သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကမ်းလှမ်းတဲ့ဆွေးနွေးပွဲ KIO မတက်  


ကချင်လွတ်မြောက်ရေးတပ်မတော် KIO (ယခင်မှတ်တမ်း ဓာတ်ပုံ)
ကချင်လွတ်မြောက်ရေးတပ်မတော် KIO (ယခင်မှတ်တမ်း ဓာတ်ပုံ)

[[Zawgyi/Unicode]]

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်မှာ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးဖို့နဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေကို ထည့်သွင်းမထားတာကြောင့် KIO အနေနဲ့ တက်ရောက်မှာမဟုတ်ကြောင်း ဒီနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးကလည်း စစ်တပ်က နိုင်ငံရေးကစွန့်ခွာမှ ဆွေးနွေးနိုင်မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့က ကြေညာခဲ့တာပါ။ တက်ရောက်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့အမည်ကို မေလ ၉ ရက်နေ့ နောက်ဆုံးထား ပြန်ကြားဖို့လည်း ပန့်ကြားထားပါတယ်။

ဒီကနေ့မှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး သူတို့သဘောထားကို KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“အဲဒါကိုလည်း ကျနော်တို့ KIO ဗဟိုကော်မတီအနေနဲ့ လေးလေးနက်နက် ဆွေးနွေးပါတယ်။ ဒါပေမယ့် တခုရှိတာကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးဆွေးနွေးအဖြေရှာနိုင်တဲ့ ဆွေးနွေးပွဲဘက်ကို မဦးတည်ဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလောလောဆယ်မှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ပုဂ္ဂိုလ်တွေကို အဖွဲ့အစည်းတွေကို မဖိတ်ကြားတာလည်း ကျနော်တို့ တွေ့ရတယ်။ အဲဒါတွေကလည်း မြန်မာနိုင်ငံရဲ့အရေးကို မဖြေရှင်းနိုင်တဲ့အကြောင်းတခုဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ဆွေးနွေးပွဲမှာ မတက်ရောက်နိုင်တဲ့အကြောင်းတွေ ထုတ်ပြန်တာဖြစ်ပါတယ်။ ”

ပါဝင်သင့်ပါဝင်ထိုက်သူတွေနဲ့ပတ်သက်ပြီးတော့လည်း ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

“မနှစ်တုန်းက စစ်ကောင်စီကနေ အာဏာသိမ်းတဲ့နောက်ပိုင်းမှာတော့ လက်နက်ကိုင်ပြီးတော့ တော်လှန်နေတာကတော့ ကျနော်တို့ တိုင်းရင်းသား နယ်မြေတွေ၊ တိုင်းရင်းသားဒေသတင် မဟုတ်ပါဘူး။ ဒါ အားလုံးအသိဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ NUG တို့၊ PDF တို့က အစပေ့ါ။ NUG မှာ မပါတဲ့ လက်နက်ကိုင်တွေလည်း အများကြီး ရှိတာပေါ့။ နောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို စိတ်ဝင်စားနေတဲ့ နိုင်ငံရေးပုဂ္ဂိုလ်တွေလည်း အများကြီး ရှိတာပေါ့။ ဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေအားလုံးကတော့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်လို့ ပြောလိုတာဖြစ်ပါတယ်။ ”

KIO အဖွဲ့ဟာ NCA ကို လက်မှတ်မရေးထိုးထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

NCA ကို လက်မှတ်မရေးထိုးထားတဲ့ UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်၊ မတက် မေးမြန်းရာမှာတော့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အခုလို ပြန်ကြားပါတယ်။

“ဌာနချုပ်က ဘာမှတော့ အကြောင်းမပြန်လာသေးဘူး။ မေးတာတော့ မေးထားပြီနော်။”

NCA ကို လက်မှတ် မရေးထိုးထားတဲ့ အခြားအဖွဲ့အစည်းတွေက သီးခြား သဘောထားထုတ်ပြန်တာ မရှိသေးပါဘူး။

“ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တကယ် Commitment နဲ့ ပါဝင်ခဲ့တယ်။ သို့သော် အဲဒါကို လေးစားသမှုမပြုဘဲနဲ့ အကြမ်းဖက်တဲ့နည်းနဲ့ပဲအာဏာသိမ်းယူလိုက်တဲ့အခါ အဲဒါတွေအားလုံးပျက်စီးသွားတယ်လို့ ပြောလို့ရတယ်လေ။ အဲဒါကြောင့် အနာဂတ်ဆွေးနွေးပွဲတွေမှာ စစ်တပ်ဟာ နိုင်ငံရေးက စွန့်ခွာရမယ်။” (ပဒိုစောတောနီး-KNU)

NCA ကို လက်မှတ် ရေးထိုးထားတဲ့ KNU ခေါ် ကရင်အမျိုးသားအစည်းအရုံးရဲ့သဘောထားကိုတော့ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက အခုလို ပြောပါတယ်။

“အနာဂတ်မှာဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကတော့ အရင်ပုံစံအတိုင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကျနော်တို့က တကယ် Commitment နဲ့ ပါဝင်ခဲ့တယ်။ သို့သော်ငြားလည်းပဲ အဲဒါကို လေးစားသမှုမပြုဘဲနဲ့ နောက်ဆုံးကျတော့ အကြမ်းဖက်တဲ့နည်းနဲ့ပဲ အာဏာသိမ်းယူလိုက်တဲ့အခါမှာ အဲဒါတွေအားလုံးက ပျက်စီးသွားတယ်လို့ ပြောလို့ရတယ်လေ။ အဲဒါကြောင့် ဖြစ်ပေါ်လာမယ့် အနာဂတ်ဆွေးနွေးပွဲတွေမှာ တစ်အချက်က စစ်တပ်ဟာ နိုင်ငံရေးက စွန့်ခွာရမယ်။ ဒါ Condition တွေ ရှိကို ရှိရမယ်။”

အခြားအချက်တွေအနေနဲ့ ဖက်ဒရယ်၊ ဒီမိုကရေစီကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းဖို့၊ နောက် အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးအစီအစဉ်ကို လက်ခံဖို့နဲ့ အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲတွေကို အရင်ဆွေးနွေးပွဲတွေလို မဖြစ်အောင် နိုင်ငံတကာက ပါဝင်ရမယ်ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ ဒီအချက်တွေ ပါဝင်မှသာ နိုင်ငံရေးဆွေးနွေးမှာဖြစ်ကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က မနက်ဖြန်မှာ အထူးအစည်းအဝေးပွဲတရပ် ကျင်းပဖို့ ရှိနေပါတယ်။ ဒီအစည်းအဝေးဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ဖို့အတွက် ကြိုတင်ညှိနှိုင်းမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

NCA အပစ်ရပ်အဖွဲ့တွေထဲက ချင်းအမျိုးသားတပ်ဦး CNF က ဆွေးနွေးပွဲကို လက်မခံကြောင်း သဘောထားထုတ်ပြန်တာတွေ ရှိပေမယ့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကတော့ တက်ရောက်ဖွယ်ရှိကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ မြန်မာစစ်ကောင်စီပြောခွင့် ရသူကတော့ NCA လက်မှတ်ထိုးထားတဲ့အထဲက ၉ ဖွဲ့ တက်ရောက်နိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။

လောလောဆယ်မှာတော့ မြန်မာပြည်အလယ်ပိုင်းဒေသ စစ်ကိုင်းနဲ့ မကွေးတိုင်း၊ ချင်းနဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ကချင်ပြည်နယ် KIO ဌာနချုပ် လိုင်ဇာအနီးမှာလည်း စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]


















===========

XS
SM
MD
LG