သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုမြို့နယ် လေကြောင်းတိုက်ခိုက်မှု စစ်ပြေးဒုက္ခသည် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ 


ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက လေကြောင်းကနေဗုံးကြဲခံရတဲ့ ဒေါရောက်ခူကျေးရွာနဲ့ တိုက်ခိုက်ခံရတဲ့ ကုန်းသာရွာ (Credit to MIMU)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက လေကြောင်းကနေဗုံးကြဲခံရတဲ့ ဒေါရောက်ခူကျေးရွာနဲ့ တိုက်ခိုက်ခံရတဲ့ ကုန်းသာရွာ (Credit to MIMU)

[[Zawgyi/Unicode]]

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ပြေးဒုက္ခသည်တွေခိုလှုံနေကြတဲ့ ဒေါရောက်ခူကျေးရွာ အပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ပြေးဒုက္ခသည် ၁ ဦးထက်မနည်း သေဆုံး ပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်မြို့ အပါအဝင် စစ်ပြေးဒုက္ခသည် အများအပြားရှိတဲ့ ဒေါရောက်ခူကျေးရွာပေါ် ခုလိုတိုက်ခိုက်ခံရတဲ့အတွက် ရွာခံ တွေရော ဒုက္ခသည်တွေပါ နောက်ထပ်ဘေးလွတ်ရာ ထပ်ပြီး ပုန်းရှောင်နေကြရပါတယ်။ ဒီးမော့ဆို မြို့နယ်ထဲကပဲ ကုန်းသာကျေးရွာမှာလည်း မနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ဒေါရောက်ခူကျေးရွာအပေါ် စစ်ကောင်စီတပ်တွေက ဒီနေ့ မတ်လ ၁၁ ရက် သောကြာနေ့ မနက်အစောပိုင်းကစပြီး လေကြောင်းက တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာမှာ လွိုင်ကော်မြို့က စစ်ပြေးဒုက္ခသည်တွေအပါအဝင် တိုက်ပွဲ ဖြစ်တဲ့ တခြားဒေသတွေက ဒုက္ခသည်တွေလည်း အများအပြားရှိနေတာဖြစ်ပြီး အခုလို တိုက်ခိုက်ခံ ရတဲ့အတွက် စစ်ပြေးဒုက္ခသည် ၁ ဦးထက်မနည်းသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ လေယာဉ် ၅ စီးနဲ့ ဒီနေ့မနက် ၄ နာရီကျော်မှာ တခေါက်နဲ့ မနက် ၆ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခံ ရပြီး ယာယီဒုက္ခသည်စခန်းတွေ ပျက်စီးသွားတယ်လို့ ဒေသခံတယောက်က အခုလို ရှင်းပြပါတယ်။

“မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ သူတို့ ၂ လုံးလာကြဲတယ်ပေါ့နော်။ လေယာဉ် ၂ စီးနဲ့ တစီးကို တလုံးစီးလာကြဲတယ်။ အဲ့မှာ ဒေသခံမဟုတ်ဘဲနဲ့ စစ်ရှောင် လွိုင်ကော်ကနေ ရှောင်လာတဲ့ အရပ်သား ပြည်သူတယောက် ပွဲချင်းပြီးသေတာပေါ့နော်။ နောက်တယောက်က ဒဏ်ရာအကြီးအကျယ်ရတယ်။ နောက်တယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာမျိုးရတယ်ပေါ့နော်။ ပြီးတော့ မနက် ၆ နာရီ ၄၅ မိနစ်နဲ့ ၇ နာရီခွဲအထိကို လေယာဉ် ၃ စီးနဲ့ ပေါ့နော်၊ သူတို့ အလှည့်ကျလာပစ်တယ်။ အဲ့မှာ ၈ ကြိမ်လောက် ပစ်သွားတယ်ပေါ့နော်၊ စစ်ရှောင်စခန်းတောင်ပေါ် တနေရာမှာ သူပစ်သွားတယ်ပေါ့နော်။ (ဒုတိယ အကြိမ် ဗုံးကြဲတာ) ထိခိုက်သေဆုံးတာ မရှိတော့ဘူး။ ဒီစစ်ရှောင်စခန်းကို လာပစ်တဲ့အချိန်မှာပေါ့နော်၊ ပထမတခေါက် ကျနော်တို့လူတယောက် သေသွားတဲ့အတွက်ပေါ့နော်။ ဒီအကုန်လုံး နည်းနည်း ကာဗာ ယူနိုင်တဲ့အတွက်ပေါ့နော်၊ ဒီနောက်ထပ်လာပစ်တဲ့ဟာကတော့ ဒီသူတို့ရှောင်နေတဲ့ စခန်းတွေကို တော်တော်များများ ပျက်စီးတယ်ပေါ့နော်။”

ဒေသခံနဲ့ စစ်ပြေးခိုလှုံသူစုစုပေါင်း ၁ သောင်းလောက်ရှိတဲ့ ဒေါရောက်ခူကျေးရွာကို စစ်တပ်က ခုလို တိုက်ခိုက်တာကြောင့် နောက် ထပ် ဘေးကင်းမယ့် နေရာတွေကို ပြောင်းရွှေ့ခိုလှုံဖို့လည်း လုပ်နေကြ တယ်လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒေါရောက်ခူကျေးရွာဘက်မှာ အရင်တိုက်ပွဲတွေ မဖြစ်ဖူးဘဲ စစ်ကောင်စီတပ်က ဘာကြောင့် လေကြောင်းနဲ့ တိုက်ခိုက်လဲဆိုတာ နားမလည်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒေါ ရောက်ခူရွာနဲ့ ၂၅ မိုင်ထက်မနည်း ဝေးတဲ့နေရာတွေမှာတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ် ရေးတပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။

“သူတို့က အများအပြား စစ်ရှောင်ရှိတဲ့နေရာကိုပဲ ရွေးပြီးချတဲ့ပုံစံ၊ မဲပြီး ချတဲ့ ပုံစံမျိုးဖြစ်နေတယ် အခုက။ အဲ့ဒီမှာတော့ တိုက်ပွဲတခါမှမဖြစ်ဖူးဘူးပေါ့နော်။ (တိုက်ပွဲဧရိယာနဲ့)ဝေးတယ်ဗျ၊ အဲ့ဒီ နေရာနဲ့ တော်တော်ဝေးတယ်၊ အဲ့ဒီနေရာတွေ ၂၅ မိုင်၊ မိုင် ၃၀ လောက်ရှိမယ်။”

မနေ့တုန်းကလည်း ဒီးမော့ဆိုမြို့နယ်ထဲက ဒေါငံခါးကျေးရွာကို လေယာဉ်ပေါ်က ဗုံးကြဲခဲ့လို့ ကက်သလစ် သီလရှင်ကျောင်းတွေနဲ့ လူနေအိမ်တချို့ ပျက်စီးသွားခဲ့ပါသေးတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း ဖရူဆိုမြို့နယ် ရီခီးဘူးကျေးရွာက ယာယီစစ်ဘေးဒုက္ခသည်စခန်း ၂ ခုကို စစ် လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဖရူဆိုမြို့နယ် အနောက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီက ဗွီအိုအေကို ပြောဆိုထားပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ ရှိရာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်၊ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာ ၆ ကြိမ် ထက်မနည်း ရှိနေပြီလို့ ဒေသခံက ပြောပါတယ်။ ဒီးမော့ဆိုနယ်မြို့နယ်ထဲမှာ စစ်ကောင်စီ တပ်တွေက စစ်ရေးလှုပ်ရှားမှုတွေနဲ့အတူ ဆက်ပြီး ထိုးစစ်ဆင်နေပါတယ်။ တချို့နေရာတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ကုန်းသာကျေးရွာတဝိုက်မှာဆိုရင် နေ့စဉ်လိုလို နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေပြီး ဒီနေ့ သောကြာနေ့ မနက်စောစောပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အကြောင်း ဒေသခံကပြောပါတယ်။ ဒီနေ့ ကုန်းသာရွာဘက်က တိုက်ပွဲတွေမှာတော့ လေယာဉ်နဲ့ ပစ်ခတ်တာမရှိပေမယ့် မနေ့တုန်းက တိုက်ပွဲမစခင်မှာ လေကြောင်းကနေ အရင် ဗုံးကြဲတိုက်ခိုက်တယ်လို့ ပြောပါတယ်။

“ကုန်းသာတော့ နေ့တိုင်းလိုလိုပဲ အခုက လက်နက်ကြီးပစ်တယ်ဗျ။ နောက်ဗုံးကြဲတာ ဒီနေ့တော့ မကြားရသေးဘူး။ မနေ့ကတော့ တိုက်ပွဲဖြစ်တယ်ဗျ။ ဒါပေမယ့် သူတို့က တိုက်ပွဲမစခင် အာရုံဦး အချိန်ကပေါ့နော်၊ ဗုံးကြဲတယ်ဗျ။ ခန့်မှန်ခြေ အိမ် ၁၀ လုံးထက်မနည်းပေါ့နော် ပျက်စီးသွားတယ်ဗျ။”

ဒီးမော့ဆိုမြို့နယ်ထဲမှာ ၂၀၂၁ ခုနှစ် မေလကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ကြိုကြား ကြိုကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၁၆ ရက်နောက်ပိုင်းမှာတော့ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ် နေပါတယ်။ ရက် ၂၀ ကျော် ရှိနေပြီဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက် လက်နက်ကြီးတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]













==================

XS
SM
MD
LG