သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယား၊ ဖရူဆိုမြို့အနီး ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ


ကယားပြည်နယ် ဖရူဆိုမြို့ဝန်းကျင်မှာ ၂၀၂၂ ခု၊ ဇွန်လအစောပိုင်း ၄ ရက်ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ KNDF က သိမ်းဆည်းရမိသည့် လက်နက် ခဲယမ်းများ။(ဓာတ်ပုံ-KNDF)
ကယားပြည်နယ် ဖရူဆိုမြို့ဝန်းကျင်မှာ ၂၀၂၂ ခု၊ ဇွန်လအစောပိုင်း ၄ ရက်ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ KNDF က သိမ်းဆည်းရမိသည့် လက်နက် ခဲယမ်းများ။(ဓာတ်ပုံ-KNDF)

[[Zawgyi/Unicode]]

ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဆင် စစ်ရေးလှုပ်ရှားမှုကြောင့် ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ ဇွန်လ ၁၀ ရက်နေ့ကစပြီး ဒီနေ့အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပါတယ်။ ဒေသခံတွေလည်း အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ပြေးရှောင်နေရပြီး အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ အခက်အခဲဖြစ်နေကြသလို စစ်ပြေးဒုက္ခသည်တွေကြား ဝမ်းရောဂါ ခံစားနေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ဖရူဆိုမြို့နယ်အနီး ဘောလခဲ-ဒီးမော့ဆို-ဖရူဆို စတဲ့ လမ်းမကြီးတလျှောက် ဇွန်လ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဆင်လာပါတယ်။

စစ်ကောင်စီဘက်က အဲဒီလို စစ်ရေးလှုပ်ရှားမှုကြောင့် ဖရူဆိုမြို့နယ်၊ ဒေါ်ညေခူကျေးရွာနဲ့ ထီးပေါ့ဆို ကျေးရွာတွေဘက်မှာ ဇွန်လ ၁၀ ရက်ကနေ ဒီနေ့ ဇွန်လ ၁၄ ရက်အထိ ၄ ရက်ဆင်တိုက် ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ထိတွေ့တိုက်ပွဲဖြစ်တာကတော့ ဇွန်လ ၁၀ ရက်နေ့လောက်မှာ စဖြစ်တယ်ပေါ့နော်။ ဖရူဆိုမြို့နယ်ထဲက ထီးပေါ့ဆိုရယ်၊ ဒေါးညေခူကျေးရွာမှာဖြစ်ပါတယ်။ အခုချိန်ထိလည်း အဲ့မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းတွေ အလုံးအရင်းနဲ့ ထိုးလာတုန်းရှိသေးတယ်ပေ့ါနော်။ ဆိုတော့ အဲ့မှာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေကတော့ ဖြစ်နေတုန်းပဲပေ့ါနော်။ စစ်ကောင်စီတပ်က အဓိကတော့ ဒီ လွိုင်ကော်၊ ဒီးမော့ဆို ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်း အဲ့ဒီလမ်းမကြီးပေါ့နော်။ ပြည်ထောင်စုလမ်းမလို့ ပြောရမလား၊ အဲ့ဒီလမ်းမကြီးကို သူတို့ကတော့ထိန်းချုပ်ချင်တဲ့ ပုံစံမျိုးပေ့ါနော်။ သူတို့ရိက္ခာတွေ ပို့လို့အဆင်ပြေအောင် သူတို့လူချိန်းတာတို့ တပ်အင်အားဖြည့်တာတို့ အပြောင်းအလဲလုပ်တာတွေ အဆင်ပြေအောင် အဲ့လမ်းမကြီးကို ထိန်းချုပ်ချင် တဲ့အတွက် လမ်းမကြီးတလျှောက်ပေါ့နော်။ ဘေးဝဲယာရှိ ကျေးရွာတွေကို သူတို့က စစ်ကြောင်းထိုးတဲ့ ပုံစံမျိုးဖြစ်တာပေါ့နော်။”

စစ်ကောင်စီတပ်တွေက ထောက်ပို့ပစ္စည်းသယ်ဆောင်နိုင်ရေးနဲ့ တပ်အပြောင်းအလဲဆောင်ရွက်ရေးအတွက် ဘောလခဲ-လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက်ကို ထိန်းချုပ်ချင်တာကြောင့် အခုလို စစ်ရေးလှုပ်ရှားလာတာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ငယ် ၈ လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ KNDF က ပြောပါတယ်။ ဖရူဆိုဘက်က လတ်တလောတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ဒီးမော့ဆို ဒေသခံ စစ်ရှောင်တဦးကတော့ စစ်ကောင်စီတပ်တွေက တိုက်ပွဲမဖြစ်တဲ့အချိန်လည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ဦးတည်ရာမရှိ ပစ်ခတ်နေတယ် လို့ ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်ကြဘဲ ပြေးလွှားနေကြရပြီး အနေဆင်းရဲ အစားဆင်းရဲနဲ့ ကြုံတွေ့နေကြရတယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခုက တိုက်ပွဲမဖြစ်ဘဲ ပစ်နေတာပဲလေ။ တိုက်ပွဲမဖြစ်ဘဲ သူတို့က ခန့်မှန်းပြီးတော့ပေါ့။ PDF ရှိတဲ့ နေရာကို ခန်းမှန်းပြီး သူတို့လျှောက်ထုနေတာပဲ။ (နေရပ်ကို) ပြန်မရဘူး။ ကျနော်တို့ စစ်ရှောင်လူတွေ ပြန်မရဘူးဆိုတာက ပြန်ဖို့လည်း ခွင့်မပေးထားဘူးရယ်။ တွေ့ရင် သူတို့ တခုခုလုပ်မယ့် ပုံစံမျိုး၊ နောက်ပြီးတော့ မိုင်းတွေ ရှိတယ်ရော။ အခုလောလောဆယ်ဆယ်ကတော့ ကျနော်တို့ စားဝတ်နေရေးနဲ့ သုံးစွဲဖို့ စရိတ်တွေတော့ အခက်အခဲရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာက တချို့ဆိုရင် မိသားစုတွေက ရွှေ့ပြောင်းလာတာ ရိက္ခာတွေ ကုန်၊ ထောက်ပံ့တဲ့လူလည်း နည်းသွားပြီး မရှိသလောက်နည်းသွားပြီ။”

ရှမ်း-ကယားနယ်စပ် ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဖယ်ခုံမြို့နယ်တွေဘက် အခုရက်ပိုင်း တိုက်ပွဲတွေ မကြာမကြာ ဖြစ်ပွားနေတာပါ။
ဒါကြောင့်လည်း ထောင်နဲ့ချီတဲ့ စစ်ပြေးရှောင်ပြည်သူတွေက ဘေးလွတ်တဲ့ ကျေးရွာတွေနဲ့ ပတ်ဝန်းကျင်မြို့နယ်တွေဘက် ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။

ဒီးမော့ဆိုနဲ့ ဖရူဆိုဘက်က စစ်ပြေးရှောင်တွေဟာ မိုးဗြဲမြို့နယ်ဘက်ကို တိမ်းရှောင် လာတဲ့ သူတွေလည်း ရှိနေပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြသလို မိုးကာတဲထိုးပြီး ဖြစ်သလို နေထိုင်နေကြပါတယ်။

စစ်ပြေးဒုက္ခသည်တွေကြား ဝမ်းရောဂါခံစားနေရသူ အတော်များများရှိနေပြီး စားရေးသောက်ရေး၊ ခြင်ထောင်နဲ့ အမိုးအကာတွေ အလွန်အမင်းပင်လိုအပ်နေတယ်လို့ မိုးဗြဲစစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

“ဒီမိုးဗြဲ စစ်ရှောင်ကတော့ ဒီအရှေ့ဘက်ကမ်း တချို့ရှိမယ်။ နောက် ဒီးမော့ဆိုဘက်ခြမ်းကလူလည်း တချို့ရှိမယ်။ ဖယ်ကလည်း တချို့ဝင်လာတာရှိပါတယ်။ လူဦးရေကျတော့ ၁,၀၀၀ နဲ့ ၄၀၀ ဝန်းကျင်လောက်ရှိသွားပြီ။ အခုက မိုးရာသီဆိုတော့ ဝမ်းပျက် ဝမ်းလျှောတွေလည်း ကြုံတွေ့နေရတာပေါ့နော်။ ကလေးဝမ်းပျက်ဝမ်းလျှောတွေ၊ လူကြီး ဝမ်းပျက်ဝမ်းလျှောတွေ၊ နောက်ပြီး မိုးက ဒီရက်ပိုင်းအတွင်း မိုးတွေက ဆက်တိုက်ကောင်းနေတော့ အမိုးအကာတွေလည်း လိုအပ်တာတွေ အရမ်းများနေတယ်ပေါ့နော်။”

စစ်ပြေးဒုက္ခသည်တွေအတွက် အလှူရှင်တွေ မရှိသလောက်နည်းပါးလာပြီး ဆေးဝါးနဲ့ စားရေးသောက်ရေးတွေအပြင် တခြားလိုအပ်တဲ့နေ ပစ္စည်းတွေ အခက်အခဲဖြစ်နေကြတယ်လို့ စစ်ပြေးဒုက္ခသည်နဲ့ စစ်ရှောင်အကူအညီပေးသူက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]















============

XS
SM
MD
LG