သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံးကိုးစစ်ပြေးဒုက္ခသည်တွေကို ဆန်နဲ့ရိက္ခာ အထောက်အပံ့ပေးဖို့ ခက်ခဲ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ဘေးရှောင်တွေ စားရေးအခက်အခဲဖြစ်နေတဲ့ မုံးကိုးမြို့၊ (MIMU)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ဘေးရှောင်တွေ စားရေးအခက်အခဲဖြစ်နေတဲ့ မုံးကိုးမြို့၊ (MIMU)

[[Zawgyi/Unicode]]

မိုးတွင်းကာလ လမ်းခရီးအခက်အခဲနဲ့ အစစ်အဆေးများတာတွေကြောင့် ရှမ်းပြည်နယ်မြောက် ပိုင်း မုံးကိုးမြို့က ရာနဲ့ချီတဲ့ စစ်ရှောင်တွေဟာ ဆန်နဲ့ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့ရနိုင်ကြောင်း ဒေသတွင်း ကူညီသူတွေက ပြောပါတယ်။ လောလောဆယ်မှာတော့ စစ်ရှောင်ဒုက္ခသည်တွေကို ဆန်နဲ့စားနပ်ရိက္ခာ ထောက်ပံ့တာတွေရပ်ဆိုင်းနေပြီး အဲဒီအစား ငွေကြေးထောက် ပံ့နေကြရပါတယ်။ မုံးကိုးမြို့က စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် မုံးကိုးမြို့အနီး ကျေးရွာတွေက ဒေသခံ ၇၀၀ ကျော်ဟာ ပြီးခဲ့တဲ့နှစ် နှစ်လယ်ပိုင်းလောက်ကတည်းက မုံးကိုးမြို့မှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

ဒီစစ်ပြေးဒုက္ခသည်တွေကို WFP ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့အပါအဝင် အခြား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေက ဆန်၊ စားနပ်ရိက္ခာနဲ့ အခြားအသုံးအဆောင်တွေ ကူညီထောက်ပံ့တာရှိခဲ့ပေမယ့် ဒီလပိုင်းမှာတော့ ကူညီထောက်ပံ့တဲ့အဖွဲ့ အစည်းတွေ နည်းပါးလာနေပါတယ်။

ဒီလိုအထောက်အပံ့တွေ လျော့နည်းတာနဲ့ မိုးတွင်းကာလ သွားလာရေးအခက်အခဲကြောင့် လာမယ့်လတွေမှာ ဆန်အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ဒေသတွင်း စစ်ရှောင်တွေကို ကူညီဆောင်ရွက်နေသူ တဦးက ပြောပါတယ်။

“အခုလောလောဆယ်တော့ တခြား WFP ရော ဆန်အခက်အခဲတွေက သယ်ဆောင်သွားလာဖို့ ခက်တာလေ နော။ သူတို့ တလောက လာတယ်။ ဆန်က သယ်ရအခက်အခဲရှိတော့ ဆန်အစား ငွေကြေးပဲ သူတို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီမယ်လို့တော့ ပြောတယ်။ ကျနော် ထင်တာ အရင်လို ထိထိရောက်ရောက်ကြီးတော့ သိပ် မကူညီပေးနိုင်ဘူးနဲ့တူတယ်။ အခုလည်း မိုးကလည်း ပြန်ကျလာပြီနော်။ ဒီနှစ်က ဆန်အခက်အခဲတွေက ရှိကောင်း ရှိနိုင်တယ်။”

အခြားကူညီရေးအဖွဲ့အစည်းက တာဝန်ရှိသူတဦးကလည်း မုံးကိုးကို ဆန်နဲ့ရိက္ခာ ပို့ဆောင်ရေးအတွက် ကြုံတွေ့နေရတဲ့အခက်အခဲကို အခုလို ပြောပါတယ်။

“ရိက္ခာပို့နေတာ အခက်အခဲက လမ်းကြမ်းတဲ့အခါကျတော့ အခု မိုးတွင်းလည်း ဖြစ်တဲ့အခါကျတော့ ကားလမ်း အဆင်မပြေတာရှိတယ်။ ပြီးရင် အစစ်အဆေးရှိတယ်။ တခါတလေကျရင် ဆန်တင်ပြီဆို ပိုရစ်ချင်တာပေါ့။ ဆန်နည်းနည်းများများ သယ်ပြီဆို စကားပြောရတာလေနော။ ပြီးရင် သယ်ယူပို့ဆောင်ရေး စရိတ်ဈေးကြီးတာပေါ့။ ဆီက အရမ်းဈေးတက်တော့ လေ။ အဲလိုတော့ ရှိတယ်။”

အဓိကကတော့ ကိုးကန့်အဖွဲ့ ရိက္ခာမရအောင် စစ်ကောင်စီက ပိတ်ပင်တာဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

ဆန်နဲ့ ရိက္ခာမထောက်ပံ့တာ ၃ လလောက်ရှိပြီဖြစ်ကြောင်းနဲ့ WFP ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့က လူတယောက်ကို တလ ရိက္ခာဖိုး ၃ သောင်းခွဲ ပေးထားပြီး အပြင်က ဆန်ဝယ်စားနေရကြောင်း မုံးကိုးမြို့ပေါ်ရောက် စစ်ရှောင်တဦးက ပြောပါတယ်။

“သူများ မလှူ၊ မပေးတော့ဘူးဆို ကိုယ့်ဟာကိုယ်ဝယ်စားနေတာပေါ့နော။ အခု။ ဘာလဲ WFP ဆိုလား အဲဒီကတော့ တလ တခေါက်တော့ လာ။ ပိုက်ဆံတော့ တယောက် သုံးသောင်းခွဲ-အဲဒါမျိုးထောက်ပံ့ပေးတာတော့ ရတာပေါ့နော။ အဲဒီပိုက်ဆံနဲ့ပဲ ဆန်ဝယ်ပြီးတော့ စားရတာပေ့ါ။ တလ တခေါက်တော့ ပုံမှန် ရပါတယ်ဗျ ဟုတ်။ အမှန်တကယ်စားမယ်ဆို လုံလောက်မှုသိပ်မရှိပါဘူး။ ပိုက်ဆံနည်းနည်းပါးပါးရှာပြီးတော့ ဆန်ဝယ်စားရတာပေါ့။”

မုံးကိုးမြို့ကို ပြင်ပဆန်သယ်ယူမှု ပိတ်ပင်ထားတာအပြင် တရုတ်နိုင်ငံဘက်ကလည်း တင်သွင်းလို့မရတာကြောင့် ဒေသထွက် ဆန်ကို အဓိက ရှာဖွေဝယ်ယူနေကြရကြောင်း ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ရှောင်ပြည်သူ ၇၀၀ ကျော်ဟာ မုံးကိုးမြို့ရှိ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ နေထိုင်နေကြရပါတယ်။

ဒီလပိုင်းတွေအတွင်း မုံးကိုးဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားတာငြိမ်သက်နေပေမယ့် မုံးပေါ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေသလို ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက် ရှိနေတာကြောင့် စစ်ရှောင်တွေဟာ နေရပ်မပြန်နိုင်ဘဲ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]

မုံးကိုးစဈပွေးဒုက်ခသညျတှကေို ဆနျနဲ့ရိက်ခာ အထောကျအပံ့ပေးဖို့ ခကျခဲ













=========

XS
SM
MD
LG