သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ရဲ့ ဆင်းရဲမှုစစ်တမ်း


ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ
မြန်မာပြည်ရဲ့ ဆင်းရဲမှုစစ်တမ်း
please wait

No media source currently available

0:00 0:05:43 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းနဲ့ ဆင်းရဲမှုအခြေအနေကို ကမ္ဘာ့ဘဏ်နဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ပူးတွဲလေ့လာဆန်းစစ်ပြီး လွန်ခဲ့တဲ့ သြဂုတ်လက စစ်တမ်းတစောင် ထုတ်ပြန်ထားပါတယ်။ ၂၀၀၄ နဲ့ ၂၀၀၉ မှာ ကောက်ယူတဲ့ အိမ်ထောင်စု အချက်အလက်စာရင်းကို အခြေခံပြီး စစ်တမ်းထုတ်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ကသုံးတဲ့နည်းနဲ့ အစိုးရဌာနသုံးတဲ့နည်း နှစ်ခုစလုံးကိုသုံးပြီး တိုင်းတာတဲ့အခါမှာ ဆင်းရဲသားဦးရေ ကျဆင်းလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဘဝရပ်တည်ရေးအတွက် လိုအပ်တဲ့ အခြေခံလိုအပ်ချက် ချို့တဲ့တာကို ဆင်းရဲမှုအဖြစ် သတ်မှတ်ထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ တွက်ကိန်းအရဆိုရင် ၂၀၀၅ မှာ ဆင်းရဲသူ (၄၅) ရာခိုင်နှုန်း ရှိရာကနေ ဆယ်နှစ်ကြာတဲ့အခါ ၂၀၁၅ မှာ (၂၆) ရာခိုင်နှုန်းအထိ ကျဆင်းလာပါတယ်။ အစိုးရသုံးတဲ့ ကိန်းကဏန်းကတော့ ကမ္ဘာ့ဘဏ်ထက် ပိုနည်းပါတယ်။ ၂၀၀၅ မှာ ဆင်းရဲသူ (၃၂) ရာခိုင်နှုန်းရှိရာက (၂၀၁၅) မှာ (၂၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ အစိုးရစာရင်းဇယားမှာ ဖော်ပြပါတယ်။ ဆင်းရဲသူဦးရေ နည်းပါးလာတာကို စာရင်းဇယား (၂) ခုစလုံးမှာ တွေ့နိုင်ပါတယ်။ စာသုံးမှုစရိတ်နဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုကိုကြည့်ရင် နေထိုင်မှုအဆင့်အတန်း မြင့်မားလာတာကို တွေ့နိုင်တယ်လို့ ဆင်းရဲမှုစစ်တမ်းမှာ ဖော်ပြပါတယ်။

ဆင်းရဲမှုကို သတ်မှတ်တဲ့အခါမှာ ဖူလုံမှုကိုလည်း သတ်မှတ်ဖို့ လိုအပ်လာပါတယ်။ ဘယ်လို အခြေအနေကို ဖူလုံမှုလို့ သတ်မှတ်ပြီး၊ ဘယ်လို အခြေအနေကို ဆင်းရဲမှုလို့ သတ်မှတ်မယ်ဆိုတာကို ပထမဦးဆုံး ဆုံးဖြတ်ဖို့ လိုပါတယ်။ ဖူလုံမှုဆိုတာ လူတဦးရဲ့ ကောင်းမွန်တဲ့ဘဝ (သို့မဟုတ်) ရေရှည်သာယာမှုကို ဆိုလိုတာ ဖြစ်ပါတယ်။ ဖူလုံမှုကို ငွေကြေးနဲ့ တိုင်းတာပါတယ်။ အိမ်ထောင်စု စားသုံးမှုစရိတ်နဲ့ အိမ်ထောင်စု ဝင်ငွေပေါ်မှာ အခြေခံတဲ့အတွက် ဝင်ငွေကောင်းလေ၊ ဖူလုံမှုအားကောင်းလေ ဖြစ်ပါတယ်။ ဖူလုံမှုအခြေအနေ အနိမ့်ဆုံးအဆင့်ကို ဆင်းရဲမှုလို့ သတ်မှတ်ပါတယ်။ ဘဝရပ်တည်ရေးအတွက် အနည်းဆုံး လိုအပ်ချက်သာရှိတာကို ဆင်းရဲမှုလို့ သတ်မှတ်ပါတယ်။ ဒါကလဲ တနေရာနဲ့တနေရာ တူတာ မဟုတ်ပါဘူး။ ရိက္ခာရှာဖွေရေးကို အဓိကထားရတဲ့ နေရာရှိသလို ဂရုစိုက်စရာ မလိုတဲ့နေရာလည်း ရှိပါတယ်။

ရိက္ခာစရိတ်၊ စွမ်းအင်စရိတ်၊ လမ်းစရိတ်၊ ပညာရေးနဲ့ ကျန်းမာရေးစရိတ်နဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု စတာတွေဟာ ဖူလုံမှုထဲမှာ ပါဝင်ပါတယ်။ ရိက္ခာတင်မကဘဲ အခြားအခြေခံလိုအပ်ချက်တွေ ဝယ်နိုင်တာကို အနိမ့်ဆုံးလူနေမှုအဆင့်လို့ သတ်မှတ်ပါတယ်။ ဒီအနိမ့်ဆုံးအဆင့်အောက်ကို ရောက်သွားရင် ဆင်းရဲမှုလို့ ခေါ်ပါတယ်။ ဒါကြောင့် ဘဝရပ်တည်ရေးအတွက် အနိမ့်ဆုံး လိုအပ်ချက် သတ်မှတ်တဲ့ပေါ်မှာလိုက်ပြီး ဆင်းရဲမှု တိုင်းတာချက် ကွဲလွဲသွားပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘဏ်နဲ့ မြန်မာအစိုးရရဲ့ တိုင်းတာချက် နှစ်ခုစလုံးမှာ ၂၀၀၅ ကနေ ၂၀၁၅ အထိ ဆယ်နှစ်အတွင်းမှာ ဆင်းရဲမှု (၄၀) ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။ မြို့နယ်လူဦးရေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာပါတယ်။ ကျေးလက်လူနေမှုအဆင့်အတန်းလည်း အထိုက်အလျှောက် တိုးတက်လာတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

ဘယ်နည်းနဲ့တိုင်းတိုင်း မြန်မာပြည်မှာ ဆင်းရဲသားဦးရေ ကျဆင်းလာတာ တွေ့ရတယ်လို့ စစ်တမ်းမှာ သုံးသပ်ထားပါတယ်။ မြို့မှာရော၊ ကျေးလက်မှာရော ဆင်းရဲမှု ကျဆင်းလာပါတယ်။ ဆင်းရဲစဉ်က အိမ်ထောင်စုဝင်ငွေ အများစုကို ရိက္ခာအတွက် အသုံးပြုခဲ့ရပြီး၊ တဖြည်းဖြည်းနဲ့ အခြားစရိတ်စကအတွက်ပါ သုံးနိုင်လာပါတယ်။ ဥပမာ - ၂၀၁၀ မှာ မူလတန်း တက်နိုင်တဲ့ကလေး (၈၈) ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၁၅ မှာ (၉၃) ရာခိုင်နှုန်းအထိ တိုးပွားလာပါတယ်။ တီဗီနဲ့ မော်တော်ဆိုင်ကယ်ပိုင်သူ ဦးရေလည်း တိုးပွားလာပါတယ်။ ဘဝဖူလုံမှု အားကောင်းလာလေလေ ဥစ္စာပစ္စည်းပိုင်ဆိုင်သူ များလေလေ ဖြစ်ပါတယ်။ စားသုံးသူတွေရဲ့ ဝယ်အားတိုးပွားလာပြီး ဈေးကွက်တည်ငြိမ်လာတာကို ပြသတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလမှာ လူတဦးစီရဲ့ အသုံးစရိတ် တိုးပွားလာပါတယ်။ ကျေးလက်မှာ နှစ်စဉ်အသုံးစရိတ် (၁) ရာခိုင်နှုန်း တိုးလာပြီး မြို့မှာ (၂) ရာခိုင်နှုန်း တိုးပွားလာပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးပြုပြင်မှုတွေ လုပ်တဲ့အတွက် ဆင်းရဲမှု ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ပြည်သူနဲ့ အစိုးရ ဆက်သွယ်မှု ကောင်းလာတာဟာလည်း ဆင်းရဲမှုနည်းပါးတဲ့ အကြောင်းရင်းတရပ် ဖြစ်ပါတယ်။ ဝန်ဆောင်လုပ်ငန်းမှာ တိုးတက်မှုနှုန်း အများဆုံး ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍ တိုးတက်လာတာဟာ မြို့နေဆင်းရဲသားဦးရေကို ကျဆင်းစေပါတယ်။

Telecom ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာတာဟာ စီးပွားရေးလုပ်ငန်းတွေအတွက်ရော စားသုံးသူတွေအတွက်ရော အကျိုးရှိပါတယ်။ စိုက်ပျိုးရေးမှာ တိုးတက်မှုရှိပေမယ့် အခြားလုပ်ငန်းကဏ္ဍတွေကို မမီသေးပါဘူး။ အလားအလာ ရှိပေမယ့် မထုတ်လုပ်နိုင်သေးတဲ့ စိုက်ပျိုးလယ်ယာမြေတွေ ဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ စိုက်ပျိုးမြေ (၅၅) ရာခိုင်နှုန်းမှာ စပါးစိုက်ပေမယ့် အာဆီယံဒေသမှာ မြန်မာနိုင်ငံဟာ ဆန်ထွက်နှုန်း အနည်းဆုံး ဖြစ်နေပါတယ်။ ဒါကြောင့်မို့ လယ်သမားတွေ ဝင်ငွေနည်းတဲ့အတွက် ဆင်းရဲမှုနှုန်း ကျဆင်းအောင် လုပ်နိုင်ဖို့ အခက်အခဲ ရှိပါတယ်။ လူ့အဖွဲ့အစည်း ပြောင်းလဲတဲ့အပေါ်မှာ အခြေခံပြီး အခြေခံလိုအပ်ချက် ပြောင်းလဲလာပါတယ်။ ဒါကြောင့် ဆင်းရဲမှုကို သတ်မှတ်တဲ့နည်းလမ်းလည်း ပြောင်းလဲလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်နဲ့ စီမံကိန်းဝန်ကြီးဌာနတို့ ပူးတွဲထုတ်ဝေတဲ့ “ဆင်းရဲမှုစစ်တမ်း” မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG