သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာမိန်းကလေးများ အာဂျင်တီးနားတရားရုံးမှာ ကြားနာစစ်ဆေးခံမည်


Bangladesh Rohingya Anniversary
Bangladesh Rohingya Anniversary

[[Zawgyi/Unicode]]

အာဂျင်တီးနားတရားရုံးက ကြားနာစစ်ဆေးနေတဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုစွဲချက်အတွက် ရိုဟင်ဂျာဒုက္ခသည်မိန်းကလေးတွေကိုယ်တိုင် မကြာခင် အာဂျင်တီးနားကိုသွားရောက်ထွက်ဆိုဖို့ရှိကြောင်း အမှုစွဲဆိုထားတဲ့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌဦးထွန်းခင်က ဗွီအိုအေကိုပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဘာတွေဖြစ်ခဲ့သလဲဆိုတာ ရိုဟင်ဂျာတွေကိုယ်တိုင် နိုင်ငံတကာတရားရုံးတခုမှာ အများပြည်သူသိအောင်ထွက်ဆိုခွင့်ရတာ ဒါပထမဆုံးဖြစ်တယ်လို့လည်း ဦးထွန်းခင်က ပြောပါတယ်။ မြန်မာစစ်ကောင်စီကတော့ ဒီစွပ်စွဲချက်တွေဟာ တဘက်သတ်ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းဆုံးကို တင်ပြမှာပါ။

အာဂျင်တီးနားနိုင်ငံ မြို့တော် Buenos Aires က ပြည်ထောင်စုတရားရုံးမှာ လက်ခံကြားနာစစ်ဆေးနေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် တရားစွဲဆိုချက်တွေအတွက် အသက်မသေပဲ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာမိန်းကလေးတွေနဲ့ အမျိုးသမီးတွေကိုယ်တိုင် မကြာခင်ထွက်ဆိုဖို့ရှိကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌဦးထွန်းခင်ဦးထွန်းခင်က ဗွီအိုအေကို ပြောပါတယ်။

“သက်သေထွက်ဆိုဖို့က နောက်နှစ်လ သုံးလအတွင်း အလွန်ဆုံးနှစ်လအတွင်း ဖြစ်ဖို့များပါတယ်လို့ ကျနော်ပြောချင်တယ်။ အဲဒီထွက်ဆိုမှုက တော်တော်လေး အရေးကြီးတယ်။ တရားရုံးကနေသူတို့ ဘင်္ဂလားဒေ့ရှ်ကနေ တခါတည်း ----- အမျိုးသမီးတွေကို ခေါ်ပြီးကြားနာစစ်ဆေးဖို့ လုပ်ဖို့ရှိပါတယ်။

အမှုကိုစွဲတင်ထားတဲ့ အဖွဲ့အစည်းအနေနဲ့ ဦးထွန်းခင်ကိုယ်တိုင်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အာဂျင်တီးနားတရားရုံးမှာ သွားရောက်ထွက်ဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အသက်မသေဘဲလွတ်မြောက်လာတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေကိုယ်တိုင် နိုင်ငံတကာတရားရုံးမှာ ထွက်ဆိုခွင့်ရတာဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဦးထွန်းခင်ကပြောပါတယ်။

ရိုဟင်ဂျာအမျိုးသမီးတွေအနေနဲ့ သူတို့ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားရုံးမှာထွက်ဆိုသွားမှာဖြစ်တယ်လို့လည်း ဦးထွန်းခင်က ပြောပါတယ်။

“သူတို့တွေ့ခဲ့တာပေါ့နော်၊ သူတို့သားသမီးတွေကို အရှင်လတ်လတ် မီးရှို့ခဲ့တယ်။ သူတို့ရဲ့ခင်ပွန်းသည်တွေကို သူတို့ရှေ့...ဒီ ရိုဟင်ဂျာအမျိုးသမီးရှေ့မှာတင် စစ်တပ်က လည်လှီးပြီးသတ်ဖြတ်ခဲ့တာတွေ၊ အထူးသဖြင့် ကြူ့ပြင်၊ ဘိုတာပြင်၊ မောင်တို၊ တူလာတူလီ ၊ ပြီးတော့ မုံနိုရွာတို့ အဲဒီရွာတွေမှာ အများကြီး စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်မှု ထောင်ပေါင်းများစွာရှိတယ်။ အဲဒီအတွက်ကြောင့် ဒီသက်သေထွက်ဆိုမှုတွေကို တရားရုံးအနေနဲ့ တော်တော် စိတ်ဝင်စားတယ်။”

အာဆာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကို တန်ပြန်ချေမှုန်းဖို့ ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာ ရွာပေါင်း ၃၇၀ ကျော်ကို မီးရှို့ဖျက်စီးခဲ့ပြီး အရပ်သားတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာမှာ အရပ်သားတွေ ထောင်နဲ့ချီသေဆုံးခဲ့ပြီး၊ အဆိုးရွားဆုံး ခံရတဲ့ ရွာတွေထဲမှာ ကြူ့ပြင်၊ ဘိုတာပြင်၊ မောင်တို၊ တူလာတူလီ တို့ပါဝင်တယ်လို့ သိရပါတယ်။ အခုထွက်ဆိုမယ့်သူတွေကလည်း အဲဒီရွာတွေကဖြစ်တယ်လို့ ဦးထွန်းခင်ကပြောပါတယ်။

အာဂျင်တီးနားတရားရုံးက သူတို့အပေါ် တရားစွဲဆိုချက်တွေကို ကြားနာစစ်ဆေးနေတာနဲ့ ပတ်သက်လို့ လက်ရှိအာဏာသိမ်းထားတဲ့ စစ်ကောင်စီသဘောထားကို မေးမြန်းရာမှာ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပါတယ်။

“ကျနော်တို့အနေနဲ့ တရားဝင်အဖွဲ့အစည်းဖြစ်တဲ့ ICJ မှာလည်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သွားရောက်ပြီး ရှင်းလင်းပြောကြားပြီးဖြစ်တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်မှာ အခြေအနေကတော့ ငြိမ်ငြိမ်သက်သက်ရှိနေတာပဲဖြစ်တယ်။ နောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့တွေပေါ့-ဝင်လာပြီးနောက်ပိုင်းမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ရတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ကျ ကျနော်ပြောချင်တာကတော့ စွပ်စွဲနေတဲ့လူတွေအနေနဲ့ ဒါ ရခိုင်ပြည်နယ်မှာရှိတဲ့ ယခင်ကတိုင်ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းကြောင်းတွေ၊ ယခင်ကတိုင် တည်ရှိနေတဲ့ ယှဉ်တွဲနေထိုင်ကြတဲ့လူမျိုးစုတွေရဲ့အကြောင်းတွေ၊ ပြီးရင် အဲဒီအရေးခင်းကာလမှာဖြစ်ပွါးခဲ့တဲ့ တိုင်းရင်းသားတွေ ရွာလုံးကျွတ်မီးရှို့ခံထားရတာတို့၊ ဖျက်စီးခံရတာတို့ ဒီအဖြစ်အပျက်တွေနဲ့ ယှဉ်ထိုးပြီး ကြည့်သင့်တယ်လို့ ပြောချင်ပါတယ်။ တချို့နေရာတွေမှာလည်း တပ်မတော်အနေနဲ့က တချို့သော စစ်သည်များပေါ့နော်၊ စစ်သည်များအနေနဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ တချို့နေရာတွေမှာ ကျူးလွန်တဲ့ဟာတွေရှိတယ်။ ကျူးလွန်ခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီး ကျနော်တို့က ဒါ အရေးယူခဲ့တဲ့ဟာတွေကိုလည်း ဖော်ပြခဲ့ပြီးဖြစ်တယ်။ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီ ICJ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာလည်း ကျနော်တို့ ပြောခဲ့ပြီး ဖြစ်ပါတယ်ဗျ။”

စစ်ကောင်စီကတော့ ရိုဟင်ဂျာဆိုတော့ အသုံးအနှုန်းကို လက်ခံခြင်းမရှိပါဘူး။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ အင်အားအလွန်အကျွံသုံးခဲ့ပြီး နိုင်ငံတကာရာဇဝတ်မှုတွေဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု စတာတွေအတွက် Universal Jurisdiction နိုင်ငံတကာဥပဒေချိုးဖောက်မှုမှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဆိုတဲ့ ဥပဒေအောက်မှာ မြန်မာ စစ်ဘက်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ မြန်မာရိုဟင်ဂျာ အဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အာဂျင်တီးနားဗဟိုတရားရုံးကို လျှောက်ထားခဲ့တာပါ။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ အာဂျင်တီးနားတရားရုံးကို တုံ့ပြန်ဖို့မရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ခုနှစ် ဒီဇင်ဘာမှာ အာဂျင်တီးနားဘက်က အမှုကို လက်ခံပြီး စတင်စစ်ဆေးနေရာမှာ မြန်မာအာဏာပိုင်ဘက်က ပူးပေါင်းပါဝင်မှုမရှိပါဘူး။ ဒီအပေါ်မှာ တရားရုံးက ဘယ်လို ရှေ့ဆက်ဆောင်ရွက်နိုင်မလဲ၊ ဦးထွန်းခင်က အခုလိုရှင်းပြပါတယ်။

“သူတို့မလာဘူးဆိုရင် ဒါကတော့ တရားရုံးကနေ တရားရုံးရဲ့ထုံးစံ၊ တရားရုံးရဲ့ဥပဒေအတိုင်း သူတို့က ဆုံးဖြတ်ချက်ချပါလိမ့်မယ်။ ကျနော်တို့အမှုသည် တော်တော်လေးကို အရေးပါတဲ့အမှုတခုဖြစ်တယ်။ ကျနော်တို့ ရိုဟင်ဂျာအတွက်မကဘူး၊ ကျနော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးအတွက် ကျနော်တို့ရဲ့ဘုံရန်သူဖြစ်တဲ့ ဒီစစ်ရာဇဝတ်ဂိုဏ်းအုပ်စုကို ဖမ်းဝရမ်းထုတ်နိုင်ပြီဆို ကျနော်တို့နိုင်ငံအတွက် တော်တော်လေးကို ဒီစစ်တပ် နေ့စဉ်နဲ့အမျှ သတ်ဖြတ်နေမှုတွေအတွက် တော်တော်လေးကို အရေးယူမှုတခုရှိလာမယ်ဆိုတာ ကျနော်ပြောချင်တယ်။

အာဂျင်တီးနားနိုင်ငံအနေနဲ့ Universal Jurisdiction နဲ့ အညီ ဖမ်းဝရမ်းထုတ်ခဲ့သူတွေထဲမှာ စပိန်အာဏာရှင်ဟောင်း ဖရန်ကို ပါဝင်ခဲ့သလို တရုတ်နိုင်ငံမှာ Falun Gong လှုပ်ရှားမှုတွေကို နှိမ်နင်းမှုနဲ့ပတ်သက်လို့လည်း ဒီစီရင်ပိုင်ခွင့်ကို ကျင့်သုံးခဲ့ပါတယ်။ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို Universal Jurisdiction နဲ့အညီ စုံစမ်းစစ်ဆေးနေတဲ့ အာဂျင်တီးနားနဲ့ တူရကီနိုင်ငံတွေအတိုင်း အခြားနိုင်ငံတွေအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဂျီနီဗာ လူ့အခွင့်အရေးညီလာခံမှာတိုက်တွန်းသွားပါတယ်။

#MyanmarHumanRights #Rohingya #VOABurmese #အာဂျင်တီးနားတရားရုံး #ဦးထွန်းခင် #ရိုဟင်ဂျာအမျိုးသမီးတွေ #ဗွီအိုအေ

=============

[[Unicode]]
















=============

XS
SM
MD
LG