သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်သတ်မှတ်ရေး အဆင်မပြေသေး


လှိုင်သာယာစက်မှုဇုန် အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့မြန်မာအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
လှိုင်သာယာစက်မှုဇုန် အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့မြန်မာအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

မြန်မာအလုပ်သမားတွေအတွက် တရက်တာ အနိမ့်ဆုံးလုပ်ခလစာ ၄,၈၀၀ ကျပ်ကနေ ပြင်ဆင်သတ်မှတ်တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပေမဲ့ မြန်မာ အလုပ်သမားဌာနဘက်တော့ လတ်တလောမှာ လုပ်ခလစာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတာ မရှိသေးကြောင်း ပြောပါတယ်။ လစာတိုးပေးဖို့ကိစ္စဆိုတာ လက်ရှိအခြေအနေမှာ သူတို့အနေနဲ့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေကြောင်းလည်း အလုပ်သမားရေးဌာန အရာရှိက ပြောလိုက်တာပါ။ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် အနိမ့်ဆုံးလုပ်ခလစာ တရက် ၄,၈၀၀ ကျပ်ကို ၈,၀၀၀ ကျပ်အထိတိုးပေးဖို့ စက်မှုဇုံအလုပ်သမားတွေက တောင်းဆိုနေပေမဲ့ မြန်မာ အလုပ်သမားရေး ဌာနဘက်ကတော့ ဒီကိစ္စကို သူတို့အနေနဲ့ လက်ငင်းဆုံးဖြတ်ပေးဖို့ အစီအစဉ်မရှိသေးကြောင်း ဗွီအိုအေကို ပြောပါတယ်။ စီးပွားရေး ကောင်းစွာ မလည်ပတ်သေးတဲ့အတွက် လစာတိုးပေးဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတယ်လို့ အလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

"ဘယ်အခြေခံအဖွဲ့အစည်းက ဘယ်မြို့နယ် အဖွဲ့အစည်းက ၈,၀၀၀ တို့ ၉,၀၀၀ တို့ပြောလို့ ဒီလို ကျနော်တို့ ဆောင်ရွက်သွားမှာမဟုတ်ပါဘူး။ လက်ရှိလည်း ဒီဟာကို ဆောင်ရွက် ဖို့ အခြေအနေ မရှိသေးဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ပြောထားတာရှိတယ်၊ တိုင်းပြည်ရဲ့စီးပွားရေး ကောင်းမွန်အောင်ဆောင်ရွက်ပြီးမှပဲ အစိုးရဝန်ထမ်းတွေ လစာတိုးဖို့၊ တဘက်ကလည်း ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ အလုပ်သမားတွေရဲ့ အခြေခံလစာတွေကို မြှင့် တင်ပေးဖို့ဆိုပြီး ဒီလိုပြောထားတာ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လက်ရှိနိုင်ငံအခြေအနေအရ စီးပွားရေးကောင်းအောင် လုပ်နေဆဲ ဒီအခြေအနေပဲရှိတယ်။ ဒါကြောင့် လက်တလောမှာ မူလသတ်မှတ်ထားတဲ့ နှုန်းကနေ နောက်နှုန်းတခုကို ကျနော်တို့ပြောင်းဖို့၊ တိုးတက်ဖို့ဆိုတာ အရမ်းကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။"

စီးပွားရေး တိုးတက်လာမယ့်အချိန်ကို မှန်းဆပြီး လက်တလောမှာ လုပ်ခလစာကိစ္စကို ဆွေးနွေးနေခြင်းပဲဖြစ်တယ်လို့ သူကပြောပါတယ်။ အထည်ချုပ်၊ အိတ်ချုပ် ဒီလုပ်ငန်းတွေမှာ ကုန်အမှာတွေ ကျဆင်းနေသလို တက်မှာလည်း ဒေါ်လာငွေလဲလှယ်နှုန်းကြောင့် ကုန်ကြမ်းဈေးတက်တာနဲ့ ကြုံနေရတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက်ကို တရက်တာ အလုပ်ချိန် ၈ နာရီအတွက် ၄,၈၀၀ ကျပ်အဖြစ် ၂၀၁၈ ခုနှစ်မှာ NLD အစိုးရက ပြောင်းလဲသတ်မှတ်ခဲ့တာပါ။ အခု စစ်ကောင်စီ လက်ထက်မှာတော့ အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန်တက်လာသလို ကမ္ဘာ့စီးပွား အကျပ်အတည်းကိုလည်း ရင်ဆိုင်ရတာကြောင့် အလုပ်သမားတွေက လစာတိုးပေးဖို့ တောင်းဆိုလာကြပါတယ်။ တရက်လုပ်ခ ၄,၈၀၀ ကျပ်ကနေ တိုးပေးဖို့အတွက်လည်း စက်ရုံတွင်း ဆန္ဒပြ တောင်းဆိုမှုတွေလည်း အများအပြား ရှိနေတာပါ။

နာမည်ကြီး Adidas ဖိနပ်တွေချုပ်ပေးနေတဲ့ Myanmar Pou Chen (မြန်မာပေါင်ချိန်) မှာ စက်ရုံမှာ တရက်လုပ်ခကို ၈,၀၀၀ ကျပ် တိုးတောင်းတဲ့အတွက် အလုပ်သမား ၂၆ ယောက် အလုပ်ထုတ်ခံထားရပါတယ်။ လက်ရှိမှာ သူ့တို့အားလုံးက အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှာ အမှုရင်ဆိုင်နေရတာပါ။ သူတို့ကို အလုပ်ပြန်ခန့်ပေးဖို့ Adidas လုပ်ငန်းဘက် က တောင်းဆိုထားပေမဲ့ မြန်မာပေါင်ချိန်ဘက်ကတော့ လက်မခံသေးပါဘူး။ အမှုရင်ဆိုင်နေတဲ့ မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားတဦးက အခုလိုပြောပါတယ်။

"ညီမတို့ ဒီလုပ်ငန်းခွင်ထဲ ပြန်ဝင်ဖို့အတွက် အစွမ်းကုန် လုပ်ဆောင်နေတယ်။ Adidas ဘက်ကလည်း စုံစမ်းနေတဲ့အချိန်မှာလည်း သူတို့က Adidas ကို အရေးမလုပ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ လုပ်နေတာပေါ့။ အဲဒါမျိုးတွေလည်း ဆက်ပြီးတော့ မလုပ်ဆောင်ဖို့၊ အလုပ်သမားတွေ အရေးအတွက် အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း လုပ်ခလစာတိုးပေးမယ် ဆိုတဲ့အတွက်လည်း အများကြီး မျှော်လင့်ထားပါတယ်။"

မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာကို New York Times သတင်းစာကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ ဖလားမှာ အားကစားသမားတွေဝတ်တဲ့ ဂျာစီအင်္ကျီကို မြန်မာနိုင်ငံက အလုပ်သမားတွေက တရက်လုပ်ခ ၂ ဒေါ်လာကျော်လေးနဲ့ ချုပ်လုပ်ပေးခဲ့တာလို့ ရေးသားဖော်ပြခဲ့တာပါ။

အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေလည်း အများအပြား ဖြစ်ပေါ်နေပါတယ်။ ရန်ကုန် အင်းစိန်ဇုံ (၃) က Cotton Textile Garment စက်ရုံဟာ အလုပ်သမားတွေကို ပေးရမဲ့ ကျွမ်းကျင်ကြေးကို ဖြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့် နိုဝင်ဘာလထဲမှာ အဲဒီစက်ရုံက အလုပ်သမား ၁,၀၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

တနိုင်ငံလုံးက အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားက အခုနှစ် အောက်တိုဘာလကုန်အထိ ၄၁၀,၀၀၀ ကျော်ရှိပြီး နိုင်ငံခြားသားက ၂,၆၀၀ ကျော်ရှိတယ်လို့ အစိုးရအလုပ်သမား ဌာနဘက်က ပြောပါတယ်။
#MyanmarPouChen #Adidas #မြန်မာအထည်ချုပ် #လစာတိုးတောင်း #တနေ့နှစ်ဒေါ်လာ #ဦးညွန့်ဝင်း #မြန်မာပေါင်ချိန် #အင်းစိန်ဇုံ(၃) #မြန်မာ့စီးပွါးရေး

တိုက်ရိုက် လင့်ခ်

[[Unicode]]











====================

XS
SM
MD
LG