သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ရှမ်းမြောက်တပ် တွေ့ဆုံ


ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ်၊ ဝမ်ဟိုင်း။ (ဓာတ်ပုံ CJ/နိုဝင်ဘာ ၁၈၊ ၂၀၂၁)
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ်၊ ဝမ်ဟိုင်း။ (ဓာတ်ပုံ CJ/နိုဝင်ဘာ ၁၈၊ ၂၀၂၁)

[[Zawgyi/Unicode]]

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဟာ ဒီနေ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပြီး မိုင်းရှူးမြို့နယ်က SSPP ရဲ့ တပ်စခန်းတွေ ပြန်လည် ရုပ်သိမ်းဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးလည်း စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့တယ်လို့ SSPP ပြောခွင့်ရက ဆိုပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့မှာ ဒီကနေ့မနက် ၁၁ နာရီကစတင်ဆွေးနွေးခဲ့ကြတာပါ။ တပ်စခန်းရွှေ့ပေးဖို့နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာလို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က VOA ကို ပြောပါတယ်။

“ အဓိကက ၂ ခုပဲ ဆွေးနွေးတာပါ။ ပထမအချက်က ဒီ မိုင်းရှူးမြို့နယ်ထဲမှာရှိတဲ့ တပ်စခန်း ရွှေ့ဖို့၊ ဒါ ဘယ်လိုအခြေအနေ ရှိလဲဆိုတာ လာပြီးတော့ update လုပ်တာပေါ့ဗျာ။ နောက်တခုက ဒီ မူးယစ်တရားခံတယောက်ဖမ်းလာပြီးတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေ လာပြောတာပေါ့ဗျာ။ ငြိမ်းချမ်းရေးကိစ္စ ဘာမှ မရှိပါဘူး။”

တပ်စခန်းတွေ ရုပ်သိမ်းရေးကိစ္စဟာ ပြီးခဲ့တဲ့ ဇွန်လကုန်မှာ နောက်ဆုံးထား ဆုတ်ခွာပေးဖို့ SSPP ကို စစ်ကောင်စီဘက်က အကြောင်းကြားထားတာပါ။ လက်ရှိဆွေးနွေးပွဲမှာတော့ တပ် စခန်းပြောင်းရွှေ့ရေးကို SSPP က သူတို့ ဗဟိုကော်မတီအတွင်း ပြန်လည်ညှိနှိုင်းမယ်လို့ အကြောင်းပြန်ကြားထားပါတယ်။

မူးယစ်ဆေးဝါးတွေဟာ SSPP စိုးမိုးရာ ကျေးသီးမြို့နယ်အတွင်း ဖမ်းဆီးရမိကြောင်းနဲ့ မူးယစ်ဆေးဝါးတရားခံကို SSPP ကိုယ်စားလှယ်တွေ ရှေ့မှာစစ်ဆေးတာတွေ ရှိကြောင်းလည်း ပြောပါတယ်။

မူးယစ်ဆေးဝါးကိစ္စစစ်ဆေးမှုနဲ့ပတ်သက်ပြီး ဗိုလ်မှူးစိုင်းဖုန်းဟန်က အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမဟုတ်ကြောင်း သုံးသပ်ထားပါတယ်။

“ ပြောမယ်ဆိုရင်တော့ ဒါက နိုင်ငံရေးကို ထိုးနှက်ချင်တဲ့ နိုင်ငံရေးဂုဏ်သိက္ခာကိုချချင်တဲ့ သဘောနဲ့ပဲ သူတို့ လုပ်တယ်လို့ ကျနော်တို့က ယူဆတာပေါ့ဗျာ။ ဆွေးနွေးတဲ့ပုံစံကလည်း ဒီ အပြုသဘောဆောင်တဲ့ ပုံစံလည်း ပြောတာလည်း မဟုတ်ဘူးဗျ။”

ရှမ်းပြည်အရေးစောင့်ကြည့်လေ့လာနေတဲ့ စိုင်းထွန်းအောင်လွင်ကတော့ ဒီကနေ့ ဆွေးနွေးခဲ့တဲ့ တပ်စခန်းပြောင်းရွှေ့ရေးဟာ ဖြစ်နိုင်ဖို့ ခက်ခဲကြောင်း အခုလို သုံးသပ်ပါတယ်။

“ မိုင်းရှူးမြို့နယ်ထဲက တပ်စခန်းတွေကတော့ဗျာ ဟို ဗမာပြည်ကွန်မြူနစ်ပါတီခေတ်ကတည်းက SSPP နဲ့ ဗကပ ကြား သော်လည်းကောင်း ဒါ တစ်ဘက်နဲ့တစ်ဘက်လုံခြုံရေးအရ အပြန် အလှန် တည်မှီပြီးနေခဲ့တဲ့ နေရာမျိုးတွေပေါ့။ ဗကပနေရာမှာ ခေတ်ပြောင်းသွားတော့ ဒီဘက်ခေတ်မှာတော့ ဝ တို့ ဘာတို့ ဖြစ်လာတာပေါ့လေ နော။ အဲဒီနေရာမျိုးတွေ ရွှေ့ခိုင်းဖို့ ဆိုတာက သိပ်တော့ မလွယ်လောက်ဖူးနဲ့တူတယ်ပေါ့နော်။ သူတို့ လုံခြုံရေးအတွက်က နှစ်ဘက်လုံးအတွက် အရေးပါတယ်လေ နော။”

ဒီနေ့ ဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဘက်က ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တက်ရောက်ခဲ့ပြီး SSPP ဘက်ကတော့ ဒုဥက္ကဋ္ဌ ၂ ဦးဖြစ်တဲ့ စဝ်ခေးတိုင်းနဲ့ စဝ်ခွန်ဆိုင်တို့ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို သတင်းမီဒီယာအဖွဲ့အချို့လည်း တက်ရောက်ခဲ့ပါတယ်။

SSPP အဖွဲ့ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း အကြောင်းပြန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက်က တဖွဲ့ဖြစ်ပါတယ်။ လောလောဆယ်မှာ လက်နက်ကိုင် ၉ ဖွဲ့နဲ့ ဆွေးနွေးပြီးသွားပြီဖြစ်ပေမယ့် SSPP နဲ့ ဆွေးနွေးဖြစ်မယ်၊ မဆွေးနွေးဖြစ်ဘူးဆိုတာကတော့ မရေမရာရှိနေပါတယ်။ SSPP နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့တွေ တွေ့ဆုံမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]













XS
SM
MD
LG