သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမည်မည်းစာရင်းတင်သွင်းခံရမှု မြန်မာပို့ကုန် ကုမ္ပဏီတချို့တုံ့ပြန်ချက်


ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်း။ ဒီဇင်ဘာ ၈၊ ၂၀၁၅။
ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်း။ ဒီဇင်ဘာ ၈၊ ၂၀၁၅။

[[Zawgyi/Unicode]]

ကုန်စည်တင်ပို့ပြီး ခြောက်လအတွင်း ပြည်တွင်းဘဏ်စာရင်းထဲ နိုင်ငံခြားငွေ ရောက်မလာတဲ့ ကုမ္ပဏီ ၁၅၈ ခုကို ဗဟိုဘဏ်က အမည်မည်းစာရင်း ထည့်သွင်းလိုက်ပါတယ်။ အမည်မည်းစာရင်း ထည့်သွင်းခံထားရတဲ့ ကုမ္ပဏီတွေဘက်ကတော့ နောက်ကြောင်းပြန်ပြီး နှစ်ကာလကြာတုန်းကရတဲ့ နိုင်ငံခြားငွေတွေအပေါ်မှာ ပြဌာန်းတာဟာ မဖြစ်သင့်ဘူးလို့ တုံ့ပြန်ကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ပြည်ပကို ကုန်စည်တင်ပို့နေတဲ့ ကုမ္ပဏီတွေအနေနဲ့ သင်္ဘောတင်တဲ့နေ့ကစပြီး ခြောက်လအတွင်း သူတို့ရဲ့ ဘဏ်စာရင်းထဲ နိုင်ငံခြားသုံးငွေ ဝင်ရောက်ရမယ်လို့ တည်ဆဲ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေမှာ ပါရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တုန်းက ပို့ကုန်တင်ပို့ခဲ့တဲ့ လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်က ခေါ်ယူစာရင်းရှင်းခဲ့ပြီး အဲဒီထဲက ဥပဒေပါ ပြဌာန်းချက်ချိုးဖောက်တဲ့ ကုမ္ပဏီတွေကို အမည်မည်းစာရင်း ထည့်သွင်းလိုက်တာပါ။ အမည်မည်းစာရင်း ထည့်ခံထားရတဲ့ ကုမ္ပဏီတခုကတော့ အခုလို အရေးယူဆောင်ရွက်တာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

"Zoom Meeting ခေါ်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ခေါ်တာပေါ့နော်။ တကယ်တမ်း သူတို့စပြီး Action ယူတာတွေက ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ အဲဒီနှစ်တွေကို နောက်ကြောင်းပြန်ပြီး လုပ်တာပေါ့နော်။ နောက်ကြောင်းပြန်ပြီးလုပ်တော့ ကုမ္ပဏီအများစုကလည်း မဖြေရှင်းနိုင်ဘူးလေ။ မဖြေရှင်းနိုင်ဘူးဆိုတာ ဒီဟာတွေကလည်း အရင်တုန်းက ဒီအတိုင်းပဲ လုပ်လာနေကြကို။ အမှန်တော့ ဖြစ်သင့်တာက နဂိုတုန်းကလည်း အဲလိုပဲ အများစုက ဒီအတိုင်းပဲ Export တွေ ပို့နေကြတာပေါ့နော်။ ပို့နေကြတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဒီလိုမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ ဘယ်နှစ်ခုနှစ်၊ ဘယ်နှစ်လပိုင်းက စပြီးတော့ပို့တဲ့ ပို့ကုန်မှန်သမျှကို နိုင်ငံခြားငွေဝင်မှ ပို့ခွင့်ပြုမယ်ဆိုပြီးတော့ သူတို့အနေနဲ့ ဖြစ်သင့်တာပေါ့နော်။"

နှစ်ကာလကြာပြီးမှ အခုလို ဗဟိုဘဏ်အနေနဲ့ လုပ်ဆောင်လိုက်တာဟာ ပို့ကုန်လုပ်ငန်းတွေအပေါ် အခက်တွေ့စေတယ်လို့ ကုန်သည်တချို့ကလည်း ပြောပါတယ်။ ၂၀၁၆ - ၁၇ - ၁၈ ခုနှစ်တုန်းက ပို့ကုန်တင်ပို့ခဲ့ပြီး ပြည်တွင်းဘဏ်စာရင်းထဲ နိုင်ငံခြားငွေ ဝင်ရောက်ဖို့ကျန်တဲ့ ကုမ္ပဏီ ၁၅၈ ခုကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ - က နဲ့ ဗဟိုဘဏ်က အရေးယူထားတာပါ။

"သူတို့အကြပ်အတည်း တွေ့တဲ့အချိန်ကျမှ ထပြီးတော့ ၂၀၁၆ - ၁၇ လောက်ကတည်းက ဟာတွေကိုပါ စပြီး ပြန်လုပ်တော့ အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်တာပေါ့နော်။ အခုလုပ်သလိုမျိုး ကြပ်မတ်ရင်တော့ ဒီပြဿနာက မရှိဘူးပေါ့။ ဟိုးရှေးပဝေသဏီကဟာတွေ လုပ်တော့ ကမောက်ကမတွေဖြစ်ပြီး ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိဘူးပေါ့နော်။ ၂၀၁၆ - ၁၇ ကဟာတွေဆိုတော့ ဘယ်လောက်ဝေးနေပြီလဲဆို ဒီဟာတွေကို ပြန်လိုက်ဖို့ ပြုဖို့ကျတော့လည်း တော်တော်များများက အဆင်မပြေကြဘူးလေ။ အဲဒါကြောင့်မို့ ကြည့်မကောင်း ရှုမကောင်း ကုမ္ပဏီရာကျော်တွေ ဖြစ်တာပဲ။"

ငွေစာရင်းဝင်ဖို့ ကျန်တဲ့ကုမ္ပဏီတွေကို သူတို့ရဲ့ဘဏ်စာရင်းထဲ နိုင်ငံခြားသုံးငွေ မပျက်မကွက် ပြန်လည်ထည့်သွင်းစေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ ကုမ္ပဏီတွေဘက်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အွန်လိုင်းတွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီး အခုလို အရေးယူတဲ့အခြေအနေအထိ ရောက်ခဲ့တယ်လို့ ကုမ္ပဏီတချို့ကပြောပါတယ်။ ညှိနှိုင်းဆွေးနွေးမှု တစုံတရာမရှိခဲ့ဘဲ အခုလို လုပ်ငန်းတွေအပေါ် အမည်မည်းစာရင်းထည့်လိုက်တဲ့အထိ အရေးယူတာဟာ ပြင်းထန်တယ်လို့ ပို့ကုန်တင်ပို့သူတဦးကလည်း ပြောပါတယ်။

"အသနားခံစာတွေ ဘာတွေတော့ ကျနော်တို့ တင်ထားတယ်။ တင်ထားပေမယ့်လည်း သူတို့ ဘက်က လက်ခံနိုင်တဲ့အနေအထား မရှိလို့ထင်တယ်။ အခုလောလောဆယ်မှာ ကျနော်တို့ကို အရေးယူဖို့ လုပ်နေတာဆိုတော့။ သူတို့အနေနဲ့ အခွန်ကောက်ချင်တယ်ဆိုလည်း ကောက်လိုက်ပေါ့။ ဒီကုမ္ပဏီကို Blacklist လုပ်တာတော့ နည်းနည်းပြင်းထန်တယ်လို့ ထင်တာပဲ။ ကျနော်တို့အပေါ်မှာ ညှိနှိုင်းမှုရယ်လို့ ဘာမှမရှိဘူး။ ကျနော်တို့ ပို့ကုန်သွင်းကုန်အတွက်ကို သူတို့ သတ်မှတ်ထားတဲ့ အခွန်အခတွေတော့ ကျနော်တို့ အကျေပေးဆောင်ထားတာပဲလေ။ ကျနော်တို့ကို အကောင့်ထဲ ငွေဝင်ဖို့လောက်ပဲ ဖိအားပေးနေတော့ လတ်တလောအခြေအနေက ကျနော်တို့က ကိုယ့်ပစ္စည်းကို ပို့တာရှိတယ်။ နောက်တခုက ကြားခံကုမ္ပဏီတခုအနေနဲ့ ကျနော်တို့ ပို့တာတွေ ရှိတယ်လေ။ service ကြေးယူပြီးမှ ကျနော်တို့ပို့ပေးရတဲ့ ကုမ္ပဏီတွေဆို ဘယ်ကုန်သည်နောက် သွားလိုက်လို့ လိုက်ရမှန်းမသိတော့ဘူး။ ကျနော်တို့ဆိုရင် အဲလိုဖြစ်သွားတာပေါ့။"

အမည်မည်းစာရင်း ထည့်သွင်းခံထားရတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းတွေရပ်ထားရပြီး တင်ပို့ဖို့ ကျန်တဲ့ ကုန်ပစ္စည်းတွေလည်း တချို့ကုမ္ပဏီတွေမှာ ကျန်ရှိနေပါသေးတယ်။ လုပ်ငန်းတွေရပ်ထားရတဲ့အထိ အရေးယူတာထက် ဒဏ်ငွေကောက်ခံပြီး ဒီအပေါ်အရေးယူမယ်ဆို အခုချိန်မှာ လုပ်ငန်းတွေရပ်ထားရတဲ့ ကုမ္ပဏီ ၁၀၀ ကျော်အတွက် အဆင်ပြေနိုင်တယ်လို့ ကုန်သည်တဦးကပြောပါတယ်။

"သူတို့ဘက်က ကျနော်တို့ဆီကို အကောင့်ထဲကို ငွေလွှဲဝင်ဖို့ဟာလောက်ပဲ ဖိအားပေးတာဗျ။ ကျနော်တို့ကို ညှိနှိုင်းခဲ့တာ ဘာမှမရှိဘူး။ တချို့ကုမ္ပဏီတွေဆို သိတောင်မသိသေးဘူး။ ဖြစ်နိုင်ရင် ကျနော်တို့ကို ဒဏ်ကြေးသဘော ပြန်ကောက်ချင်တယ်ဆိုရင်လည်း ဆောင်ပေးလို့ ရတယ်။ လတ်တလောအနေနဲ့ ကျနော်တို့ကို ဒေါ်လာတင်ဆောင်ခွင့်လည်း မရှိတဲ့အတွက် ကျနော်တို့မှာ ဘယ်ဒေါ်လာမှရှာပြီး သွင်းဖို့အဆင်မပြေဘူးပေါ့။ အခုက နှစ်တွေလည်း ကြာခဲ့ပြီဆိုတော့ ဟိုဘက်က ဝယ်တဲ့သူဘက်ကလည်း အခုချိန်ကျမှ စာရင်းအရှုပ်ခံမှာ မဟုတ်တော့ဘူးလေ။ စသုံးလုံးက ကျနော်တို့ကိုခေါ်တယ်။ သူတို့မေးသမျှလည်း ကျနော်အကုန်ဖြေပြီးပြီ။ ကျနော်တို့ လုပ်သမျှလည်း သူတို့ကို အကုန်လုံးပြောပြပြီးပြီ။ အဲဒါကိုမှ ကျနော်တို့ကို ထပ်ပြီးတော့ ထောင်ထဲပါ ထည့်ချင်သေးတယ်ဆိုရင်တော့ နည်းနည်းတော့လွန်တယ်လို့ ထင်တာပဲ။"

ပို့ကုန်တင်ပို့သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ ပို့ကုန်ရငွေအားလုံးကို ပြည်တွင်းဘဏ်စာရင်းထဲ နိုင်ငံခြားသုံးငွေနဲ့ ထည့်သွင်းဖို့ပျက်ကွက်မယ်ဆို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ - က အရ တနှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကတော့ ပုဒ်မ ၄၂ - က နဲ့ အခု ကုမ္ပဏီ ၁၅၈ ခုကို အမည်မည်းစာရင်းသွင်း အရေးယူထားပြီး၊ နောက်ထပ် ပို့ကုန်ရငွေ ဝင်ရောက်ဖို့ကျန်တဲ့ ကုမ္ပဏီတွေကိုလည်း ဆက်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]












=========

XS
SM
MD
LG