သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံခရီးသွားသတိပေးချက် တောင်ကိုရီးယားထုတ်ပြန်


တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းအပါအဝင် အခြား မြန်မာနိုင်ငံနယ်စပ် တလျောက်ဒေသတွေမှာ လုံခြုံရေးအန္တရာယ်ကြောင့် တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ ခရီးမသွားကြဖို့ အမြင့်ဆုံးသတိပေးနှိုးဆော်ချက်ကို ဧပြီလ (၁၆)ရက်နေ့ရက်စွဲနဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက ဒေသတချို့မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် အခုလို ခရီးသွားလာမှုကန့်သတ်တဲ့ သတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

မြန်မာနိုင်ငံကိုသွားမယ့် တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ လုံခြုံရေးအန္တရာယ်သတိထားကြဖို့ တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ခရီးသွားလာခွင့် ကန့်သတ်တဲ့ သတိပေးနှိုးဆော်ချက်တွေကို အဆင့်လိုက် ထုတ်ပြန်ထားကြောင်း တောင်ကိုရီးယား Arirang ကိုးရီးယားနိုင်ငံတကာ ရုပ်သံသတင်းဌာနကနေ မနေ့က ကြေညာသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ချင်းထိနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ လုံခြုံရေး အန္တရာယ်မြင့်မားနေတဲ့အတွက် တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ ခရီးမသွားကြဖို့ တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ခရီးသွားလာမှု ကန့်သတ်ချက် အမြင့်ဆုံးအဆင့် အဖြစ် သတ်မှတ်ထားတယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက အင်္ဂါနေ့က ပြောကြောင်း သတင်းကြေညာသူက ပြောသွားတာပါ။

ဒါအပြင် နောက်ထပ်ခရီးသွားလာခွင့် သတိပေးအဆင့် ဒုတိယအမြင့်ဆုံးအဖြစ်- တရုတ်၊ လာအိုစ်၊ ထိုင်းနဲ့ အိန္ဒိယ စတာတွေနဲ့ နယ်စပ်ချင်းထိနေတဲ့ မြန်မာနိုင်ငံတွင်းက ဒေသတွေဆီ ခရီးမသွားကြဖို့နဲ့ တတ်နိုင်ရင် အဲဒီဒေသတွေကနေ ဘေးကင်းတဲ့ နေရာကို ပြောင်းရွှေ့ကြဖို့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ခရီးသွားလာခွင့် သတိပေး နှိုးဆော်ချက် အဆင့် (၄)ဆင့် သတ်မှတ်ထားရာမှာ တတိယအမြင့်ဆုံး ကန့်သတ်ထားတဲ့ နေရာကတော့- မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဒေသတချို့ဖြစ်ပြီး အဲဒီမှာ အထူးသတိထားနေထိုင်ကြဖို့ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ် နယ်စပ်မှာတော့ အခြေအနေတွေ အပြောင်းအလဲမရှိသလို မြန်မာတပ်မတော်ရဲ့ အပစ်ရပ်စဲရေး သတ်မှတ်ချက်ကာလ ကုန်ဆုံးမယ့် ဧပြီလ (၃၀)ရက်နေ့နောက်ပိုင်း နှစ်ဖက်ပြန်လည် ဆွေးနွေးဖို့ ရှိနေကြောင်း KIO ကချင်လွတ်လပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးဒွဲပီဆားက ဗွီအိုအေကို ပြောပါတယ်။

“ဆွေးနွေးဖို့တော့လိုတယ် ဒီလအကုန်လောက်မှာ ဆွေးနွေးဖို့အစီအစဉ်ရှိပါတယ်။

မေး။ ။ လက်ရှိတိုက်ပွဲတွေရော ဖြစ်နေသလားရှင့် အဲဒီမှာလေ။

ဖြေ။ ။ မရှိပါဘူး

မေး။ ။ ရခိုင်မှာတော့ နိုင်ငံတကာ အထောက်အကူတွေသွားဖို့ ပိတ်ပင်ထားသလို၊ အဲဒီဘက်တွေမှာရော နိုင်ငံတကာအကူအညီတွေသွားလာခွင့်ကို လက်ရှိပိတ်ပင်ထားစဲရှိလား။ ပြန်ပြီးတော့ ခွင့်ပြုတာမျိုးတွေရော ရှိပါသလားရှင့်။

ဖြေ။ ။ နယ်စပ်ဒေသမှာဆိုရင်တော့ သူတို့အရင်ကနေ ပိတ်ပင်ထားပါတယ်၊ ခွင့်ပြုတယ်ဆိုတာ မရှိပါဘူး။”

ကချင် စစ်ဘေးဒုက္ခသည်စခန်းတွေဆီ နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ တော့ မြန်မာအာဏာပိုင်တွေဘက်က ဆက်လက် ကန့်သတ်ထားဆဲဖြစ်တယ်လို့ ဦးဒွဲပီဆားက ပြောသွားပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှာ လက်ရှိ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်လို့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ နှစ် (၃၀)ပြည့်အခမ်းအနားကို တက်ရောက်နေတဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးကို အသံလွှင့်ချိန်မတိုင်ခင်ကပဲ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“မြန်မာပြည်ဘက်အခြမ်းမှာတော့ ထူးခြားမှုမရှိပါဘူး။ ကျနော်တို့ အပစ်အခတ်ရပ်စဲရေးကာလ တရုတ်နယ်စပ်တလျောက် အပစ်အခတ်ရပ်စဲရေးကာလကလည်း ဧပြီလ (၃၀)ရက်နေ့ထိပါ။ လောလောဆည် ကျနော်ကတော့ ပန်ဆန်းရောက်နေတယ် ပန်ဆန်းမှာကတော့ ဒီနေ့ အခမ်းအနားကျင်းပဖို့ လူထုရော၊ တပ်ရော ချီတက်နေပြီ ။ နောက်အစိုးရကိုယ်စားလှယ်အဖွဲ့ရော ရောက်နေပါတယ်။ ပြီးတော့ ဘာမှ လုံခြုံရေးပြဿနာ ထူးထူးခြားခြားမရှိပါဘူးခင်ဗျ။”

ဧပြီလ (၃၀)ရက်နေ့ အပစ်ရပ်စဲရေးကာလ သတ်မှတ်ချက်ကုန်ဆုံးပေမယ့်လည်း တိုက်ပွဲတွေ ရပ်ထားမယ့်ကာလ ထပ်ပြီးတိုးချဲ့ဖို့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ၊ စစ်တပ်တို့ ဆွေးနွေးဖို့ရှိနေကြောင်းလည်း ဦးမောင်မောင်စိုးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေးဌာနကတော့ သူတို့ အခုလို မြန်မာနဲ့ ပတ်သက်လို့ ခရီးသွားလာမှုကန့်သတ်တဲ့ သတိပေးနှိုးဆော်ချက်ထုတ်ပြန်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာဟာ မြန်မာနိုင်ငံက ဒေသတချို့မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်အခြေအနေတွေကို သတိထားစောင့်ကြည့်ဖို့ အစီအစဉ်ရှိပြီး နောက်ထပ် ခရီးသွားလာမှု သတိပေးနှိုးဆော်ချက်ထုတ်ပြန်ဖို့ လိုအပ်ချက်ရှိမရှိကို ဆက်လက်သုံးသပ်ဖို့ရှိကြောင်း တောင်ကိုရီယား နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

မြန်မာနိုင်ငံက အခြားဒေသတွေမှာ ခရီးသွားလာခွင့် သတိပေးနှိုးဆော်ချက် အနိမ့်ဆုံး အပြာရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG