သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ COVID-19 သံသယနဲ့ စောင့်ကြည့်လူနာတွေထဲ သေဆုံးသူ ၅ ဦး ရှိပြီ


မန္တလေးမြို့ရှိ ဆေးရုံ တခု (မှတ်တမ်းဓာတ်ပုံ - ဖေဖော်ဝါရီ ၀၂၊ ၂၀၂၀)
မန္တလေးမြို့ရှိ ဆေးရုံ တခု (မှတ်တမ်းဓာတ်ပုံ - ဖေဖော်ဝါရီ ၀၂၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 သံသယနဲ့ ဆေးရုံတင်စောင့်ကြည့် ခံနေရချိန်မှာပဲ သေဆုံးသူ ၅ ဦးအထိရှိသွားပါပြီ။ အဲဒီထဲက ၄ဦးမှာတော့ ဓာတ်ခွဲစစ်ဆေးချက်အရ ကိုရိုနာရောဂါ မရှိဘူးလို့ အဖြေထွက်ခဲ့ပြီး ကျန်တဦးကိုတော့ ဓာတ်ခွဲအတည်ပြုနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက ပြောပြသွားပါမယ်။

ကိုရိုနာရောဂါရှိ၊ မရှိ စောင့်ကြည့်ခံနေရချိန်မှာပဲ သေဆုံးခဲ့တဲ့လူနာ ၅ ဦးရဲ့ အခြေအနေကို ပြောပြပေးပါမယ်။

▪️သီပေါမှာ Coronavirus သံသယရှိသူတဦးတွေ့တဲ့ အကြောင်းလဲ ဖတ်ရှုနိုင်ပါပြီ။

COVID-19 ကိုရိုနာရောဂါ သံသယနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်နဲ့ တက်ရောက်နေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးဟာ မနေ့ကညမှာပဲ သေဆုံးသွားပါတယ်။ အဲဒီလူနာက ဖျားပြီး အသက်ရှူရခက်တာနဲ့ ချောင်းဆိုးသွေးပါတဲ့ လက္ခဏာတွေကြောင့် ဆေးရုံကိုရောက်ရှိခဲ့ပြီး သူ့ကို ကိုရိုနာရောဂါ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခဲ့တာပါ။

သူ့မှာ ကိုရိုနာရောဂါပိုးရှိ မရှိဆိုတာကို အတည်ပြုနိုင်ဖို့အတွက် စစ်ဆေးပေးမယ့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL ကို ဓာတ်ခွဲနမူနာပေးပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

စုစု။ ။ မနေ့ကပေါ့နော်။ ဒီကျိုင်းတုံဆေးရုံက စောင့်ကြည့်လူနာတဦး ည ၉ နာရီခွဲမှာ သေဆုံးသွားတယ်။ သူ့ရဲ့ဓာတ်ခွဲနမူနာကို ဒီနေ့မှာ NHL ကို ပို့မယ်ဆိုတော့ အဲဒီအခြေအနေ လှမ်းမေးတာပါ။

ဒေါက်တာခင်ခင်ကြီး။ ။ ဟုတ်ပါတယ်။ NHL ကို ဒီနေ့ပို့ဖို့ လုပ်နေပါတယ်။

အဲဒီလူနာဟာ ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင် မရှိသလို၊ COVID- 19 ရောဂါခံစားနေရသူနဲ့ ထိတွေ့တာမျိုးလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဓာတ်ခွဲအတည်မပြုနိုင်သေးပေမယ့် သူ့ရဲ့နဂိုရောဂါအခံတွေကြောင့် သေဆုံးရတယ်လို့ လတ်တလောမှာသုံးသပ်ထားတဲ့အကြောင်းကို ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကိုပြောပါတယ်။

“ကျိုင်းတုံက လူနာဆိုရင် သူ့မှာ နှလုံးကလည်း မကောင်းဘူးပေါ့နော်။ တိတိကျကျ ပြောမယ်ဆိုရင် နှလုံးလည်းမကောင်းဘူး။ သွေးထဲမှာလည်း ပိုတက်စီယမ်ဓာတ် ကျတယ်။ အဆုတ်ကလည်း ကောင်းကောင်းအလုပ် မလုပ်နိုင်ဘူး။ ဒါကြောင့် သေတာဖြစ်ပါတယ်။”

ကိုရိုနာရောဂါ သံသယနဲ့ ဆေးရုံတင်စောင့်ကြည့် ခံနေရသူတွေထဲ မန္တလေး၊ ကန်တော်နဒီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၂၂နှစ်အရွယ် အမျိုးသမီးတဦးလည်း မနေ့ကနံနက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ လူနာရဲ့ရောဂါရာဇဝင်နဲ့ သွေးစစ်ချက်အဖြေတွေအရ သွေးဆိပ်တက်တာနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီလူနာမှာတော့ ကိုရိုနာရောဂါပိုး မရှိဘူးလို့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ သိရပါတယ်။

အခုလ ၅ ရက်နဲ့ ၆ ရက်နေ့တုန်းကလည်း ကိုရိုနာရောဂါသံသယနဲ့ စောင့်ကြည့်လူနာ ၃ဦးဟာ ဆေးရုံတင်စောင့်ကြည့်ခံနေရချိန်မှာပဲ သေဆုံးခဲ့တာဖြစ်ပြီး သူတို့သုံးဦးလုံးမှာ ကိုရိုနာရောဂါပိုး မရှိကြောင်းကို အတည်ပြုထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ အခုချိန်ထိ မရှိသေးပေမယ့် ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနကတော့ ပြည်သူလူထုအနေနဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေကို လမ်းညွှန်ထားပါတယ်။

“ကျမတို့သတိပေး မှာကြားချင်တာကတော့ ပြည်သူလူထုအနေနဲ့ အဓိကအချက်ကတော့ လူထူထပ်တဲ့အထဲ လုံးဝမသွားဖို့ပါ။ လက်နဲ့ မျက်နှာတွေ နှာခေါင်းတွေ ပါးစပ်တွေကို မထိပါနဲ့။ ချောင်းဆိုး နှာချေရင် အုပ်စိုးပါ။ နောက်တခုက လက်ဆေးဖို့၊ လက်ဆေးဖို့က အနည်းဆုံး စက္ကန့်နှစ်ဆယ်ကြာ ရေနဲ့ဆပ်ပြာနဲ့ဆေးတာ အကောင်းဆုံးပါ။ မရနိုင်ရင်တော့ Hand Sanitizer ပေါ့နော်၊ ၇၀ ရာခိုင်နှုန်း Alcohol ပါတဲ့ လက်ဆေးဆပ်ပြာ Gel အရည်နဲ့ ဆေးလို့ရတယ်။ ကိုယ်ခံအားကို သေချာကောင်းအောင် လုပ်ဖို့ပေါ့နော်။ ပြည်သူလူထုကို မှာချင်တာ ဒီအချက်တွေပါပဲ။”

အခုနှစ် ဇန်နဝါရီလ ၃၁ ရက်ကနေ မတ်လ ၁၇ရက် မနေ့ကအထိ မြန်မာနိုင်ငံမှာ COVID-19 စောင့်ကြည့်နဲ့ သံသယလူနာ ၁၄၄ ဦး ရှိခဲ့ပြီးတော့ ကိုရိုနာရောဂါဖြစ်ပွားနေသူတော့ မရှိသေးပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID- 19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့တဲ့နောက်မှာပဲ မြန်မာနိုင်ငံထဲမှာလည်း ဒီရောဂါကို ကာကွယ်နိုင်ဖို့အတွက် လူစုလူဝေးနဲ့ ပြုလုပ်ရမယ့် အခမ်းအနားတွေကို အခုနှစ် ဧပြီလကုန်အထိ ယာယီပိတ်ထားလိုက်ပြီး၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နိုင်ငံတကာဝင်ထွက်ပေါက်တွေမှာပါ ရောဂါစောင့်ကြပ်တဲ့ လုပ်ငန်းတွေကို အစိုးရတာဝန်ရှိသူတွေက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၁၆၆ နိုင်ငံကို ကူးစက်ခဲ့ပြီးတော့ ဒီကနေ့ မတ်လ ၁၈ ရက်စာရင်းအရ လူပေါင်း ၂၀၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ သေဆုံးသူကတော့ ၈,၀၀၀ ကျော်အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




















XS
SM
MD
LG