သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်စခန်းသုံးခုရုပ်ဖို့ စစ်ကောင်စီတောင်းဆိုမှု ရှမ်းမြောက်တပ်ငြင်းပယ်


ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ်၊ ဝမ်ဟိုင်း။ (ဓာတ်ပုံ CJ/နိုဝင်ဘာ ၁၈၊ ၂၀၂၁)
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ်၊ ဝမ်ဟိုင်း။ (ဓာတ်ပုံ CJ/နိုဝင်ဘာ ၁၈၊ ၂၀၂၁)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းရဲ့တပ်စခန်း ၃ ခုကို ဒီနေ့ နောက်ဆုံးထားဖယ်ရှားဖို့ စစ်ကောင်စီဘက်က အကြောင်းကြားလာခဲ့ရာမှာ SSPP ငြင်းပယ်ထားပါတယ်။ လောလောဆယ် နှစ်ဘက်တပ်တွေကြား စစ်ရေးအရ တင်းမာမှုမရှိသေးပေမယ့် စစ်ကောင်စီဥက္ကဋ္ဌနဲ့ SSPP တွေ့ဆုံမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ ဆိုင်းငံ့နေပါတယ်။ စစ်ကောင်စီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီအကြား ဆက်ဆံရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့တာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မိုင်းရှူးမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းရဲ့ တပ်စခန်း ၃ ခုကို စစ်ဆင်ရေးလမ်းဖောက်လုပ်နိုင်ရေးအတွက် ဒီလ ၁၀ ရက် နောက်ဆုံးထား ဖယ် ရှားဖို့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဒီလ ၄ ရက်နေ့ နေ့စွဲနဲ့ အကြောင်းကြားထားခဲ့တာပါ။

ဒီလို အကြောင်းကြားလာတဲ့အပေါ် စခန်းတွေကို ဖယ်ရှားမှာမဟုတ်ကြောင်း SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူ̔ စိုင်းဖုန်းဟန်က VOA ကို ပြောပါတယ်။

“အာဏာမသိမ်းခင်တုန်းက ဒေသဖွံ့ဖြိုးရေးလမ်းဆိုပြီး သူတို့က ချဲ့ချင်တာပေါ့လေ။ လမ်းချဲ့ချင်တာ ကျနော်တို့ကို လာညှိတာပေါ့။ ကျနော်တို့ ချဲ့ခွင့်ပြုပါတယ်။ အခုက နည်းနည်း လေသံပြောင်းလာတာပေါ့ဗျာ။ စစ်ဆင်ရေးလမ်းကြောင်း နံမည်ပြောင်းပြီးတော့ အဲဒါကို ရွှေ့ပေးဖို့ သူတို့ ပြောလာတာပေါ့ဗျာ။ ၆ ရက်နေ့က ပြန်ပြီးတော့ အကြောင်းပြန်ပါတယ်။ လောလောဆယ်အခြေအနေတော့ ပြောင်းဖို့၊ ဒီ စစ်တပ်တွေ ရွှေ့ဖို့၊ လမ်းကြောင်းပြောင်းဖို့ မဖြစ်နိုင်ဘူး။ မိုးတွင်းလည်း ဖြစ်တယ်ဗျာ။ နောက်တခုက ကျနော်တို့ ဒီလမ်းကြောင်းကို အသုံးပြုလာတာ နှစ် ဆယ်ချီရှိပြီးပြီ။ ဘာပြဿနာမှ မရှိဘူးဗျ။ အဲဒါကို ပြဿနာဖြ စ်တာကို ကျနော်တို့က မလိုချင်ဘူးလေနော်။ နားလည်ပေးဖို့ ကျနော်တို့ စာရေးထားတာ ရှိပါတယ်ဗျ။ ”

ဒီလို ပြောင်းရွှေ့ခိုင်းတဲ့ တပ်စခန်းတွေဟာ လွိုင်နိုင်းလမ်းခွဲနဲ့ သံလွင်မြစ်ကူးတို့ဆိပ်အနီးက စခန်းတွေ ဖြစ်ကြောင်းနဲ့ တပ်ရွှေ့ပြောင်းဖို့ သတ်မှတ်ရက်ရောက်ရှိပေမယ့် ထူးခြားတဲ့ စစ်ရေးလှုပ်ရှားမှုမရှိကြောင်း ပြောပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူ̔းကြီး မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းပွဲတက်ရောက်ဖို့ လက်ခံ စာရင်းပေးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) နဲ့ ဆွေးနွေးပြီးနောက်မှာ SSPP/SSA မြောက်ပိုင်းနဲ့ ဆွေးနွေးဖို့ရှိကြောင်း ပြောဆိုထားပေမယ့် အခုချိန်ထိတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြောင်းကြားလာတာ မရှိသေးကြောင်းလည်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆက်ပြောပါတယ်။

“ပထမ တပ်ရွှေ့ခိုင်းမှု မပြုခင်တုန်းကတော့ မိုင်းလားအဖွဲ့ တွေ့ပြီးပြီဆိုလို့ရှိရင် ကျနော်တို့ အဖွဲ့နဲ့ တွေ့မယ်ဆိုတဲ့ Message လည်း ကျနော်တို့ ရပါတယ်။ ဒါပေမယ့် အခု ဒီကိစ္စဖြစ် လာတဲ့နောက်ပိုင်းမှာကျတော့ သူတို့ ပြောတာတော့ မိုင်းလားတွေ့ပြီးတာနဲ့ ခန ရပ်မယ်ဆိုတဲ့ သတင်းတော့ ကြားရတာပေါ့။ ဆိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့ဗျာ”

SSPP ရဲ့ လူမှုကွန်ရက်စာမျက်နှာတော့ တပ်စခန်းတွေကို ဆုတ်ပေးမှာမဟုတ်ကြောင်းနဲ့ စစ်ရေးအရ အသင့်ပြင်ထားကြောင်း ဖော်ပြထားပါတယ်။ ဒီလ အစောပိုင်းကလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းတပ်တွေက က လဲချား၊ ခိုလမ်နဲ့ ကွန်ဟိန်းဘက်က စစ်ကြောင်း ၃ကြောင်းနဲ့ SSPP/SSA မြောက်ပိုင်းတပ်တွေဘက် ချဉ်းကပ်လာနေကြောင်းလည်း SSPP က သတင်းထုတ်ပြန်ထားပါတယ်။

RCSS နဲ့ စစ်ရေးတင်းမာနေသလို စစ်ကောင်စီကလည်း သူတို့ တပ်စခန်းတွေ ရုတ်သိမ်းဖို့ ဖိအားပေးပြောလာတာကြောင့် စစ်နှစ်ဘက်ညှပ်မယ့် အနေအထားအဖြစ် သုံးသပ်ထားကြတယ်လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆက်ပြောပါတယ်။

“ဒီ မိုင်းနောင်နဲ့ မိုင်းနောင်၊ လဲချားတဝိုက်ပေါ့လေ၊ ဒီလမ်းကြောင်းတလျှောက်ကို ခိုလန် လည်း ပါတာပေါ့။ RCSS က စစ်တပ်နဲ့ တွေ့ပြီးနောက်ပိုင်း အင်အားပြန်ပြီးတော့ ဖြည့်တဲ့သဘောရှိတယ်ဗျ။ တထောင်ဝန်းကျင်လောက်တော့ ရှိမယ် ထင်ပါတယ်။ ဒါကလည်း ခိုလန်၊ ခိုလန် ရလခတိုင်း အနီးအနားဝန်းကျင်ကနေ ဖြတ်လာတာ ကျနော်တို့သတင်းရတာပေါ့လေ။ ဒါ ချိန်ကိုက်လုပ်နေသလားလို့တောင် တချို့ တပ်မှူးတွေက သုံးသပ်ချက် ပြုကြတာပေါ့ဗျာ။”

ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ဖိတ်ခေါ်နေပေမယ့် တဘက်မှာ ဖိအားပေးနေတဲ့အခြေအနေကြောင့် စစ်ကောင်စီနဲ့ SSPP နဲ့ ဆွေးနွေးပွဲ ပျက်နိုင်တယ်လို့် ရှမ်းပြည်နယ်နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ထားတဲ့အချိန်မှာ ဆွေးနွေးဖို့ ပြင်နေတဲ့ အဖွဲ့တဖွဲ့ကို စစ်ရေးအရ ဖိအားပေးတဲ့ကိစ္စမျိုးတွေဖြစ်လာတာက ဒါ ဖိတ်ခေါ်ထားတဲ့ သူတို့ရဲ့ကြေညာထားတဲ့ ရည်ရွယ်ချက်နဲ့တော့ တော်တော်လေး ဖီလာ ပြောင်းပြန်ဖြစ်တယ်ပေါ့ဗျာ နော။ ဒီလို စစ်ရေးတင်းမာမှုတွေ ရှိနေတယ်။ တိုက်ခိုက်မှုတွေ ရှိတယ်ဆို SSPP နဲ့ ဆွေးနွေးပွဲက ပျက်သွားနိုင်တယ်။ အဲတော့ တခြား အဖွဲ့တွေကလည်း ပြန်ပြီးတော့မှ ပုံစံပြောင်း စဉ်းစားတာတွေ ဖြစ်လာနိုင်ပါတယ်။”

ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့က SSPP တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ်ကလည်း စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက မိုင်းရှုးမြို့နယ် သံလွင်မြစ်ကမ်းနဲ့ လွိုင်လင်မြို့နယ်အတွင်းက ဆနင်းဒေသက တပ်စခန်းတွေ ရုတ်သိမ်းဖို့ SSPP/SSA မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ တောင်းဆိုခဲ့ဖူးပါတယ်။ ဒါကို SSPP ဘက်က လက်မခံတဲ့နောက် အဲဒီဒေသအတွင်း စစ်ကောင်စီဘက်က အင်အားတိုးမြှင်ချထားတာတွေ ရှိခဲ့သလို နှစ်ဘက်အကြား စစ်ရေးတင်းမာတာတွေ ဖြစ်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]















===============

XS
SM
MD
LG