သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေး ပစ်ခတ်ဗုံးကွဲမှုများ ထိခိုက်ဒဏ်ရာရသူများရှိ 


လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့(ယခင်ပုံဟောင်း)
လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့(ယခင်ပုံဟောင်း)

[[Zawgyi/unicode]]


မန္တလေးမြို့မှာ ဒီနေ့ ဗုံးပေါက်ကွဲမှုတခုဖြစ်ခဲ့တာမှာ ထိခိုက်ဒဏ်ရာရသူ ၂ ယောက်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပစ်ခတ်၊ ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတာမှာ လမ်းမတော်မြို့နယ်မှာ ပစ်ခတ်ခံရတဲ့အတွင်း စစ်တပ်အရာရှိတယောက် ဒဏ်ရာအပြင်းအထန်ရခဲ့သလို၊ အင်းလျားလမ်း ပစ်ခတ်မှုမှာလည်း ဒဏ်ရာရသူတွေရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗီအိုအေကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းအပြည့်အစုံကို မစုမြတ်မွန်ပြောပြမှာပါ။

မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ၆၂ လမ်းပေါ်မှာ ဒီနေ့ ဧပြီလ ၁၁ ရက် မနက်အစာပိုင်းမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တာမှာ ပေါက်ကွဲချိန် လမ်းပေါ် ဖြတ်သွားတဲ့ အိမ်စီးကားတစီးထိမှန်ခဲ့ပြီး ကားပေါ်ပါသူတချို့ ဒဏ်ရာရခဲ့ကြပါတယ်။ ၆၂ လမ်းပေါ် လမ်း ၃၀ နဲ့ ၂၉ လမ်းကြားက ဘုန်းကြီးကျောင်းဝန်းရဲ့ အပြင်ဘက် နားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ မျက်မြင်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"သိရသလောက် ကျနော်တို့လည်း အဲဒီနားလောက်မှာဆိုတော့ ဖြစ်သွားတာတော့ ပြည်သူပိုင်းကို ထိသွားတယ်။ ဒဏ်ရာရတာကတော့ ကျနော်သိရသလောက် ၂ ဦးလို့ကြားတယ်။ လက်ရှိအနေအထားကတော့ သူတို့လည်း နေ့တပိုင်းလောက်ထိတော့ လုံခြုံရေးတော့ ယူထားတယ်ခင်ဗျ စကစကတော့။ ဒေသခံတယောက်အနေနဲ့ကတော့ ပြည်သူတင်တဲ့အစိုးရ မဖြစ်သေးသ၍ကတော့ ဒီလိုမျိုး ဖြစ်နေမှာပဲ။"

ရန်ကုန်တိုင်းထဲက မြို့နယ်တော်တော်များများမှာလည်း ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပစ်ခတ် ဖေါက်ခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။ ကမာရွတ်မြို့နယ် အင်းယားလမ်းပေါ်က လုံခြုံရေးဂိတ်တခုကို ဧပြီလ ၁၀ ရက်၊ တနင်္ဂနွေနေ့အစောပိုင်းက သေနတ်သမားတချို့ ပစ်ခတ်ခဲ့သလို လမ်းမတော်မြို့နယ်မှာ တနင်္ဂနွေနေ့မှာပဲ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ လမ်းမတော်က ပစ်ခတ်မှုမှာ စစ်တပ်အရာရှိ တယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တယောက်ကပြောပါတယ်။ စကစပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ၂ နေရာလုံးမှာ ဒဏ်ရာရသူတွေရှိခဲ့ပြီး လမ်းမတော်မှာ ဒဏ်ရာရသူ ၁ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ လမ်းမတော်မှာ ဒဏ်ရာရ သူဟာ စစ်တပ်အရာရှိဆိုတာ သူက အတည်မပြုသလို ငြင်းလည်း မငြင်းပါဘူး။

“လမ်းမတော်မှာဖြစ်တာကတော့ ဒဏ်ရာရတာတော့ရှိတယ်။ ဒဏ်ရာရတဲ့အဖွဲ့တော့ရှိတယ်။ သေဆုံးတဲ့အဖွဲ့တော့ မရှိဘူး။ ဒဏ်ရာရသွားတာရှိတယ်။ အင်းယားလမ်းကလည်း ဒဏ်ရာရသွားတာရှိတယ်။ အဲလောက်ပါပဲဗျ။ ဆေးရုံပို့ရတဲ့ဟာရှိတယ်။ အဲဒီမှာ စိုးရိမ်ရတဲ့ ဒဏ်ရာရသူတွေလည်း ရှိပါတယ်ဗျ။ လမ်းမတော်မှာတော့ စိုးရိမ်ရတဲ့သူတယောက်၊ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး။ ဒါပါပဲဗျ။ လုံခြုံမှုရှိအောင် ကျနော်တို့ ဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ဖမ်းဆီးရမိသူတွေလည်းရှိပါတယ်။ ရန်ကုန်ရော၊ မန္တလေးရော ၂ ခုလုံးမှာတော့ ဖမ်းဆီးရမိသူတွေရှိတယ်။ အဲဒီ ဖမ်းဆီးရမိသူတွေနဲ့ပတ်သက်ပြီး ကျနော်တို့ သတင်းထုတ်ပြန်နေပါတယ်။”
တချို့သတင်းတွေမှာတော့ သေနတ်နဲ့ပစ်ခံရသူဟာ လမ်းမတော်မြို့နယ်က စစ်ဘက်အုပ်ချုပ်ရေးတာဝန် ခံ ဗိုလ်မှူးတယောက်ဖြစ်ပြီး သေဆုံးသွားတယ်လို့ ဖော်ပြကြပါတယ်။ ဗွီအိုအေအနေနဲ့တော့ ဒါကို အတည် မပြုနိုင်ပါဘူး။

စစ်အုပ်ချုပ်ရေးမြို့နယ်ဖြစ်တဲ့ လှိုင်သာယာမြို့နယ်မှာလည်း တနင်္ဂနွေနေ့ ည ၁၁ နာရီလောက်က သေနတ်ပစ်ခတ်မှုတချို့ ဖြစ်ခဲ့ပါတယ်။ လှိုင်သာယာ သမကုန်းနားမှာဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုကို ခပ်လှမ်းလှမ်းကနေ မြင်တွေ့ခဲ့ရတဲ့ ဒေသခံတဦးက ဗွီအိုအေကို အခုလိုပြန်ပြောပြပါတယ်။
"သမကုန်းလမ်းဆုံနားက သေနတ်ပစ်ခတ်သံကြားတယ်။ အဲဒီမှာ ကျနော်က အပြင်ကို လမ်းလျှောက်တယ်။ အပြင်ကို ကွမ်းထွက်ဝယ်တော့မှ...။ ကြားရတာကတော့ ၆ ချက်လောက်ကြားရတယ်။ အဲဒီမီးပွိုင့်ဘေးမှာ ဒီကနေ ဘုရင့်နောင်ကနေ လာမယ်ဆိုရင် ညာဘက်အခြမ်း အဲဒီမှာ သန့်စင်ခန်းရှိပါတယ်။ ပစ်ခတ်တဲ့နေရာမသွားတော့ ကျနော်က မကြားလိုက်ဘူး။ ထိခိုက်ဒဏ်ရာရတာ ဘယ်လောက်ရှိတယ်ဆိုတာကို။"

YGN PDF အဖွဲ့က လှိုင်သာယာမှာ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ သူတို့ရဲ့ Facebook လူမှုကွန်ရက် မှာ ဖော်ပြထားပါတယ်။ အလုပ်သမားတွေကို ဖိနှိပ်နေတဲ့ လှိုင်သာယာ စက်မှုဇုံက စက်ရုံပိုင်ရှင်တွေ လာရောက်စုဝေး စားသောက်တတ်တဲ့ နေရာတွေကို အဓိကထားပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုထားပါတယ်။ ရန်ကုန်တိုင်းထဲက မြို့နယ်တွေဖြစ်တဲ့ တွံတေး၊ ကော့မှူး၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ သုံးခွ၊ လှိုင်၊ ကမာရွတ်နဲ့ လမ်းမတော် မြို့နယ်တွေမှာ ဧပြီလ ၉ ရက် သောကြာနေ့ကစလို့ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။ ခုလိုပစ်ခတ် တိုက်ခိုက်မှုတွေအပြင် သင်္ကြန်ပွဲတော်ရက် နီးနေချိန်လည်းဖြစ်လို့ ရန်ကုန်တချို့နေရာတွေမှာ လုံခြုံရေးတွေ ပိုချထားတာ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[unicode]]








================

XS
SM
MD
LG