သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံပိုက်လိုင်းစီမံကိန်းစဖို့ တရုတ်-မြန်မာ သဘောတူ


တရုတ်-မြန်မာ ဂက်စ်ပိုက်လိုင်းဆောက်လုပ်ရေးမြင်ကွင်း (၂၀၁၂ ဇန်နဝါရီလ)
တရုတ်-မြန်မာ ဂက်စ်ပိုက်လိုင်းဆောက်လုပ်ရေးမြင်ကွင်း (၂၀၁၂ ဇန်နဝါရီလ)

တရုတ်နဲ့ မြန်မာကြား သွယ်တန်းထားတဲ့ မိုင် ၄၈၀ အရှည်ရှိတဲ့ ရေနံပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံး စတင်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့တယ်လို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Liu Zhenmin က ဒီကနေ့ တနလာၤနေ့ ပြောဆိုကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

အခု သဘောတူလိုက်တဲ့ ရေနံပိုက်လိုင်းသစ်က အရှေ့အလယ်ပိုင်းက ရေနံကို တရုတ်ပြည်ကို အခု တင်ပို့နေတဲ့ လမ်းကြောင်းထက် အချိန်တိုတို ထိထိရောက်ရောက်နဲ့ ပို့နိုင်မှာပါ။

လက်ရှိမှာက အရှေ့အလယ်ပိုင်းက ရေနံကို သဘောၤအသွားအလာများလှတဲ့ မလက္ကာ ရေလက်ကြားနဲ့ စကာၤပူဘက်ကနေ လှည့်ပြီး တရုတ်ကို သယ်ယူနေရတာ ဖြစ်ပါတယ်။ ဒေါ်လာ သန်း ၁၅၀၀ ကုန်ကျခံ တည်ဆောက်ထားတဲ့ မြန်မာ - တရုတ် ရေနံပိုက်လိုင်းက လုပ်ငန်း စတင်နိုင်ဖို့ ၂ နှစ်ကြာ နှောင့်နှေးနေတာ ဖြစ်ပါတယ်။ ဒီရေနံပိုက်လိုင်း စီမံကိန်းက ဥရောပနဲ့ ဗဟိုအာရှကို ချိတ်ဆက်မယ့် ပိုးလမ်းမကြီး ဖွ့ံ့ဖြိုးရေး တရုတ်ရဲ့ ရည်မှန်းချက်နဲ့ အံဝင်ခွင်ကျ ဖြစ်နေတာပါ။

ရခိုင်ပြည်နယ်ကနေ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းကနေ ကုန်းတွင်းပိတ် ယူနန် ပြည်နယ်ထဲကို တနေ့ကို ရေနံစည် ၂ သိန်းခွဲကျော် တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ၆ ရက်ကြာ ခရီးစဉ် အတွင်းမှာ ရေနံပိုက်လိုင်း အမြန်ဆုံး စတင်ဖို့ ကြေညာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။

မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ကတော့ နှစ်ဦး နှစ်ဘက် စလုံး အတွက် အကျိုးရှိစေမယ့် နည်းလမ်းနဲ့ ရှေ့ဆက်ပြီး ချဉ်းကပ် လုပ်ဆောင်သွားမယ်လို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ဖြေကြားသွားပါတယ်။ တခုတည်းသော ရပ်ဝန်း၊ တခုတည်းသော လမ်းကြောင်း One Belt – One Road အစည်းအဝေးနဲ့ ဆက်စပ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို မေလ အတွင်း သွားရောက်ဖို့လည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG