သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူနဲ့ ဇီးကုန်းမှာ စစ်ကြောင်းဝင်တာကြောင့်  ဒေသခံတွေ တိမ်းရှောင် 


ကန့်ဘလူမြို့ Kantbalu (photo: CJ)
ကန့်ဘလူမြို့ Kantbalu (photo: CJ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်နေရပြီး နေအိမ်တွေလည်း မီးရှို့ခံရပါတယ်။ ဇီးကုန်မြို့မှာလည်း အဖမ်းအဆီးတွေကြောင့် လူငယ်တွေရှောင်တိမ်းနေရပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းနဲ့ ကန့်ဘလူမြို့ကြားမှာရှိတဲ့ ကျေးရွာတွေမှာ စစ်တပ်က နယ်မြေ ရှင်းလင်းနေတာကြောင့် ရွာပေါင်း ၁၅ ရွာလောက်က ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ အိုးအိမ်တွေ မီးရှို့ခံရသလို စစ်တပ်က ရွာတွေထဲကို အဝေးထိန်း ဒရုန်းနဲ့ တိုက်ခိုက်တယ်လို့ ဒေသခံတို့က ပြောပါတယ်။ ကန့်ဘလူ ဒေသခံ တဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"သူတို့ အခုထိုးတာက ဒန်းပင်၊ သင်ပေါင်းကျင်း၊ ညောင်ဇင်လေးဆိုတဲ့ ရွာတွေကနေ ထိုးတာ။ ညောင်ပင်ကြီးတို့၊ ဘိုကုန်းတို့ ၁၅ ရွာ ၁၆ ရွာလောက်က ပြေးနေရတာလေ။ ဇီးကုန်းဘက်ကနေ ထိုးပြီးတော့ လက်ဆယ် သပိတ်မှောက်ဘက်ကနေပြီးတော့ ထိုးပြီးတော့ လက်ဆယ်၊ သပိတ်မှောက်ကို မီးရှို့ပြီးတော့ နောက်ရက်ကို ဒန်းပင်ကနေထိုးလိုက်တာ ကိုးမြို့ကိုမီးရှို့တယ်။ ကိုးမြို့ကိုရှို့ပြီးတော့ သိုးဘိုးကိုရှို့တယ်။ သိုးဘိုးကိုရှို့တာ သွားမကြည့်ရဲကြဘူး။ မဝင်ရသေးဘူး။ သူတို့က အဲ့ဘက်မှာရှိနေတော့။ ၁၀ ရက်နေ့က ရှို့တာ။ ဒရုန်းတွေနဲ့ညတိုင်းကြဲတာ။ ဒီကနေ့လည်း ပျောက်ကြားလောက်ကြဲတယ်။ မနေ့ကဆို တော်တော်ကိုကြဲတယ်။"

ကိုးမြို့ကျေးရွာနဲ့ သိုးဘိုးကျေးရွာကို စစ်တပ်ဘက်က မီးရှို့ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောကြပေမဲ့ စစ်ကောင်စီကတော့ မဟုတ်မမှန် ရေးသား ဖြန့်ဝေမှုဆိုပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အခု နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းက ကန့်ဘလူမြို့နယ်ထဲမှာ အခြေစိုက်တဲ့ အမှတ် (၆၀၀၆) အမြှောက်တပ်နဲ့ စစ်တပ်က သင်ပေးထားတဲ့ ပျူစောထီးတွေ စုပေါင်းပြီး ကျေးရွာတွေဘက်ကို နယ်မြေရှင်း စစ်ကြောင်းထိုးနေတာပါ။ ဒါ့အပြင် ဇီးကုန်းမြို့ပေါ်မှာလည်း စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးတာတွေကြောင့် မြို့မှာ ခြောက်ကပ်နေပြီး ဒေသခံတွေလည်း အနီးနားက ကျေးရွာတွေဆီ တိမ်းရှောင်နေရပါတယ်။ ဇီးကုန်းမြို့ပေါ်မှာ အခြေအနေနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာတွေကြောင့် တိမ်းရှောင်လာရတဲ့ ဒေသခံတဦး ပြောတာကတော့..

"အခုက လူငယ် တော်တော်များများ ဆွဲနေတာ။ နာမည်ပါလို့မဟုတ်ဘူး။ လမ်းပေါ်မှာ တွေ့တဲ့လူအကုန်ဆွဲတာ။ စိုးရိမ်တာက ပေါ်တာဆွဲပြီးရင် ပြန်မလာရမယ့် အနေအထားများတယ်။ အဲ့တာကြောင့်မို့။ မြို့ပေါ်အခြေအနေက အခုလောလောဆယ်က ခပ်ပါးပါးပဲ။ တချို့တလေ ဆိုင်တွေက ပိတ်ထားတယ်။ သူတို့က အချိန်မရွေးလာတာ။ ကန့်ဘလူနဲ့ ဇီးကုန်းလမ်းကြီးက သူတို့လမ်းလို ပုံစံဖြစ်နေတာ။ မြို့ပေါ်မှာ အသွားအလာကတော့ နည်းနည်းပဲရှိတာပေါ့။ ကားသမားတွေလောက်ပဲ ရှိတော့တာ။ အများကြီးတောင် မရှိတော့ဘူး။ လုပ်တဲ့လူလည်း နည်းနည်း ပါးသွားတာပေါ့။"

ဒေသခံတွေ ပြောပြချက်အရ စစ်တပ်နဲ့ စစ်တပ် ထောက်ခံသူတွေဟာ ဇီးကုန်းမြို့ပေါ်ကို ကားတွေနဲ့ ရောက်လာပြီး လမ်းမှာတွေ့တဲ့ လူငယ်ပိုင်း အမျိုးသား အမျိုးသမီး ၁၀၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပြောပါတယ်။ ဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG