သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICOE အစီရင်ခံစာ ဘယ်လောက်ထိရောက်မလဲ


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ICOE အစီရင်ခံစာ အပ်နှံစဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ICOE အစီရင်ခံစာ အပ်နှံစဉ်

(Zawgyi / Unicode)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ လူမျိုးတုံး သတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE ရဲ့အစီရင်ခံစာက အတိအကျပြောဆိုထားတဲ့အပေါ် မြန်မာအရေး လေ့လာစောင့်ကြည့်သူတွေဘက်က မေးခွန်းထုတ်ခဲ့ကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ ကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာ အပြည့်အစုံနဲ့ မြန်မာအစိုးရက ဆက်လက်ဆောင်ရွက်မယ့် ကိစ္စကို စောင့်ကြည့်ဖို့ လိုကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဇန်နဝါရီလ (၂၀)ရက်နေ့ ထုတ်ပြန်တဲ့ ICOE ရဲ့ ကြေညာချက်မှာ စာမျက်နှာ ၄၀၀ ကျော်ရှိတဲ့ သူတို့ရဲ့ နောက်ဆုံးအစီရင်ခံစာကို မြန်မာအစိုးရကို ပေးပို့ခဲ့ပြီဖြစ်ကြောင်းဖေါ်ပြထားတာပါ။ ဒါပေမဲ့ ICOE ဘက်က ပွင့်လင်းမြင်သာမှုရှိရှိ အများပြည်သူသိအောင် ထုတ်ပြန်ခြင်းမရှိတဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ဒီအပေါ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းရဲ့ တုံ့ပြန်ချက်ကတော့

“နံပတ် ၁ ကတော့ ပွင့်လင်းမြင်သာမှု ကိစ္စပြောရမယ်ဆိုရင် အခုဟာက သူတို့ နောက်ဆုံး Report တင်တာကိုပဲ သူတို့ ထုတ်ပြန်တာပေါ့နော်။ နောက်ထုတ်ပြန်မယ့် အစီရင်ခံစာနဲ့ ပတ်သက်လို့ကတော့ စောင့်ကြည့်ဖို့ ပြောချင်တယ်။ အသေးစိတ်ပိုင်းကိုတော့ သက်ဆိုင်ရာကနေပြီးတော့ သူတို့ သင့်တော်တဲ့အချိန် ထုတ်ပြန်ဖို့ ရှိလိမ့်မယ်လို့ ကျနော်အဲလိုမျိုး ပြောချင်တယ်ပေါ့နော်။ ဒီနေ့က အစီရင်ခံစာ တင်တယ်ဆိုတာကို ထုတ်ပြန်တာပဲ ရှိပါသေးတယ်။ အဲဒီအပေါ်မှာ ဝေဖန်တဲ့သူတွေဘက်က ပြောတယ်ဆိုတာကတော့ အဓိပ္ပါယ်မရှိပါဘူး။ ဒါတဖြေးဖြေး သိသင့်သိထိုက်တာကတော့ လာမှာပါ။ ICOE ဘက်က လုပ်စရာရှိတာတွေကို မချွင်းမချန် ဘက်လိုက်မှုမရှိပဲ တွေ့ရှိချက်တွေကို အကုန်လုံးရေးပြီးတင်မှာပဲ။ အဲဒါတင်ပြီးလို့ရှိရင် ဒီအပိုင်းနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်ဖို့ရှိတာကိုတော့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ နိုင်ငံတော်အစိုးရကတော့ သူတို့လုပ်စရာရှိတာတွေကို ဆက်ပြီးလုပ်မယ်လို့ ကျနော်အဲဒီလိုပဲပြောပါရစေ။”

မနေ့က ထုတ်ပြန်တဲ့ ICOE ရဲ့ကြေညာချက်မှာ စစ်ရာဇဝတ်ကျူးလွန်မှုတွေရှိခဲ့တယ်ဆိုတဲ့ အချက်တွေကို သူတို့အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ကိစ္စဟာ စိတ်ဝင်စားစရာကောင်းကြောင်း George Washington တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink ကပြောပါတယ်။

“ဒီအစီရင်ခံစာမှာ အဓိကဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ဖေါ်ပြထားတာကတော့ အပြုသဘောဆောင်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ကျမတို့ အသေးစိတ်မသိရပါဘူး။ သိရသလောက် ဒီအစီရင်ခံစာမှာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတဲ့ လူပေါင်း ၇ သိန်းကျော်ရဲ့ ထွက်ဆိုချက် ပါဝင်ခြင်းမရှိပါဘူး။ သူတို့ရဲ့ ထွက်ဆိုချက်တွေကို ချန်ထားခဲ့လို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဆိုးရွား ကြောက်မက်ဖွယ်ကောင်းလှတဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေကနေ အသက်မသေပဲ လွတ်မြောက်လာသူတွေ ဖြစ်ပါတယ်။”

အခုလို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသူတွေရဲ့ ထွက်ဆိုချက်တွေကို အစီရင်ခံစာမှာ ထည့်သွင်းခဲ့ခြင်းမရှိတာဟာ ဘင်္ဂလားဒေ့ရှ်ကို သွားခွင့် ICOE ဘက်က မရခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

“ICOE ကနေမှ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို အချက်အလက်တွေ ရှာဖွေစုဆောင်းခွင့်ပေါ့နော်။ မေးခွင့်တောင်းထားတာ ကြာပြီ။ သူတို့က ဟိုကိစ္စမေး၊ ဒီကိစ္စမေးနဲ့ ကျနော်တို့ သိသလောက်က ဘင်္ဂလားဒေ့ရှ်ဘက်က အချက်အလက်တွေ ဟိုဟာပြန်တောင်း ဒီဟာပြန်တောင်းနဲ့ အတော်လေးကြာတယ်ထင်တယ်။ နောက်ဆုံးဘယ်လိုဖြစ်သွားလဲမသိဘူး။”

ICOE ရဲ့ ကြေညာချက်မှာ သူတို့ အစီရင်ခံစာတွေ့ရှိချက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပြစ်မှုကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ထိ မရောက်ခဲ့ဘူးလို့ အတိအကျဖေါ်ပြထားတာနဲ့ ပတ်သက်လို့ Christina Fink ရဲ့အမြင်ကတော့

“အဓိက မေးခွန်းကတော့ လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်ချက်နဲ့ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာ အတိအကျပြောဖို့ ဒီကော်မရှင်အနေနဲ့ တကယ်ပဲ လုပ်ပိုင်ခွင့် ရှိသလားဆိုတာပါ။ နောက် ဒုတိယမေးခွန်းကတော့ ကော်မရှင်က တွေ့ခဲ့သူတွေဟာ အမှန်တကယ်ဘာတွေဖြစ်ခဲ့သလဲဆိုတာ အပြည့်အစုံအချက်အလက်တွေကို သူတို့ကို ပြောပြဖို့ သက်တောင့်သက်သာ ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလားဆိုတာပါ။ နောက်ဆုံး အဓိက မေးခွန်းကတော့ အစီရင်ခံစာမှာပါတဲ့ အထောက်အထားအချက်အလက်တွေကို အစိုးရက ဘာဆက်လုပ်မလဲဆိုတာပါ။ ကြီးမားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မကျူးလွန်ခဲ့ပါဘူးလို့ အရင်တုန်းက စစ်တပ်က ငြင်းဆိုထားပြီး အခုတော့ စစ်ရာဇဝတ် ကျူးလွန်မှုတွေရှိခဲ့တယ်ဆိုတာ ဖြစ်နေပါတယ်။ ဒါဆိုရင် ဒီအစီရင်ခံစာရဲ့ ရလဒ်အဖြစ် ခုံရုံးဖွဲ့ စစ်ဆေးမလား၊ ပြစ်မှုကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးမှာလား။

မေး။ ။ အခုလို ICOE ရဲ့အစီရင်ခံစာဟာ ICJ နိုင်ငံတကာတရားရုံးကနေ မြန်မာ-ဂမ်ဘီယာအမှုမှာ ကြားဖြတ်အရေးပေါ်စီမံမှု ထားသင့်မသင့် ဆုံးဖြတ်ချက်ချဖို့ သုံးရက်အလိုမှာထွက်လာတဲ့အပေါ် တစုံတရာ သက်ရောက်မှုရှိမရှိ Christina Fink ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ICJ တရားရုံးအနေနဲ့ ဒီအစီရင်ခံစာကို ကြည့်ချင်မှာက သေချာပါတယ်။ ဒါပေမဲ့လည်း လူမျိုးတုံး သတ်ဖြတ်မှု မဖြစ်ခဲ့ဘူးလား၊ ဖြစ်ခဲ့သလားဆိုတာကို ဆက်လက်စစ်ဆေးဆုံးဖြတ်ဖို့အတွက်ပဲ ဒီအစီရင်ခံစာက အသုံးဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျမအမြင်အရပြောရရင် ကြားဖြတ်အရေးယူ စီမံဆောင်ရွက်ချက်များ ချမှတ်သင့်မသင့် ICJ ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ ဒီအစီရင်ခံစာထုတ်ပြန်ချက်က ဘယ်လိုမှ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းရဲ့ အမြင်ကလည်း

“ ကျနော်မြင်တာကတော့ လောလောဆယ်မှာ ၂၃ ရက်နေ့မှာ Provisional measure အတွက်ပေါ့နော် စီရင်ချက်ချမှာကို သူတို့အနေနဲ့ကတော့ ပထမ ဒီ နှစ်ဘက်အပြန်အလှန် လျှောက်လဲချက်အပေါ်မှာ မူတည်ပြီးတော့ အရေးပေါ် စီမံချက်အမိန့် ထုတ်ပြန်ဖို့ သင့်၊ မသင့်ဆိုတာ ချမှတ်မယ်လို့ ကျနော်တို့ နားလည်ပါတယ်။ ဆိုတော့ လောလောဆယ် impact ကတော့ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ချမှတော့ အခုဒီ ICOE တွေ့ရှိချက်ကတော့ လောလောဆည် ကျနော်မြင်တာကတော့ ချက်ချင်း ဒီလောက်ကြီးတော့ သက်ရောက်မှု မရှိနိုင်ဘူးလို့ ထင်တယ်။ သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လူမျိုးတုံးသတ်ဖြတ်မှု မရှိပါဘူးလို့ ကျနော်တို့ဘက်က ရပ်တည်တဲ့အပေါ်မှာတော့ ခိုင်မာတဲ့ အထောက်အထားသစ်တွေ ဖြစ်လာမယ်။ နောက်တရားရုံးက ဆက်လက်ပြီးတော့ ဒီကိစ္စကို ရှိလား၊ မရှိလားဆိုတဲ့ အမှုကိစ္စကို တကယ်တမ်းလျှောက်လဲတဲ့အဆင့်ရောက်လာရင်တော့ ဒါက အများစု အထောက်အကူပြုမယ်လို့ ကျနော် အဲလိုပဲ ပြောချင်ပါတယ်။”

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ရဲ့ပြစ်မှုကျူးလွန်မှုတွေကို အရပ်သားအစိုးရဘက်က တရားစီရင်ပိုင်ခွင့် မရှိတာကြောင့် အပြစ်ရှိသူတွေကို အရေးယူနိုင်ရေးကိစ္စဟာ စစ်တပ်ရဲ့ သဘောထား အပေါ်မှာပဲ မူတည်နေမှာဖြစ်တယ်လို့ Christina Fink က ထောက်ပြပါတယ်။

ICOE အစီရင်ခံစာ ဘယ်လောက်ထိရောက်မလဲ
please wait

No media source currently available

0:00 0:05:09 0:00
တိုက်ရိုက် လင့်ခ်


.................


(Unicode)
















XS
SM
MD
LG