သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့မှာ ပစ်ခတ်မှုဖြစ်ပွါး  


ချင်းပြည်နယ်၊ ဖလမ်းမြို့ (Credit: MIMU)
ချင်းပြည်နယ်၊ ဖလမ်းမြို့ (Credit: MIMU)

[[Zawgyi/Unicode]]

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ဘက်မှာ ဒီနေ့ ပစ်ခတ်မှုဖြစ်ခဲ့တာဟာ စစ်ကောင်စီတပ်က တဘက်သတ် ခြောက်လှန့်ပစ်ခတ်တာလို့ ချင်းအမျိုးသား ကာကွယ်ရေး CNDF ဘက်ကပြောပါတယ်။ တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် ဒေသခံတွေ မြို့ကနေတိမ်းရှောင်ကြဖို့ ချင်းကာကွယ်ရေး CDF Hualngoram (ဟွာလ်ငိုရမ်) အဖွဲ့ကနေ ကြေညာခဲ့ပြီးနောက် ရိခေါ်ဒါရ်မြို့က ထောင်နဲ့ချီတဲ့ပြည်သူတွေ အိန္ဒိယနယ်စပ်ဘက်ကို စစ်ဘေးတိမ်း ရှောင်နေကြပါတယ်။ ဒီအချိန်မှာပဲ အခုလို ပစ်ခတ်သံ ထွက်ခဲ့တဲ့အကြောင်း ရန်ကုန်က ပေးပို့ထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့မှာ ဒီနေ့မနက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်ကနေ ရိခေါ်ဒါရ်မြို့ အမှတ် (၂) ရပ်ကွက် တပ်ကုန်းပေါ်ကနေ ခြောက်လှန့်ပစ်တာလို့ ချင်းအမျိုးသားကာကွယ်ရေးCNDF အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။

“ဟုတ်တယ်။ တိုက်ပွဲတော့မဟုတ်။ သူတို့စစ်ကောင်စီဘက်က ဒီလက်နက်ငယ်အချက် (၂၀) လောက် ရမ်းသန်းပစ်တယ်လို့ပြောတယ်။ ထိတွေ့မှုတော့ မရှိဘူးပြောတယ်။ စစ်ကောင်စီဘက်ကပဲ သူတို့ ...ရှိတဲ့နေရာဘက်ကို ရမ်းသန်းပစ်တဲ့ပုံစံမျိုး။ စခန်းလုပ်ထားတဲ့နေရာ အမှတ် (၂) ပေါ်ကနေ ရမ်းပြီးတော့ပစ်တာနေမယ်။ သူတို့စခန်းအသစ်ဖွင့်ထားတဲ့နေရာကနေ။’’

ရိခေါ်ဒါရ်မြို့ဘက်မှာ တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ မြို့ကနေ တိမ်းရှောင်ကြဖို့ ချင်းကာကွယ်ရေး CDF Hualngoram (ဟွာလ်ငိုရမ်) အဖွဲ့ကနေ ကြေ ညာခဲ့ပြီးနောက် သေနက်သံတွေ ဒီကနေ့ကြားခဲ့ရတာပါ။

ချင်းကာကွယ်ရေးအဖွဲ့ရဲ့ကြေညာချက်ကြောင့် ပြီးခဲ့တဲ့ မတ်လ (၇) နေ့တုန်းက ရိခေါ်ဒါရ်မြို့ခံတွေ ထောင်နဲ့ချီ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် ဇိုးခေါထာရ်ဘက်ကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ အခု သေနက်သံကြောင့် စစ်ဘေးရှောင်တွေ နေရပ်ရင်းကိုပြန်လာဖို့ စိုးရိမ်နေကြတယ်လို့ ဒုက္ခသည်တဦးကပြောပါတယ်။

“ခနတဖြုတ်တော့ပစ်ခတ်တယ်လို့ပြောတာပဲ။ အကုန်လုံးထွက်ပြေးသွားတာပဲ။ ပြန်လာဖို့တော့ ပြောလို့ မရသေးဘူး။ အခုလောလောဆယ်ဆယ်။ အကုန်လုံးထွက်ပြေးသွားတာ။’’

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ပြေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGO တွေ၊ စေတနာရှင်တွေကနေ ကူညီထောက်ပံ့ပေးနေပါတယ်။ဒီအခြေအနေကို မီဇိုရမ်ကိုတိမ်းရှောင်ရောက်ရှိနေတဲ့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ရှာမီးက အခုလိုပြောပါတယ်။

“စစ်ဘေးရှောင်တွေရဲ့နောက်ဆုံးအခြေအနေ ဆိုတာကတော့ အခက်ခဲကတော့ အနည်းအကျဉ်းတော့ရှိကြတယ်ပေါ့လေ။ ဒါပေမယ့် သူတို့ရဲ့စခန်းတိုင်းမှာ DC (Deputy Commissioner) တွေကလည်း အကူညီပေးတယ်။ ပြည်နယ် အစိုးရကလည်း ထောက်ပံ့ငွေချပေးတယ်။ အရမ်းကြီး ဆိုးဆိုးဝါးဝါးခက်ခဲတာတော့ မရှိဘူး။ သူတို့နေဖို့ စားသောက်ဖို့ကလည်း NGO အသီးသီးပေါ့။ ပြည်နယ်အစိုးရနဲ့လက်တွဲပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကအစပေါ့လေ။ ဆန် ဆီ ဆား ပဲ အာလူး ထောက်ပံ့ပေးနေတာဆိုတော့ အခက်ခဲကြီးကြီးမားမားတော့မရှိဘူး။ ဒါပေမယ့် ကိုယ့်အိမ်လိုတော့ ဘယ်ဟုတ်နိုင်မလဲပေါ့နော်။ ’’

မီဇိုရမ်ကိုရောက်ရှိနေတဲ့စစ်ဘေးရှောင်တွေကို အားပေးနှစ်သိမ့်တဲ့ မနေ့ကလုပ်တဲ့ အခမ်းအနားမှာ လူမှုအဖွဲ့အစည်းကြီးတခုဖြစ်တဲ့ မီဇိုရမ်ပြည်နယ် Central Young Mizo Association (CYMA) ဥက္ကဌ Pu R.Lalnghetaကနေ စစ်ဘေး ရှောင်တွေကို တတ်နိုင်တဲ့ဘက်ကအကူညီပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း ဒေါ်ရှာမီးကပြောပါတယ်။

“သူတို့က စစ်အာဏာသိမ်းပြီးကတည်းက ဗမာပြည်ကနေ စစ်ဘေးရှောင်လာတဲ့သူအားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။ နေဖို့၊ စားဖို့ သောက်ဖို့ အလှူလည်း ရှာတယ်။ သူတို့ရန်ပုံငွေထဲကနေ သူတို့ကလည်း တောက်လျှောက် ထောက်ပံ့ခဲ့တာ တနှစ်တောင်ပြည့်သွားပြီပေါ့နော်။ နောက်ထပ် စစ်ဘေးရှောင်ရောက်လာခဲ့ရင် သူတို့အဆင်သင့် ရှိပါတယ်။ ဘာမှအားမငယ်ပါနဲ့ဆိုတဲ့အကြောင်း သူပြောသွားတာပါ။ တောက်လျှောက်လည်း သူတို့ကူညီခဲ့တာပါ။”

အဆိုပါအခမ်းအနားမှာ မီဇိုရမ်ပြည်နယ်မှာခိုလုံနေကြတဲ့ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်အပါအဝင် လွှတ်တော်ကိုယ်စာလှယ် ၂၁ ဦး တက်ရောက်ခဲ့ကြပါတယ်။

မြန်မာစစ်တပ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း CDM ဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသခံတွေအများအပြား အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို တိမ်းရှောင်ရောက်ရှိနေတာပါ။ ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့်လည်း မီဇိုရမ်ရောက် မြန်မာဒုက္ခသည်တွေ ပိုပြီးတိုးလာနေပါတယ်။ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ဖလမ်း၊ မတူပီ၊ ထန်တလန်နဲ့ စစ်ကိုင်းတိုင်း ကလေး မြို့ နယ်က ဒေသခံတွေကနေ မီဇိုရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြသူတွေ ရှိနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံ CDF အဖွဲ့တို့ကြား စစ်ရေးတင်းမာမှုအတွင်း မြန်မာနိုင်ငံဘက်ကထွက်ပြေးလားသူ ၂၄,၂၈၉ ဦးရှိနေပြီလို့ မီဇိုရမ် အစိုးရအဖွဲ့က မှတ်တမ်းပြုစုထားပါတယ်။

=============

တိုက်ရိုက် လင့်ခ်

[[Unicode]]
















=============

XS
SM
MD
LG