ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီက ဒီနေ့ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အရပ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းရွာအပါအဝင် လူနေရပ်ကွက်တွေနဲ့ ဈေးဝယ်သူတွေနဲ့ စည်ကားနေတဲ့ မြို့မဈေး၊ ရွှေဆိုင်တန်းတွေရှိတဲ့ဘက်ကို မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၂၇ ဦးထက်မနည်းလည်း ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
စစ်တပ်က လေယာဉ်နဲ့ ၃ ကြိမ်လာပြီး ဗုံးအလုံး ၁၅ လုံးလောက် ကြဲချခဲ့တယ်လို့ AA အာရက္ခတပ်တော်က ပြောပါတယ်။ ကျောက်တော်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ထိခိုက်သေဆုံးဒဏ်ရာရမှု အသေးစိတ်ကို ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။
ဇန်နဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်တိုက်နယ်ကျေးရွာအပေါ် စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄၀ ကျော်သေဆုံးပြီးတော့ ၂၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော် AA ဘက်က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ အဲဒီမြို့နယ်တွေအပေါ် ဇန်နဝါရီလ ၁ ရက်၊ နှစ်ဆန်း ၁ ရက်နေ့ကစပြီး စစ်တပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲနေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရမှု တိုးနေပါတယ်။
Forum