သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို EITI အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းတော့မည်


EITI website စာမျက်နှာ
EITI website စာမျက်နှာ

(Zawgyi/Unicode)

EITI လို့ အတိုခေါက်ခေါ်တဲ့ တွင်းထွက်သယံဇာတထုတ်လုပ်မူပွင့်လင်းမြင်သာရေး နိုင်ငံတကာအဖွဲ့ကြီးက မြန်မာနိုင်ငံအပေါ်၊ ၂၀၁၄ ခုနှစ်ကစဖြစ်လာတဲ့ အဖွဲ့ဝင် (Candidate Country) ကနေ ယာယီရပ်ဆိုင်းဖို့ရှိနေပါတယ်။ အခုလို ရပ်ဆိုင်းဖို့ သူတို့ဘက်က တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံ EITI အဖွဲ့ဝင်ဖြစ်လာရေး ကျိုးပမ်းဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး နောက်တနေ့မှာဘဲ နိုင်ငံတကာ EITI ဥက္ကဌ နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း Helen Clark ကနေ အထူးစိုးရိမ်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့အပြီးမှာ မြန်မာကို အဖွဲ့ဝင်အဖြစ်က ယာယီရပ်ဆိုင်းဖို့အခြေအနေထိ ဖြစ်လာခဲ့တာပါ။

အပြည့်အစုံကိုတော့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ EITI အဖွဲ့စဖြစ်ပေါ်ရေး ၆ နှစ်ကျော်ဆက်တိုက်ကြိုးပမ်းလုပ်ဆောင်ခဲ့ ကျိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ မြန်မာအစိုးရဝန်ကြီးအဆင့်ရှိသူတွေ၊ တွင်းထွက်စီးပွားရေး ကုမ္ပဏီအရာရှိကြီးတွေနဲ့ ထင်သာမြင်သာရှိရေးအ ရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေ စတဲ့ ၃ ပွင့်ဆိုင်အဖွဲ့မှာ ပါဝင်ခဲ့သူ အဖွဲ့ဝင်ဟောင်း မမိုးမိုးထွန်းက -

“ စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကနေ စပြီးတော့ ကျမတို့ ဘာစလုပ်ခဲ့သလဲဆိုတော့ International EITI အဖွဲ့ကို ကျမတို့က စာပို့ခဲ့တယ် ပြီးတော့ International EITI အဖွဲ့ရဲ့ ဥက္ကဋ္ဌကလည်း ကျမတို့ မြန်မာနိုင်ငံအတွက် စိုးရိမ်တယ်။ ဒီလို အာဏာသိမ်းတာကို သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပထမဆုံးပြောခဲ့တယ်။ ပြောခဲ့တဲ့အခါကျတော့ ကျမတို့ကလည်း နိုင်ငံအတွင်းဖြစ်တဲ့ ဖြစ်စဉ်လေးတွေ အားလုံးကို ပြောခဲ့တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အခုလို အချိန်တိုတိုအတွင်း တုံ့ပြန်လာတာက EITI အဖွဲ့ကရော ဘယ်လိုမျိုး မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုတွေ ရှိနေသလဲ။

မမိုးမိုးထွန်း။ ။ ကျမတို့ တောင်းဆိုတယ်ဆိုတာထက် ပထမဦးဆုံး ကျမတို့ မတောင်းဆိုခင်မှာ စပြီးတော့ သူတို့ဘက်က ထုတ်ပြန်လာတာရှိတယ်။ EITI ရဲ့ Chair ဖြစ်တဲ့ Helen Clark ကနေပြီးတော့ သူတို့သည် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေ အပေါ်မှာ သူတို့ စိုးရိမ်တယ်။ ဒီလိုမျိုး စစ်အာဏာသိမ်းတယ်ဆိုတဲ့ စကားလုံးတွေကိုလည်း သူ သုံးလာတာမျိုး ကျမတို့ တွေ့ရတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ မြန်မာနိုင်ငံဘက်ကရော ဒီလိုမျိုး နိုင်ငံတကာ EITI ဘက်ကို ဘာတွေပြန်ရှင်းပြဖြစ်ခဲ့ပါသလဲ။

မမိုးမိုးထွန်း။ ။ EITI ရဲ့အဓိက ဝန်ကြီးဌာနတွေမှာရှိတဲ့ ဝန်ကြီးတွေ ဒုဝန်ကြီးတွေ MOPFI တို့ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဝန်ကြီးတွေ ဒုဝန်ကြီးတွေကို သူတို့ ဖမ်းဆီးထားတာမျိုးတွေရှိပါတယ်။ နောက်တခုကတော့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဌာနက ဝန်ကြီး ဦးစိုးဝင်းဆိုရင် ဒီကနေ့အချိန်အထိ မလွှတ်မြောက်သေးပါဘူး။ ဖမ်းဆီးထိန်းသိမ်းခံထားရတာတွေရှိပါတယ် ဆိုတဲ့အကြောင်းကို ကျမတို့ EITI အပေါ်မှာ သက်ရောက်မယ့် သက်ရောက်မှုတွေကို ကျမတို့ စာထဲမှာ ကျမတို့ ရှင်းရှင်းလင်းလင်း ထည့်ပေးထားခဲ့တယ်ပေါ့နော်။ ဒီစစ်အာဏာသိမ်းမှုကြောင့် အဓိက ဝန်ကြီးတွေကို ဖယ်ရှားလိုက်တယ် ။ မြန်မာနိုင်ငံရဲ့ သွားနေတဲ့ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်တွေအားလုံးကို ကျမတို့ တိုက်ရိုက်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာလည်း ကျမတို့ ထည့်ထားတာမျိုးတွေရှိတယ်။ ဒါကျတော့ ကျမတို့သည် ဒီမိုကရေစီနိုင်ငံကိုသွားနေတာ ၊ ဒီမိုကရေစီနိုင်ငံတခုအဖြစ် တည်ဆောက်နေတဲ့ အချိန်ကာလအတွင်းမှာ ဒီလိုမျိုးနောက်ပြန်ဆုတ်တဲ့ အာဏာသိမ်းမှုတွေကို ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ လက်မခံသင့်တဲ့အရာဖြစ်တာဖြစ်တဲ့အတွက် ကျမတို့ မြန်မာနိုင်ငံနဲ့ ဆောင်ရွက်နေတဲ့ EITI လုပ်ငန်းစဉ်တွေကို စစ်အစိုးရနဲ့ ဆက်မလုပ်ဖို့ suspend ချပေးဖို့ ဆိုပြီးတော့ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ စတင်တောင်းဆိုခဲ့ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ မြန်မာ EITI ဘက်ကနေ အခုလို တောင်းဆိုချက်အရ နိုင်ငံတကာ EITI ဘက်ကလည်း မြန်မာနိုင်ငံကို ယာယီရပ်ဆိုင်းဖို့ ပြင်ဆင်လာတဲ့သဘောပေ့ါနော်။

မမိုးမိုးထွန်း။ ။ ဟုတ်ကဲ့

ကိုဝင်းမင်း။ ။ အဲဒီတော့ အခုလို ရပ်ဆိုင်းလိုက်ရင် မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

မမိုးမိုးထွန်း။ ။ ကျမတို့ နိုင်ငံရဲ့ ပုံရိပ်ကို အရမ်းထိခိုက်ပါတယ်။ နောက် ကျမတို့ နိုင်ငံကို ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဖို့ အင်မတန်မှ ခက်သွားတဲ့အခြေအနေမျိုးရှိပါတယ်။ နောက် ကျမတို့က အစောကတည်းကနေ သွားတဲ့နေတဲ့ လုပ်ငန်းစဉ်ကြီးတခုလုံးမှာ မရှင်းလင်းနေတာတွေက ရှိပါတယ်။ ကျမတို့သည် စစ်တပ်က ပိုင်ဆိုင်တဲ့ MEC (Myanmar Economic Corporation) တို့ MEHL (Myanmar Economic Holdings Limited) ဆိုတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ ဦးပိုင်ပေါ့ ။ ဒါတွေက နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းလားဆိုတာ ဒီနေ့အချိန်အထိ EITI စားပွဲဝိုင်းမှာ ဆွေးနွေးနေတဲ့ ကိစ္စပါ။ ကျမတို့ ပြည်သူပြည်သားတွေအနေနဲ့ ဆုံးဖြတ်ရတာ ခက်တဲ့အတွက် ဒါသည် ပြည်ထောင်စုလွှတ်တော်ကို တင်ပြီးတော့ MEC နဲ့ MEHL သည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဟုတ်လား မဟုတ်ဘူးလား ဆုံးဖြတ်ပေးဖို့အတွက် ကျမတို့ တင်ပြတောင်းဆိုထားတာ။ ဒါတွေလည်း လုပ်နေရင်းတန်းလန်းနဲ့ ဒီစစ်အာဏာသိမ်းတာ ဖြစ်သွားတာပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ အခုဒီ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာရော နောက်ထပ်ဒီ တွင်းထွက် သံယံဇာတပစ္စည်းဆိုင်ရာ ထင်သာမြင်သာရှိမှုအတွက် ဘာတွေ စိုးရိမ်ရဖွယ်ရှိနေသေးသလဲ။

မမိုးမိုးထွန်း။ ။ ကျမတို့ ဒီထက်ပိုပြီးတော့ ရှေ့လျောက် ပွင့်လင်းမြင်သာမှု မရှိတာတွေ၊ ကျမတို့ အဂတိလိုက်စားတာတွေ ပြီးတော့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြီးတော့ သံယံဇာတ ကဏ္ဍမှာ လက်ဝါးကြီးအုပ်တာတွေ ပိုဖြစ်လာနိုင်တယ်။ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးတာတွေ ပိုဖြစ်လာနိုင်တာ ဖြစ်တဲ့အတွက် ကျမတို့ ရင်းနှီးမြှုပ်နှံမှုက ဆိုရင် တော်တော်ကို နိုင်ငံတကာကရော စဉ်းစားမယ်ဆိုတာကတော့ သေချာပေါက်ပြောလို့ရတဲ့အရာပါ။

တိုက်ရိုက် လင့်ခ်


..............


(Unicode)















XS
SM
MD
LG