သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီငြိမ်းချမ်းရေးပွဲ KNPP နဲ့ CNF မတက်


KNPP တပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း။ (ယခင်သတင်းဓာတ်ပုံ)
KNPP တပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း။ (ယခင်သတင်းဓာတ်ပုံ)

[[Zawgyi/Unicode]]

စစ်ကောင်စီဥက္ကဋ္ဌ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့က တက်ရောက်မှာမဟုတ်ကြောင်း ပြောပါတယ်။ ဒီလို မတက်ဖို့ ဆုံးဖြတ်တာဟာ အမှန်တကယ် ငြိမ်းချမ်းဖို့အတွက် ပါဝင်ဆွေးနွေးသင့်သူတွေ မဖိတ်ခေါ်တာနဲ့ လက်ရှိ နယ်မြေတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်လို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ရုပ်မြင်သံကြားကတဆင့် ဖိတ်ခေါ်ခဲ့သလို အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကလည်း စာပေးပို့ပြီး ဖိတ်ခေါ်ထားတာပါ။

လတ်တလော စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခမြင့်တက်နေတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း အဖွဲ့ရဲ့ အတွင်းရေးမှူး ၁ ခူးဒယ်နီရယ်က VOA ကို ပြောပါတယ်။

“ကျနော်တို့ကတော့ မတက်နိုင်သေးဘူးဆိုတာ သဘောထား ထုတ်ပြန်ထားတာ ရှိပါတယ်။ ဗမာပြည် တခုလုံး ပြဿနာဖြေရှင်းဖို့ကတော့ အားလုံးပါဝင်ရေးမူဆိုတာကတော့ အမြဲတမ်းကိုင်စွဲထားတာဖြစ် တယ်။ ဒီအာဏာသိမ်းမှုဖြစ်ပွားတာက NLD အစိုးရနဲ့တပ်နဲ့ ဖြစ်တာဖြစ်တယ်။ အခုက NLD အစိုးရနဲ့ ဆက်စပ်တဲ့ CRPH တို့၊ NUGတို့၊ နောက် တခါ လူထု တရပ်လုံးကလည်း ပါဝင်လာတဲ့ PDF တို့ သူတို့ အဲဒီအဖွဲ့တွေကို မခေါ်ဘူး။ အဓိက ပြဿနာဖြစ်နေတဲ့အဖွဲ့တွေကို ချန်ပြီးမှ ကျန်တဲ့ တိုင်းရင်းသားတွေကို ခေါ်တယ်ဆိုတာကတော့ ဒါ ဒီဆွေးနွေးမှုက အောင်မြင်မယ်မဟုတ်ဘူးဆိုတာ ကျနော်တို့ကတော့ ဒီလိုပဲ မြင်လို့ ပေါ့လေ။”

တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းချိန်မှာပဲ စစ်ကောင်စီဘက်က စစ်ဆင်ရေးတွေလုပ်နေသလို ကျေးရွာတွေ မီးရှို့တာ၊ ရွာသားတွေကို သတ်ဖြတ်တာတွေရှိနေတဲ့အတွက် ယုံကြည်မှု ပျက်ပြားစေကြောင်း ခူးဒယ်နီရယ်က ဆက်ပြောပါတယ်။

“ဆွေးနွေးပွဲ ခေါ်ယူတယ်။ ငြိမ်းချမ်းရေးလုပ်မယ်တော့ ခေါ်ယူတယ်။ တဘက်မှာက ကျနော်တို့ နယ်မြေမှာ စစ်ဆင်ရေးတွေက မရပ်တန့်ဘူး။ နောက်ဒီ လူထုတွေရဲ့ ကျေးရွာနေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတို့၊ ဖမ်းဆီးတာတို့၊ သတ်ဖြတ်တာတို့ ရှိနေတုန်းပဲ။ ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ ယုံကြည်မှုမရှိဘူး။ ဒီအခြေအနေကို ကြည့်ပြီးမှ ယုံကြည်မှုမရှိဘူး။ ”

KNPP အဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ NCA စာချုပ် ကို လက်မှတ် ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦးကလည်း ဆွေးနွေးပွဲ တက်ရောက်ဖို့ မရှိကြောင်း CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောပါတယ်။

“CNF အနေနဲ့ကတော့ မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ကို တက်မှာ မဟုတ်ပါဘူးခင်ဗျ။ ဒီနေ့ မြန်မာနိုင်ငံရေး ပဋိပက္ခက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒီ စစ်ကောင်စီအကြား ဖြေရှင်းပြီးတော့ ပြေလည်မယ့် နိုင်ငံရေးပဋိပက္ခမဟုတ်ပါဘူး။ အဲဒီပြည်သူလူထုနဲ့ စစ်ကောင်စီကြားဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ ဖြစ်နေတယ်။ အဲဒါတချက်။ ပြီးတော့ သူဖိတ်ကြားတဲ့အထဲမှာ အာမခံချက် စသည်ဖြင့် ဘာမှ မရှိဘူးဆိုတော့ အဲဒါတော့ ယေဘုယျဆန်လွန်းတဲ့ ဖိတ်ခေါ်ချက်ဖြစ်တဲ့အတွက် တက်မှာ မဟုတ်ပါဘူး။”

ဒီရက်ပိုင်းတွေအတွင်း ချင်းပြည်နယ် ဟားခါးနဲ့ဖလမ်းအကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လက်နက်ကိုင်ခုခံ တိုက်ခိုက်မှု အများဆုံးရှိတဲ့နေရာတွေဖြစ်သလို စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ဒေသတွင်း ထိခိုက်သက်ရောက်မှုတွေလည်းကြီးပါတယ်။

စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်၊ မတက်ကို ဒီလ ၈ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ဖို့ ပြောဆိုထားတာပါ။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အတော်များများကတော့ တက်မယ်၊ မတက်ဘူးဆိုတာကို တိတိကျကျ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

NCA အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPSTကတော့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အပေါ် အမြင်သဘောထား စုစည်းနိုင်ဖို့ အထူးအစည်းအဝေးတရပ်ကို Video Conferencing နဲ့ ၂ ရက်ကြာ ကျင်းပနေပါတယ်။

PPST မှာ လက်ရှိ ဆွေးနွေးနေတဲ့ အဖွဲ့ ၇ ဖွဲ့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီသတင်းကို ငြင်းဆိုတာတွေလည်း ရှိနေပါတယ်။

ဒီအစည်းအဝေးမှာ ပါဝင်တက်ရောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကတော့ တက်၊ မတက် အပြီးအပြတ် မဆုံးဖြတ်ရသေးကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ထွန်းတင်က ပြောပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ PPST ရဲ့ ဆုံးဖြတ်ချက်ကို စောင့်အုံးမယ်ဗျ။ PPST အစည်းအဝေးပြီးရင် ကျနော်တို့ အဖွဲ့က အစည်းအဝေးပြန်ထိုင်ဖို့ ရှိတယ် အဲဒီအချိန်မှ ကျနော်တို့က ဆုံးဖြတ်လို့ရမှာဗျ။ ”

လက်ရှိမှာတော့ NCA လက်မှတ် မထိုးသေးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကလည်း ဒီအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူလို့ တရားဝင်ထုတ်ပြန်ထားပါတယ်။ NCA လက်မှတ် ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU မှာတော့ မတက်ဘူးလို့ပြောတဲ့ ခေါင်းဆောင်ပိုင်းရှိသလို ဥက္ကဋ္ဌ မူတူဆေးဖိုး တက်ရောက်လိမ့်မယ်ဆိုတဲ့သတင်းတွေလည်း ကြားနေရပါတယ်။ မြန်မာစစ်ကောင်စီပြောခွင့်ရသူကတော့ NCA လက်မှတ်ထိုးထားတဲ့အထဲက ၇ ဖွဲ့ တက်ရောက်နိုင်ခြေရှိတယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]

















================

XS
SM
MD
LG