သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ကမ္ဘာက မြန်မာလူထုကိုလုံလောက်တဲ့အကာအကွယ်မပေး” ကုလ အထူးကိုယ်စားလှယ်


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews အစီရင်ခံတင်ပြနေစဉ် (မတ် ၂၀၊ ၂၀၂၃)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews အစီရင်ခံတင်ပြနေစဉ် (မတ် ၂၀၊ ၂၀၂၃)

{{Zawgyi/Unicode}}


“ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံက ပြည်သူလူထုကို လုံလောက်တဲ့ အကာအကွယ်ပေးမှုက မရှိသလောက်ပဲ” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဂျနီဗာမြို့က လူ့အခွင့်အရေးကောင်စီမှာ တနင်္လာနေ့က ပြောလိုက်ပါတယ်။

“ မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းပြီး နှစ်နှစ်အကြာ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်နဲ့ကို အတိုက်အခံတွေကို ချေမှုန်းဖို့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် စစ်တပ်ဟာ အတိုက်အခံတွေကို ရပ်တန့်သွားစေဖို့ မစွမ်းဆောင်နိုင်ပေမယ့် သူတို့ဟာ နိုင်ငံကို အောင်အောင်မြင်မြင်နဲ့ ဖျက်ဆီးနေပြီး ပြည်သူလူထုရဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေး တွေကို ချိုးဖောက်နေပါတယ်။

တဘက်မှာလည်း လူထုဟာ ရဲစွမ်းသတ္တိအပြည့်နဲ့ တိုင်းပြည်ကိုကယ်တင်ဖို့ ကြိုးစားနေပေမယ့် တခြား အရေးကိစ္စတွေနဲ့ ဗျာများနေတဲ့ကမ္ဘာကြီးဟာ သူတို့ကိုမေ့သွားပြီလို့ မြန်မာနိုင်ငံက လူအများအပြားက ယုံကြည်လာကြပါတယ်။ လူ့အခွင့်အရေးတိုက်ပွဲမှာ မြန်မာပြည်သူတွေဟာ သူတို့ချည်းပဲ ရင်ဆိုင်နေရတာမဟုတ်ဘူးဆိုတာနဲ့ သူတို့ကို မေ့လျော့မထားဘူးဆိုတာ ပြသနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်လို့ ” ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် စစ်အာဏာသိမ်းပြီးကတည်းက အရပ်သား ၃,၀၀၀ သေဆုံးပြီး ၁.၃ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ နိုင်ငံရေးအကျဉ်းသား ၁၆,၀၀၀ ကျော် အကျဉ်းထောင်ထဲမှာရှိနေကြောင်း တွမ်အင်ဒရူးစ်က ထောက်ပြပါတယ်။

“စိတ်ပျက်စရာကောင်းတာက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေး လုံလောက်တဲ့ ပံ့ပိုးမှုတွေ မလုပ်တာပါ။ ကျနော်တို့ ဒီထက် ပိုကောင်းအောင်လုပ်နိုင်ပါတယ်။ လုပ်လည်း လုပ်ရပါမယ်” လို့ သူက ပြောပါတယ်။

နိုင်ငံတကာက အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံမဟုတ်တဲ့အဖွဲ့အစည်းတချို့က စစ်အစိုးရကို စစ်လက်နက်နဲ့ လက်နက်ထုတ်လုပ်ရေး ဆက်စပ်ပစ္စည်းတွေ၊ ဝင်ငွေတွေကို ဆက်လက်ပံ့ပိုးပေးနေပြီး အာဏာသိမ်း စစ်တပ်ဟာ ဒါတွေကို အသုံးချပြီး စစ်ရာဇဝတ်တွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့လည်း တွမ်အင်ဒရူးစ်က သတိပေးပြီး “ဒီလို ဖြစ်နေတာတွေ ရပ်တန့်ဖို့ လိုတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အစိုးရဟာ ရွေးကောက်ပွဲလို့ဆိုတဲ့လမ်းကြောင်းကို လောင်းကြေးထပ်ပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုကို အတိုင်းအတာတခုအထိ ရရှိဖို့ လုပ်ဆောင်နေတယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။ ဒါကို ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပြတ်ပြတ်သားသား ငြင်းပယ်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက် ကွပ်မျက်တာတွေ လုပ်နေချိန်၊ စစ်အစိုးရကို ဝေဖန်ဆန်းစစ်တာမျိုး မလုပ်နိုင်ချင်၊ သတင်းထောက်တွေဟာ သူတို့အလုပ် ဖြစ်တဲ့ သတင်းတင်ဆက်တာတွေလုပ်လို့ ထောင်ကျနေတဲ့အချိန်မျိုးမှာ စစ်မှန်တဲ့ရွေးကောက်ပွဲ ဖြစ်လာမဟုတ်ဘူးလို့လည်း တွမ်အင်ဒရူးစ်က ထောက်ပြလိုက်ပါတယ်။

တပြိုင်တည်းမှာပဲ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေဟာ စစ်တပ်ရဲ့ရာဇဝတ်မှုတွေကို တားဆီးဖို့ ထိရောက်မှုမရှိဘဲ စစ်အစိုးရဟာ “ရှုတ်ချကြောင်း ကြေညာချက်တွေ” ကို အလေးဂရုပြုမှာမဟုတ်ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch က ပြောပါတယ်။ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေက အရေးကြီးပေမယ့် နိုင်ငံတကာအနေနဲ့ ဒါတွေကိုချိတ်ဆက် ပြီး ပြင်းပြင်းထန်ထန် မဆောင်ရွက်နိုင်ခဲ့ဘူးလို့လည်း HRW က ဆိုပါတယ်။ ဒေသတွင်းက အာဆီယံအဖွဲ့ရဲ့ သဘောတူညီမှု ငါးရပ်ကိုကိုလည်း လုံးလုံးလျားလျားကို လျစ်လျူရှုထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် တွေ အတိုင်း မဆောင်ရွက်နိုင်တာကိုလည်း HRW က ထောင်ပြပါတယ်။ အဲဒီနောက်ပိုင်း သုံးလအတွင်း စစ်တပ်ဟာ လူပေါင်း ၅၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၄၂၀ ကျော်ကို စီရင်ချက်ချကာ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ ကွပ်မျက်မှုတွေအတွင်း လူပေါင်း ၂၇၅ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်အပေါ် ငွေကြေးအကျိုးအမြတ်တွေအပါအဝင် လေယာဉ်သုံးလောင်စာ၊ စစ်လက်နက်တွေ ဖြတ်တောက်ဖို့နဲ့ နိုင်ငံတကာအနေနဲ့ ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုဖို့ HRM က တောင်းဆိုထားပြီး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားအနေနဲ့ အဖွဲ့ကြီးတခုလုံးကို ဦးဆောင်သင့်ပြီး တရားမျှတမှုရစေဖို့ စစ်အစိုးရကို တာဝန်ခံစေရေး ဆောင်ရွက်သင့်တယ်လို့လည်း အစိုးရတွေကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}


“ကမ်ဘာက မွနျမာလူထုကိုလုံလောကျတဲ့အကာအကှယျမပေး” ကုလ အထူးကိုယျစားလှယျ











ဆက်စပ်သတင်းများ ...

XS
SM
MD
LG