission ဖြစ်လာမှာကို ကာကွယ်နိုင်မှာပါ။ အပြင်ထွက်ရင် Mask မဖြစ်မနေတပ်ပါ။ Social Distancing တတ်နိုင်သလောက် ခပ်ခွာခွာနေပေးကြပါ။ အိမ်ထဲမှာပဲနေကြပါ။ ဒါကြောင့် လူတိုင်းလူတိုင်း တဦးချင်း တယောက်ချင်းစီမှာ အခုညွှန်ကြားနေတဲ့ Stay Home Lock down ညွှန်ကြားချက်တွေကို လိုက်နာပေးကြပါလို့ပဲ အကြံပြုရမှာပေါ့နော်။”

ဒါကြောင့် အခု မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကိုဗစ် ဒီ့ထက်ပိုပြီး မဖြစ်ပွားလာအောင် လူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးဆုံးဖြစ်သလို အစိုးရ တာဝန်ရှိသူပိုင်းကလည်း ပြည်သူကို စနစ်ကျတဲ့ ဦးဆောင်မှုမျိုးတွေနဲ့ ညွှန်ကြားပေးဖို့ လိုတယ်လို့လည်း ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသွားတာပါ။

အခုဆိုရင်တော့ မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ လတ်တလောမှာတော့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတချို့မှာ ညမထွက်ရအမိန့်တွေ၊ လူစုလူဝေးမလုပ်ဖို့ အမိန့်တွေ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------------

(Unicode)















XS
SM
MD
LG