သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်သွယ်ရေးဥပဒေ ပြင်ပြီးနောက်ပိုင်း ဖမ်းဆီးမှု ပိုများလာ


၂၀၁၈ မတ်လ တုန်းက လွတ်လပ်သွာထုတ်ဖော်ခွင့်အတွက် လူထုဆန္ဒပြနေစဉ်
၂၀၁၈ မတ်လ တုန်းက လွတ်လပ်သွာထုတ်ဖော်ခွင့်အတွက် လူထုဆန္ဒပြနေစဉ်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်လိုက်ပေမယ့် အခုချိန်ထိ အဲဒီဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ အရေအတွက် အဆမတန် များလာနေတာကြောင့် ပုဒ်မ ၆၆(ဃ) ကို လုံးဝဖျက်သိမ်းပေးဖို့ လိုအပ်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ အရင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲခံရသူ ၁၁ ဦး ရှိခဲ့ရာက ဥပဒေကို ပြင်ဆင်လိုက်တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လကစလို့ ၇၇ မှုအထိ ရှိလာနေတာကြောင့် တက်ကြွ လှုပ်ရှားသူတွေက အခုလို တောင်းဆိုလာတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ - “အသံ” အဖွဲ့က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ မနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ဆက်သွယ်ရေးဥပဒေနဲ့ ရုံးတင် တရားစွဲဆိုမှုပေါင်း (၁၇၉) မှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီမိုကရေစီ အစိုးရလို့ ကြွေးကြော်ထားတဲ့ လက်ရှိ NLD အစိုးရလက်ထက် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရေးဆွဲပြီးတဲ့နောက်ပိုင်းမှာ တရားစွဲခံရသူ (၇၇) ရှိလာတာကြောင့် သူတို့အနေနဲ့ ဒီကိစ္စကို ထောက်ပြ ပြောဆိုနေခြင်းဖြစ်ကြောင်း အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။

"ဘယ်လောက်ပဲအမှု များတယ် နည်းတယ်ပဲဖြစ်ဖြစ် ဒီဘက် လက်ရှိအစိုးရ လက်ထက်မှာ ဒီမိုကရေစီကို သွားမယ်လို့ တခါတည်း ဆုံးဖြတ်ချက်ချပြီးသားဆိုရင် အစိုးရအပေါ်မှာပဲဖြစ်ဖြစ် နိုင်ငံတော်အကြီးအကဲတွေအပေါ်မှာပဲ ဖြစ်ဖြစ် သူတို့အပေါ်မှာ ဝေဖန်ပြောဆိုမှုတွေကို ဒီဥပဒေ သုံးပြီးတော့ တရားစွဲတာတွေ လုံးဝမရှိသင့်တော့ဘူးလို့ ကျနော်ယုံကြည်တယ်။ သို့သော်လည်း အဲဒီဟာကို မထိန်းထားနိုင်ပဲနဲ့ ယနေ့အချိန်အထိတိုင် online ပေါ်ကနေ အစိုးရကိုပြောနေတာတွေကို ဒီဥပဒေနဲ့ အရေးယူတာတွေ အများကြီးဖြစ်တာကို တွေ့ရပါတယ်။"

NLD အစိုးရလက်မှာ ဆက်သွယ်ရေးဥပဒေနဲ့ ရုံးတင် တရားစွဲခံရတဲ့ အရေအတွက် များလာတယ် ဆိုပေမယ့်လည်း အရင်သမ္မတ ဦးသိန်းစိန်အစိုးရဟာ သူ့အစိုးရသက်တမ်း ကုန်ဆုံးခါနီး ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာမှ ဒီ ဆက်သွယ်ရေးဥပဒေကို စတင် အသုံးပြုခဲ့တာကြောင့် သူ့အစိုးရလက်ထက်မှာ (၁၁) ဦးကိုသာ တရားစွဲဆိုခဲ့တာ ဖြစ်နိုင်ကြောင်းလည်း မောင်ဆောင်းခက ပြောပါတယ်။

ဥပဒေ မပြင်ရသေးခင်မှာ ဒီဥပဒေဟာ အရင်အစိုးရက ရေးဆွဲခဲ့တာဖြစ်တဲ့အတွက်လို့ အကြောင်းပြပြီး လက်ရှိ အစိုးရမှာ တာဝန်မရှိဘူးလို့ စောဒကတက်လို့ ရနိုင်ပေမယ့် ဥပဒေကို ပြင်ပြီးသွားတဲ့နောက်ပိုင်းမှာ အခုလို တရားစွဲဆိုတဲ့ အရေအတွက် များလာတာကို ကြည့်ခြင်း အားဖြင့် ပြင်ဆင်လိုက်တဲ့ ဥပဒေဟာ ထိရောက်မှု ရှိမရှိဆိုတာကို သုံးသပ်လို့ရနိုင်တယ်လို့ မောင်ဆောင်းခက ပြောပါတယ်။

ဥပဒေကို ပြင်ပြီးသည့်တိုင် အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဒီဥပဒေကို အသုံးပြုနေတာ တွေ့ရတယ်ဆိုတာကိုလည်းကို မောင်ဆောင်းခက ထောက်ပြပါတယ်။

"အထူးသဖြင့်တော့ အဲဒီ ၇၇ မှုမှာမှ စုစုပေါင်း ၂၄ မူဟာ လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရ ဝန်ထမ်းတွေက စွဲတယ်ဆိုတာ ကျနော်တို့ ရှာဖွေတွေ့ရှိတယ်ပေါ့။ အဲဒီတော့ ပြောချင်တာက ဒီ ၇၇ မူဟာ သာမန်အမှုမဟုတ်ဘူး။ နိုင်ငံရေးနဲ့ ဆက်နွယ်တယ် ။ လွှတ်တော်ကိုယ်စားလှယ်တို့ အစိုးရဝန်ထမ်းတို့ရဲ့ လုပ်နည်းကိုင်နည်းတို့ အကျင့်ပျက်ချစားမှုတို့ စသဖြင့် နောက်တခုက ဘက်လိုက်တာတို့ ဒါတွှေအပေါ်မှာ မူတည်ပြီးတော့ ဝေဖန်ပြောဆိုတာမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရဝန်ထမ်းတို့က စွဲထားတာတို့ကို ကျနော်တို့ အများဆုံးတွေ့ရှိရတယ်။ အဲဒီတော့ ဒီအမှုဟာ ယနေ့ချိန်အထိတိုင် ပြင်ပြီးခဲ့သော်လည်း အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နိုင်ငံရေးအရ ဝေဖန်မှုတွေကို ပြန်ပြီးတော့ Cover လုပ်ချင်လို့ အဲဒီ ဝေဖန်တဲ့သူတွေကို ဖိနှိပ်ဖို့အတွက် ဆက်လက်အသုံးပြုနေတာကို တွေ့ရတယ်လို့ ပြောလို့ရတယ်ခင်ဗျ။"

လက်ရှိအစိုးရက ပြင်ဆင်လိုက်တဲ့ ဥပဒေဟာ အခုချိန်ထိ ထိရောက်မှုမရှိဘူးဆိုတာကို ပြသနေတာကြောင့် ဒီကိစ္စကို အသေအချာ ပြန်လည် သုံးသပ်ပြီး ဒီဆက်သွယ်ရေးဥပဒေကို လုံး၀ ဖျက်သိမ်းဖို့ သူတို့အနေနဲ့ တောင်းဆိုကြောင်း မောင်ဆောင်းခက ပြောပါတယ်။

"ဒီလက်ရှိပြင်ဆင်ပြီးတဲ့နောက်ပိုင်း အမှုတွေတိုးလာတဲ့အပေါ်မှာကြည့်ပြီးတော့ ဒီဥပဒေကို အမြန်ဆုံးပြန်လည်သုံးသပ်ပြီးတော့ ထပ်မံပြင်ဆင်ဖို့ ကျနော်တောင်းဆိုချင်တယ်။ ဆိုတော့ ပြင်ဆင်တဲ့နေရာမှာလည်း အထူးသဖြင့်တော့ အသရေဖျက်မှုလိုကိစ္စမျိုးဟာ ရာဇသတ်ကြီးမှာ ပုဒ်မ ၅၀၀ ပါရှိပြီးသားဖြစ်တဲ့အတွက် online အတွက် သီးခြားစွဲဆိုတာမျိုး မလုပ်တော့ပဲနဲ့ အသားရေဖျက်မှုဆိုရင် online မှာပဲဖြစ်ဖြစ် အပြင်မြေပြင် ofline မှာပဲဖြစ်ဖြစ် ၅၀၀ နဲ့ စွဲဆိုလို့ရတာဖြစ်တဲ့အတွက် ဒီဆက်သွယ်ရေးဥပဒေမှာပါတဲ့ ပုဒ်မ ၆၆(ဃ) ကို ပယ်ဖျက်ဖို့အတွက် ကျနော်တို့ တောင်းဆိုချင်တာဖြစ်ပါတယ်ခင်ဗျ။"

NLD အစိုးရက ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ ဒီဆက်သွယ်ရေးဥပဒေကို ပြင်ဆင် ရေးဆွဲလိုက်စဉ်က ဒီပုဒ်မနဲ့ တရားစွဲဆိုခံရသူတွေကို အာမခံပေးတဲ့ အခွင့်အရေးပါ ထည့်သွင်း ဖော်ပြထားတာရှိပါတယ်။

အခု ချိန်ထိ တရားစွဲဆိုခံထားရသူတွေမှာ သတင်းမီဒီယာလောကက (၇) ဦးသာ ပါဝင်ပြီး ကျန်တဲ့သူတွေအားလုံးကတော့ တက်ကြွလှုပ်ရှားသူတွေနဲ့ သာမှန် အရပ်သား ပြည်သူတွေ ဖြစ်တယ်လို့ အသံ အဖွဲ့ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

တချိန်ထဲမှာဘဲ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ဆက်လက် ကျဆင်းနေဆဲဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Freedom House ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံက အခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ အစီရင်ခံစာမှာ တစိတ်တပိုင်း လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ၃၁ မှတ်ရထားရာက ဒီနှစ်မှာ တမှတ်လျော့ပြီး အမှတ် ၃၀ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံမှာ ရိုက်တာ သတင်းထောက် ၂ ဦးကို ဖမ်းဆီးပြီး ထောင်ဒဏ် အပြစ်ပေးခဲ့တာ အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေအပေါ် ဖိနှိပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG