သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုက်ပျိုးရေးကုန်ကြမ်းပြတ်လို့ စားသောက်ကုန်ထုတ်လုပ်ငန်းတွေအခက်ကြုံ


ရန်ကုန်မြို့ခင် စပါးစိုက်ခင်းတွေ လယ်သူမများ။ (ယခင်ပုံဟောင်း)
ရန်ကုန်မြို့ခင် စပါးစိုက်ခင်းတွေ လယ်သူမများ။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

စားသောက်ကုန်လုပ်ငန်းတွေမှာ အဓိကအားထားနေရတဲ့ စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းပစ္စည်းတွေ ပြတ်တောက် စ ပြုလာတဲ့အတွက် အခုနှစ်မိုးတွင်းမှာ ပြည်တွင်းသုံးစွဲမှု အလုံအလောက် ထုတ်လုပ်နိုင်ဖို့တောင် အတော်ရုန်းကန်ရလိမ့်မယ်လို့ စိုက်ပျိုးရေးသမားတွေ၊ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းအပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အထွေထွေကုန်ဈေးနှုန်း တက်နေတာ၊ လျှပ်စစ်မီး အလျင်မီအောင် မပေးနိုင်တာ၊ စိုက်ပျိုးရေးဒေသတွေမှာ နယ်မြေ မတည်ငြိမ်တာ ဒီလို အကြပ်အတည်းတွေကြောင့် ကုန်စည်ထောက်ပံ့ရေး လမ်းကြောင်း ( supply chain) ပြတ်တောက်သွားပြီး ကဏ္ဍအသီးသီးက ကုန်ထုတ်လုပ်ငန်းတွေဟာ ကုန်ကြမ်းရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

အကျိုးဆက်ကတော့ မကြာခင်မှာ ကုန်ထုတ်လုပ်ငန်းတွေ ရပ်နားကုန်လိမ့်မယ်လို့ စည်သွပ်ဘူးထုတ်လုပ်တဲ့ အလယ်အလတ် လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ကုန်ကြမ်းက မရှိသလောက်ဖြစ်ပြီး ကုန်ကြမ်းပြတ်တော့ SME ( အသေးစား၊ အလတ်စား လုပ်ငန်း) တွေကလည်း ငြီးနေရော ကုန်ကြမ်းပြတ်တော့။ SME တွေလည်း အများကြီးပြုတ်တော့ စားနပ်ရိက္ခာကိစ္စက ထမင်းစားရုံပေါ့။”

ပြည်တွင်း စိုက်ပျိုးရေးသမားတွေဆီက ကုန်ကြမ်းက အရင်ကလို အလုံအလောက် မရတော့ပါဘူး။ ငရုတ်လို ကုန်ကြမ်းမျိုးတောင် ထိုင်းနိုင်ငံကနေ ပြန်သွင်းနေရတယ်လို့ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တချို့က ဗွီအိုအေ ကို ပြောပါတယ်။

“ရိတ်သိမ်းချိန်တွေမှာ တိုက်ပွဲတွေကဖြစ်တယ်။ အကုန်လုံး မီးရှို့ခံရတယ်။ ကုန်ကြမ်း supply chain က အရမ်းပြတ် သွားတယ်။ အခုစက်ရုံကြီးတွေက ကုန်ကြမ်းကမရဘူး။ မီးကမလာတော့ ရပ်ထားတယ်၊ အပြင်ကပဲ သွင်းစားတယ်။ အဲဒီတော့ ဆီနှစ်မျိုး ဈေးကြီးသွားတယ်။ စားအုန်းဆီရော၊ စက်ဆီရော ဈေးကြီးသွားတော့ လာမယ့် ဒီနှစ်မိုးတွင်းရဲ့ စားနပ်ရိက္ခာကို အကုန်လုံးက concern ( စိုးရိမ်မှု) ရှိကြတယ်။ ထုတ်လုပ်မှုကိုပေါ့နော်။”

ဆန်နဲ့ ကြက်သွန်လို ကုန်ထုတ်လုပ်ငန်းသုံး အခြေခံကုန်ကြမ်း သီးနှံတွေကလည်း ဓာတ်မြေဩဇာနဲ့ လောင်စာဆီဈေးကြောင့် စိုက်ပျိုးတဲ့ ကုန်ကျစရိတ် ကြီးနေပါတယ်။ နယ်မြေမအေးချမ်းတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက တောင်သူတွေကတော့ ကြက်သွန်နီကို ဒီနှစ်လျှော့စိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေ ပြန်ကောင်းလာမယ်ဆိုရင်တော့ အပြောင်းအလဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ကြက်သွန်စိုက်တဲ့ တောင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

"တချို့တောင်သူတွေကတော့ ဒီနှစ်မစိုက်ဘူးလို့ အသံထွက်နေတာ။ အရင်က ကျနော်တို့အညာက အဓိကစိုက်တာကိုး။ စစ်ကိုင်းတိုင်း ဘာညာက မြစ်သားနယ်တို့က စိုက်တာ။ ဒါပေမယ့် အခုအနေအထားမှာက နည်းနည်း လုပ်ရကိုင် ရတာတွေ အခက်အခဲတွေ ရှိနေတော့လေ။ လုပ်ငန်းတွေ ပြန်ကောင်းလာရင်တော့ ဈေးကွက်က ပြန်ပြောင်းလဲနိုင်တာပေါ့။ တောင်သူတွေ ပြန်စိုက်တာတို့ ဘာတို့ ဖြစ်နိုင်တာကိုး။ တောင်သူတွေက လုပ်သလောက်မရတဲ့ ပုံစံမျိုးဖြစ်နေတော့ အဲဒါမို့ မစိုက်ချင်ကြဘူး။"

ပြည်တွင်းကနေ ထိုင်းကိုတင်ပို့နေတဲ့ ငရုပ်ကို အခုထိုင်းဘက်ကနေ ပြန်သွင်းနေရပြီလို့ လုပ်ငန်းရှင်တဦးက ငြီးတွားပါတယ်။ ကုန်ကြမ်း အလုံအလောက်မရလို့ တပတ်တခါလောက်ပဲ လုပ်ငန်းလည်ပတ်နိုင်တယ်လို့ ပဲပြားထုတ်လုပ်တဲ့ လုပ်ငန်းရှင်တဦးကလည်း ဗွီအိုအေကို ပြောပါတယ်။

အခုနှစ်ထဲ ကုန်ထုတ်လုပ်မှု ဘယ်လောက်ကျဆင်းသွားလဲဆိုတာ တိကျရေရာတဲ့ အချက်အလက်တွေ ပြည်တွင်းမှာ မရှိသေးပါဘူး။ စီးပွားရေးလုပ်ငန်းတွေနဲ့ ဈေးကွက်ဆိုင်ရာ အချက်အလက်တွေ ပြုစုသုံးသပ်တဲ့ ဗြိတိန် အခြေစိုက် IHS Markit ရဲ့ မတ်လ၁ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာ့နိုင်ငံရေး မငြိမ်သက်မှု၊ ကုန်ကြမ်းရှားပါးမှုနဲ့ ကိုဗစ်ကပ်ရောဂါတို့ကြောင့် ကုန်ထုတ်လုပ်ရေးပိုင်းရော၊ ဝယ်လိုအားပါ ဖေဖော်ဝါရီလထဲမှာ အလျင်အမြန် ကျဆင်းခဲ့တယ်လို့ သုံးသပ်ထားပါတယ်။

နိုင်ငံရေး လုံခြုံရေး မတည်ငြိမ်တဲ့ မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်းတွေ ပြန်လည်တိုးတက်လာဖို့ လုပ်ငန်းရှင်တွေ မျှော်လင့်နေကြပေမယ့် ပြည်တွင်းအခြေအနေတွေ တိုးတက်လာမှပဲ ဖြစ်နိုင်လိမ့်မယ်လို့ IHS Markit က စီးပွားရေးပညာရှင် Shreeya Patel က မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်း ဈေးကွက်ဆိုင်ရာ သုံးသပ်ချက်မှာ ပြောထားပါတယ်။

#MyanmarBusiness #MyanmarAgriculture #MyanmarFoodIndustry #VOABurmese
#စိုက်ပျိုးရေးကုန်ကြမ်း #စစ်ကောင်စီ #လျှပ်စစ်မီး #ကုန်ဈေးနှုန်းတက် #မီးရှို့ #ဗွီအိုအေ
===============

တိုက်ရိုက် လင့်ခ်

[[Unicode]]













#MyanmarBusiness #MyanmarAgriculture #MyanmarFoodIndustry #VOABurmese
===============

XS
SM
MD
LG