သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အရွယ်မရောက်သူတွေနဲ့ မသန်စွမ်းတွေ အခွင့်အရေးဆုံးရှုံးနေ 


အကျဉ်းဦးစီးဌာန
အကျဉ်းဦးစီးဌာန


[[Zawgyi/Unicode]]

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ အသက်မပြည့်သေးသူ ကလေးသူငယ်အရေအတွက်ဟာ ရန်ကုန် တမြို့တည်းမှာတင် အယောက် ၃၀၀ ကျော်ရှိနေပြီး ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ကလေးသူငယ်အရေး လှုပ်ရှားသူတွေကပြောပါတယ်။ အလားတူ ဖမ်းဆီးခံရတဲ့ မသန်စွမ်းသူတွေအပေါ်မှာလည်း ပြင်းထန်တဲ့ ဖိနှိပ်မှုတွေရှိနေတဲ့အပြင် တရားစွဲခံရသူတွေမှာ ခုခံချေပခွင့်ရနိုင်ဖို့တောင် ခက်ခဲနေတယ်လို့ မသန်စွမ်းအရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဖမ်းဆီးခံနေရတဲ့ ကလေးငယ်တွေနဲ့ မသန်စွမ်းတွေရဲ့ အခွင့်အရေးဆုံးရှုံးနေတဲ့ အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်ဖမ်းဆီးတာအပြင် ဗုံးကွဲမှုတွေ လက်နက်မှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးမှုတွေအတွင်း ၁၈ နှစ်အောက် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ မသန်စွမ်းတွေလည်း ဖမ်းဆီးခံရပါတယ်။ လက်လှမ်းမီသလောက်စာရင်းတွေအရ ရန်ကုန်တမြို့ထဲမှာတင် ဖမ်းဆီးခံထားရတဲ့ ကလေးသူငယ် ၃၀၀ ကျော်လောက်ရှိတယ်လို့ ကလေးသူငယ်အရေးလှုပ်ရှားသူ ရှေ့နေတဦးက ပြောပါတယ်။

ကလေးသူငယ်ဥပဒေနဲ့ မညီညွတ်စွာ ရဲစခန်းတွေမှာ ချုပ်နှောင်ခံရတာ၊ ကလေးအမှုတွေကို ဆောလျင်စွာစစ်ဆေးဖို့ ပြဌာန်းထားပေမယ့် ဥပဒေနဲ့မညီ ကြန့်ကြာနေတာတွေကြောင့် ကလေးတွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်းပြဿနာတွေ ပိုကြုံတွေ့နေရတာမျိုးတွေ ရှိနေ တယ်လို့ ပြောပါတယ်။

“ကလေးတွေ သင်တန်းကျောင်းမရောက်ခင် ရဲစခန်းကနေမှ စစ်ကြောရေးရောက် တာတွေ ရှိတဲ့အခါတွေမှာ အဲကလေးတွေက ထိခိုက်ဒဏ်ရာရထားတာတို့၊ တချို့ ကကြောက်လန့်နေတာတို့၊ အလွန်အကျွံ စိုးရိမ်နေတာတို့ အဲလိုစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်တဲ့ ကုသမှုတို့ ပံ့ပိုးကူညီမှုတို့ သိပ်မရှိဘူး။ ပြောရင်လည်း ဒါနဲ့ပတ်သက်လို့ ထိထိရောက်ရောက် ဝန်ဆောင်မှုတွေ ကူညီပေးတာတွေမရှိ ဘူး။ နောက်တခုက အမိန့်ချပြီး သင်တန်းကျောင်းတွေမှာက အချင်းချင်းက ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာမျိုးမဟုတ်ဘဲနဲ့ အသစ်ဝင်လာတဲ့ကလေးတွေရဲ့ ပစ္စည်းယူတာတို့၊ နည်းနည်းစီနီယာကျတဲ့သူတွေက ပါလာတဲ့ပစ္စည်းတွေယူတာတို့ အဲလို သဘောတွေ တွေ့ရတယ်၊ စောနပြောသလို ကလေးတွေမှာတော့ လူကြီးတွေလို ပြဿနာတွေတော့ သိပ်မကြားရသေးဘူး။ မိဘတွေကလည်း ကိုဗစ် ၁၉ အခြေအနေအရကော လုံခြုံရေးအခြေအနေအရကော ကလေးတွေနဲ့တိုက်ရိုက်မတွေ့ရသေးဘူး၊ မလွယ်သေးဘူး ဖြစ်နေတာပေါ့နော်။”

ဖမ်းဆီးခံထားရတဲ့ ကလေးငယ်အများစုဟာ တပ်မတော်ပြိုကွဲအောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံထားရသလို အကြမ်းဖက်ဥပဒေတခုဖြစ်တဲ့ ၅၀ (ည)၊ ပေါက်ကွဲစေတတ်သော လက်နက်ဥပဒေဆိုင်ရာပုဒ်မ ၃၊ ၄၊ ၅ တို့နဲ့ တရားစွဲခံရတာတွေများတယ်လို့ ရှေ့နေတွေကပြောပါတယ်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့မှာတော့ ထောင်ချခံရတဲ့ ကလေးငယ်တွေကို လူငယ်လေ့ကျင့်ရေးစခန်းကျောင်းတွေမှာ ထားပေမယ့် တခြားဒေသတွေမှာတော့ သီးခြားခွဲထားတာမျိုး ရှားပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ဖို့ သူတို့မိသားစုဝင် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို စစ်ကောင် စီက ဓားစားခံသဘောမျိုး ဖမ်းဆီးထားတာတွေ ရှိတယ်လို့လည်း ရှေ့နေကပြောပါတယ်။

တရားစီရင်ရေးပိုင်းမှာဆိုလည်း ပြစ်မှုထင်ရှားစွာမပြနိုင်သူကိုတောင် အမြင့်ဆုံးထောင်ဒဏ်ချမှတ်ဖို့ အာဏာပိုင်တွေဘက်က လုပ်ဆောင်တာတွေရှိနေပြီး လွတ်ငြိမ်းခွင့်ပေးမှုတွေမှာလည်း ကလေးတွေအတွက် ထည့်သွင်းစဉ်းစားတာမျိုး မရှိဘူးလို့ ရှေ့နေကပြောပါတယ်။

“တကယ်တော့ တချို့ဟာတွေက ကျူးလွန်တာ အကြောင်းအမျိူးမျိူးရှိတယ်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေမှာ အခြားနည်းနဲ့ လွှဲပြောင်းခြင်းဆိုတဲ့ ဒိုင်ဗားရှင်းစနစ်ရှိတယ်။ အမိန့်ချမှတ်တဲ့ တရားသူကြီးတွေဘက်က အဲဒါကို သတိမမူမိဘူးလား မသိဘူး။ အဲဒီမှာ ဆုံးမသတိပေးမှုလုပ်ဖို့ရှိတယ်။ ပြီးမှ အမြင့်ဆုံးမှ သင်တန်းကျောင်းတွေပို့ရတာရှိတယ်။ အဲဒီကြားထဲမှာ အဆင့်ဆင့်တွေ ရှိတယ်။ အဲဒါကိုကြည့်တာမျိုး လုံးဝမရှိဘူး။ တချို့ဆို အမှုတွေ မထင်ရှားဘူး။ မထင်ရှားပေမယ့် ချတာပဲ။ ပြောချင်တာက မိဘရပ်ထံ ပြန်ပို့လို့ရတယ်။ နောက်ပြုပြင်ပေးဖို့ ကိစ္စ၊ အိမ်မှာနေပြီး လူမှုဝန်ထမ်းထိန်းသိမ်းမှုအောက်မှာ နေရတဲ့ကိစ္စ ပြုပြင်ရေး သင်တန်း တက်လို့ရတဲ့ကိစ္စတွေ၊ အဲလိုတွေ တခုခုမှမလုပ်ဘဲ အမိန့်ချတာမျိုးကိုပဲ လုပ်ကြတယ်။ ကလေးတွေက သင်တန်းကျောင်းမှာရှိလို့ တခုမှအကျိုးမရှိဘူး။ လွတ်ငြိမ်းနဲ့ လွတ်ဖို့အတွက်က ကလေးတွေကို ဦးစားပေးစဉ်းစားဖို့လိုတယ်။ တကယ်က စဉ်းကိုစဉ်းစားရမယ့်ဟာပါ။”

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဓားစားခံအနေနဲ့ ဖမ်းဆီးနေမှုတွေက စစ်ကောင်စီအနေနဲ့ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်သလို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုပါ ချိုးဖောက်နေတာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ကုလသမဂ္ဂ ကလေးအခွင့်အရေးကော်မတီရဲ့ ဇူလိုင်လအတွင်း ထုတ်ပြန်ချက်အရဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်တွေရဲ့လက်ချက်နဲ့ အသက်မပြည့်တဲ့ကလေး ၇၅ ယောက်သေဆုံးပြီး ၁,၀၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဖော်ပြပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ လူငယ်သင်တန်းကျောင်းတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကို အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည် တုန့်ပြန်ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

အခုလို ကလေးငယ်တွေ အခွင့်အရေးဆုံးရှုံးနေကြသလို ဖမ်းဆီးခံထားရတဲ့ မသန်စွမ်းသူတွေမှာလည်း ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ခံနေရတယ်လို့ မသန်စွမ်းအခွင့်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ တရားစွဲခံရတဲ့အခါ တရားရင်ဆိုင်ဖို့၊ ဆေးကုသမှု ခံယူဖို့တွေ ခက်ခဲနေတယ်လို့ မသန်စွမ်းအရေးလှုပ်ရှားသူတဦးက ဗွီအိုအေကိုပြောပါတယ်။

“ကျန်တာ မှန်တယ်မှားတယ်မပြောလိုဘူး။ CRPT လည်းပါတယ်၊ မြန်မာဥပဒေတွေမှာလည်းပါတယ်။ Reasonable Accommodation လို့ခေါ်တဲ့ သူတို့အတွက် အဓိကစဉ်းစားပေးဖို့ဆိုတာ မရှိသလောက်ဘဲ မရှိဘူးဘဲပြောရမှာပဲ။ ခုခံချေပခွင့် ပြန်လည်ဖြေရှင်းခွင့်တို့မှာလည်း အမှန် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ သူတို့မှာ အခွင့်အရေးနည်းနေတယ်။ ဘယ်သူ့ကူညီတောင်းရမှန်းမသိဘူး။ အမှန်တရားအတွက် ဘယ်လိုခုခံချေပရမယ်မသိဘူး။ အဲဒါမျိုးတွေကျနော်တို့ကြုံရတယ်။ နောက်ကျန်းမာရေးစောင့်ရှောက်မှုတွေ မပံ့ပိုးပေးနိုင်ဘူး။ ကျန်းမာရေးစောင့်ရှောက်မှုတွေ စိုးရိမ်စရာရှိနေတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၁၀,၀၀၀ ကျော်မှာ ပြစ်ဒဏ်ချခံရသူ ၉၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီလ ၇ ရက်နေ့အထိစာရင်းမှာ ဖော်ပြပါတယ်။ သေဒဏ်ပေးခံရသူ ၅၉ ယောက်ထဲမှာ ကလေးငယ်နှစ်ယောက် ပါဝင်တယ်လို့ AAPP က စာရင်းပြုစု မှတ်တမ်းတင်ထားပါတယ်။

မြန်မာစစ်ကောင်စီကတော့ AAPP ရဲ့စာရင်းဟာ ချဲ့ကားထားတဲ့ စာရင်းတွေဖြစ်တယ်လို့ ပြောကြားလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]















===============

XS
SM
MD
LG