သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူ စီးပွါးရေးဇုံ တည်ဆောက်ရေး မြန်မာ-တရုတ်သဘောတူကြပြီ


ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေး မူဘောင်သဘောတူညီချက်တခုကို မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံပိုင် CITIC ကုမ္ပဏီတို့ လာမယ့်သီတင်းပတ်မှာ လက်မှတ်ရေးထိုးကြတော့မယ်လို့ ဒီကိစ္စနဲ့နီးစပ်တဲ့ တရုတ် သတင်း ရင်းမြစ်တွေက ကြာသပတေးနေ့မှာ အတည်ပြု ပြောတယ်ဆိုပြီး တရုတ်အစိုးရအမြင်ကို ထင်ဟပ်တဲ့ Global Times သတင်းဌာန အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ CITIC ကုမ္ပဏီဘက်က ထည့်ဝင်မယ့် အချိုးအစားကို အရင်က ၈၅% သတ်မှတ်ထားတာကနေ ၇၀% ကိုလျှော့ချဖို့ သဘောတူလိုက်ပြီးတဲ့နောက် အခုလို လက်မှတ်ထိုးဖို့ ဖြစ်လာတာပါ။

ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက “ရေနက်ဆိပ်ကမ်း ပထမအဆင့်ကို ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံနဲ့ အကောင်အထည်ဖော်ဖို့ သဘောတူထားပါတယ်။ CITIC ကုမ္ပဏီနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုံ SEZ စီမံ ခန့်ခွဲရေးကော်မတီတို့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပါမယ်” လို့ Myanmar Times သတင်းဌာနကို ဗုဒ္ဓဟူုးနေ့က ပြောထားတာကိုလည်း Global Times သတင်းမှာ ကိုးကားဖော်ပြထားပါတယ်။

ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံ လုပ်ဆောင်မယ့် ကျောက်ဖြူ SEZ ဆောက်လုပ်ရေး တင်ဒါကို CITIC ကုမ္ပဏီအုပ်စုက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ အောင်မြင်ရရှိထားတာပါ။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ရထားတဲ့ အဲဒီတင်ဒါအရ ဒီစီမံကိန်းမှာ CITIC ကုမ္ပဏီက ၈၅%၊ မြန်မာအစိုးရက ၁၅% ပါဝင်ခဲ့ပါတယ်။

NLD ပါတီဦးဆောင်တဲ့အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း နှစ်ဘက်ကြား အတော်လေး ခက်ခက်ခဲခဲ ပြန်ပြီး စေ့စပ်ညှိနှိုင်းပြီးတဲ့ နောက် CITIC ကုမ္ပဏီဘက်က ၇၀% ပါဝင်ဖို့ သဘောတူလိုက်ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG