သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီးမြို့နယ်တွင်းတိုက်ပွဲ ကျေးရွာသား ၂,၅၀၀ ကျော် စစ်ပြေးတိမ်းရှောင်


ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်
ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်

[[Zawgyi/Unicode]]


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာထဲမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၂,၅၀၀ ကျော် အိုးအိမ်စွန့်ခွာပြေးကြရတယ်လို့သိရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာထဲမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေကြား မေလ ၄ ရက်နေ့က တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ၁၀ နာရီကနေပြီးတော့ မနေ့ ညနေ ၂ နာရီလောက်အထိ ထိတွေ့မှုတွေ ဖြစ်တယ်။ မနေ့က မုဒုံဘက်ခြမ်းကနေ အမြောက်တပ်ကနေပြီးတော့ လက်နက်ကြီးသုံးလုံးတောင် ပစ်ချသေးတယ်။ ညကလည်း ပစ်ချသေးတယ် တလုံး၊ ဖြစ်တာတော့ စကစနဲ့ KNLA ပူးပေါင်းပေါ့။”

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်တုန်းက ခလယ်-တံခွန်တိုင်ကျေးရွာ ရဲစခန်းနားမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနောက် ရက်ဆက်ဆိုသလို မကြာမကြာ ပစ်ခတ်တိုက်ခိုက်နေတာလို့ ပြောပါတယ်။

ဒီလို တိုက်ပွဲဖြစ်တိုင်း မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာမှာအခြေစိုက်တဲ့ အမြောက်တပ် (၃၁၈) တပ်ရင်းကနေ ၁၀ မိုင်လောက်ဝေးတဲ့ ခလယ်-တံခွန်တိုင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ မကြာခန လှမ်းပစ်ခတ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ ဒါကြောင့်လည်း ဒေသခံအများစုက ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံရွာသားက ပြောပါတယ် ။

“ကျန်ရှိနေတဲ့လူတောင် ထွက်ပြေးနေရတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်တုန်းကဆိုလည်း ရွာထဲမှာ ရွာတွင်းတိုက်ပွဲလို့ပြောရမှာပေါ့နော်၊ ဒီလိုပဲပစ်နေတာရှိတယ်။ လူထုတွေ ပေါ်တာဆွဲခံရတာရှိတယ်။ အထုထောင်းခံရတာရှိတယ်။ ခေါင်းကွဲတာ၊ မျက်နှာ တခုလုံးဖူးယောင်တာတွေ၊ လည်ပင်းကို သေနတ်နဲ့နင်းခံရတာရှိတယ်၊ အဲ့လိုကတော့ ၄ ယောက် ၅ ယောက်လောက်ရှိမယ်၊ ရိုက်နှက်တာကတော့ စကစပဲပေါ့။ ဟို…နှိပ်စက်မခံရဘဲနဲ့ လူသားဒိုင်းအသုံးခံရတာတို့ ၅၀ ဝန်ကျင်းရှိတယ်၊ ဒါပေမယ့် အားလုံးတော့ ပြန်လွှတ်ပေးတယ်။”

ခလယ်-တံခွန်တိုင်ကျေးရွာဘက် တိုက်ပွဲနဲ့ ဖမ်းဆီးမှုအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ ဘေးလွတ်ရာကို ထွက်ပြေးနေတဲ့ တံခွန်တိုင်ရွာခံတဦးကတော့ ရွာထဲတိုက်ပွဲကြောင့် ဘေးလွတ်ရာကို အသက်လုထွက်ပြေးလာတာလို့ ပြောပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးမြန်မြန်ရပြီး အိမ်ပြန်ချင်တယ်လို့ ပြောပါတယ်။

“ရွာမှာပစ်ကြခတ်ကြတာရှိတော့ ရွာမှာနေမရဲတော့ဘူးလေး။ သေနတ်အလုံးကြီးတွေကျတော့ နေလို့မရဲတော့ဘူး၊ ထွက်ပြေးလာတာပေါ့။ ရွာကအခြေအနေကတော့ တချို့ကျတော့ ယောက်ကျားလေးကျန်တယ်ပေါ့။ အမတို့ကတော့ ပြန်ဝင်လို့မရဲဘူး။ ရွာတွေကို ဝတ်တာစားတာလည်း သွားယူလို့ မရဲဘူး။ ပါလာလေးနဲ့ပဲ ဝတ်ရတာပေါ့။ ရွာကို ပြန်နေချင်တာပေါ့။ အိမ်ကိုလည်း ပြန်ချင်တာပေါ့လေ။ အဲ့ဒါဖြစ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးကိုတော့ အမြန်ပဲလိုချင်တာပေါ့။”

နောက်ထပ်ရွာခံတဦးက သူတို့တွေ အခုထွက်ပြေးလာတာ ၁၀ ရက်ကျော်ကြာသွားပြီလို့ ပြောပါတယ်။ သူတို့ကို လူမှုရေးအဖွဲ့တွေက ကူညီစောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။

“၂၀ နဲ့ ၃ ရက်ကတော့ စပြေးတယ်။ ကလေးခလာနဲ့ဆိုတော့ တောထဲမှာ ၃ ရက်။ အဆင်မပြေဘူး၊ ရှိတာလေးနဲ့ပဲ တောထဲမှာ တွေ့တဲ့ဟာတွေဘာတွေ လိုက်ခူးပြီးတော့ စားရတယ်။ ကလေးကလည်း များတယ်ဟုတ်လား အဆင်မပြေဘူးပေါ့။ နောက် ၃ ရက်ရသွားတော့ ကယ်ဆယ်ရေးသမားတွေ ဒီစခန်းကို ရောက်လာတယ်။ ဒီစခန်းကိုရောက်လာတာတော့ အပူအပင်တော့ မရှိတောပါ့ဘူး။ ကောင်းကောင်းပဲ စားရတယ်။”

တိုက်ပွဲကြောင့် ခလယ်-တံခွန်တိုင်ကျေးရွာ၊ နန်းသိုင်းထွန်ကျေးရွာတွေအပါအဝင် ပတ်ဝန်ကျင်းကျေးရွာ အတော်များများ နေရပ်စွန့်ခွာပြေးနေရပြီး လူဦး ၂,၅၀၀ ကျော်ရှိတယ်လို့ပြောပါတယ်။ အဲ့ဒီ စစ်ပြေးဒုက္ခသည်တွေဟာ ယာယီစစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေရှိသလို တောတောင်ထဲမှာ ခိုလှုံနေရတဲ့ လူတွေကလည်း ရှိနေပါတယ်။ တောထဲက လူတွေအတွက်က စားရေးသောက်ရေး အခက်အခဲပိုဖြစ်တယ်လို့ ဝင်ရော်ဒေသစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီက အခုလို ပြောပါတယ်။

“စစ်ရှောင်တွေအများစုက ဖြစ်ဖြစ်ချင်းဆိုတော့ ပထမဦးဆုံးအကြိမ်အနေနဲ့ သူတို့က နီးစပ်ရာတောထဲတောင်ထဲ သူတို့ရဲ့ ရာဘာခြံထဲမှာ စုနေတယ်။ အဲ့မှာ ကျနော်တို့ လူငယ်တွေက ကွင်းဆင်းပြီးတော့ သူတို့အခြေအနေလိုက်ကြည့်တဲ့အခါမှာ အဆင်မပြေတော့ ဘယ်လိုပြောမလဲ အန္တရာယ်ကင်းတဲ့ ရွာကို ပို့ပေးတယ်။ ဒါပေမယ့် တချို့က ဒေသစွဲတွေ။ အထူးသဖြင့် အဖွားကြီးပေါ့နော် သွားရလာရအဆင်မပြေတာတွေကြောင့် သူတို့က တချို့က တောထဲမှာပဲ ကျန်နေဆဲပဲရှိတယ်။ တောထဲမှာ ကျန်နေတဲ့လူတွေအတွက်တော့ ပိုပြီးတော့ ခက်ခဲတယ်၊ ကျနော်တို့ ရိက္ခာရတဲ့အခါမှာလည်း သွားထောက်ပံ့ရတာအဆင်မပြေဘူး။”

စစ်ပြေးဒုက္ခသည်တွေက မိမိတို့ နေရပ်ဆီကို ပြန်လာချင်ပေမယ့် လောလောဆယ် အဲ့ဒီဒေသတွေဘက်မှာ စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ တောတောင်ထဲမှာ ရက်ရှည်ပုန်းခိုနေရတာနဲ့အမျှ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

#MyanmarViolence #KarenFighting #MyanmarIDPs #VOABurmese #KNLA #ကြာအင်းဆိပ်ကြီး #ခလယ်-တံခွန်တိုင် #စစ်ဘေးရှောင် #ဗွီအိုအေ
===========

[[Unicode]]

















===========

XS
SM
MD
LG