သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူနယ်ထဲ သတ်ဖြတ်မီးရှို့ခံရတဲ့ ရုပ်အလောင်းများတွေ့ရှိ


ကန့်ဘလူ၊ Kanbalu, Sagaing (Credit: MIMU)
ကန့်ဘလူ၊ Kanbalu, Sagaing (Credit: MIMU)

[[Zawgyi/Unicode]]


စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲခဲ့တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ရွာသစ်ကျေးရွာမှာ သတ်ဖြတ် မီးရှို့ခံထားရတဲ့ အလောင်း ၅ လောင်းတွေ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၂၄ ရက်နေ့မှာ ရွာသစ်ကျေးရွာကို ဝင်ရောက်တပ်စွဲပြီး ၂၆ ရက်နေ့က ပြန်ထွက်သွားချိန်မှာလည်း ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ စစ်တပ်တွေ စစ်ရေးလှုပ်ရှားမှုကြောင့် ကန့်ဘလူမြို့နယ် ထဲက ရွာပေါင်း ၁၀ ရွာထက်မနည်းက ရွာသားတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။


စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့ကို နယ်မြေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူမြို့နယ်ထဲမှာလည်း တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၂၄ ရက်နေ့ တုန်းက ကန့်ဘလူမြို့နယ်ထဲက ရွာသစ်ရွာ (ရသစ်ရွာ) ကို အင်အားအမြောက်အများနဲ့ စစ်ကောင်စီတပ်တွေ မနက် ၁ နာရီလောက်မှာ ဝိုင်းထားခဲ့ပြီး မနက် ၄ နာရီ ဝန်းကျင်အချိန်လောက်မှာ လက်နက်ကြီးတွေပစ်ပြီး သေနတ်တွေ ပစ်ဖောက်ပြီး ရွာထဲကို ဝင်လာတာကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ကြရပါတယ်။ ဒါပေမယ့် ရွာသားတချို့ ဖမ်းဆီးခံခဲ့ရပြီး နှိပ်စက် သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။ စစ်သားတွေ ပြန်ထွက်သွားချိန် မီးရှို့ခံထားရတဲ့ အလောင်း ၅ လောင်းတွေ့တယ်လို့ ရွာသစ် ရွာသားတယောက်က ခုလို ပြောပြပါတယ်။

“စာသင်ကျောင်းတွေထဲကို ဖမ်းခေါ်ပြီး အကုန်နှိပ်စက်တယ်ဗျ၊ ယောက်ျားလေးရော မိန်းကလေးရော။ အကုန် နောက်ပြန်ကြိုးတုပ်ပြီးတော့ ပိတ်ရိုက်တာဗျ- တုတ်ကြီးနဲ့။ ပြီးကျတော့ ပေါင်တွေကို ပလယာတွေနဲ့ ဆွဲပြီးတော့ လိမ်ပြီးတော့ မေးတာဗျ။ ပြီးတော့ နားရွက်တွေကိုလည်း ဓားနဲ့ လှီးတာဗျ။ ပြီးတော့ အဲ့ဒီ နားရွက်ကိုဓားနဲ့ လှီးတဲ့သူတွေကို ဆွဲခေါ်ပြီးတော့ အဲ့ကလေး ၅ ယောက်ကို ကျတော့ လက်ပြန်ကြိုးတုပ်ရက်နဲ့ ပြန်ခေါ်သွားပြိးတော့ နောက်ရွာအစပ်က အိမ်နောက်ဖက်မှာ မီးရှို့သတ်ထားတယ်ဗျ။ (ကျန်တဲ့ထဲက) ၁၅ ယောက်လောက်ကတော့ သူတို့ တပ်ကို ပြန်ဖမ်းခေါ်သွားတယ်။ နောက် အယောက် ၂၀ ကျောက်လောက်ကို ဒီဘက်က ကျနော်တို့ ရွာတွေရဲ့ ခပ်လှမ်းလှမ်းလေးက ရွာမှာ အဲ့ရွာတွေကိုလည်း ကျနော်တို့ရွာတွေလိုပဲ ဝင်မလို့။ အဲဒီဘက်ကို ခေါ်သွားတယ်ဗျ။ သူတို့ရဲ့လက်နက်တွေ၊ သေတ္တာတွေကို ထမ်းဖို့ဆိုပြီး နှိပ်စက်ပြီးတော့ ခေါ်သွားတယ်ဗျ။ ခုထက်ထိ ပြန်မလွတ်သေးဘူးဗျ အဲ့ဒီ အယောက် ၃၀ ကျော်လောက်က။”

ရွာသားအကုန် ဘေးလွတ်ရာထွက်ပြေးနေကြရတာကြောင့် မီးရှို့သတ်ဖြတ်ခံရသူတွေ ဘယ်သူလဲဆိုတာ လောလောဆယ် မသိရသေးဘူးလို့လည်း သူကပြောပါတယ်။ ခုလို စစ်သားတွေဝင်ရောက်နယ်မြေရှင်းတဲ့ ကျေးရွာတွေမှာ ဒေသခံတွေ သတ်ဖြတ်ခံရတာမျိုး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒလန်လို့စွပ်စွဲခံရပြီးသတ်ဖြတ်ခံရသူတွေ ပျုစောထီးအဖွဲ့တွေဆိုပြီး သတ်ဖြတ်ခံရသူတွေအကြောင်းကိုတော့ ပုံမှန် ထုတ်ပြန်လေ့ရှိပါတယ်။ ပျူစောထီးအဖဲ့ွတွေကို လက်နက်တပ်ဆင်ပေးတာ မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြောထားပေမယ့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ကျေးရွာတချို့မှာတော့ ပြည်သူ့စစ် သဘောနဲ့ ပျူစောထီးတပ်ဖွဲ့တွေကို စစ်တပ်က လိုက်လံဖွဲ့စည်းနေတယ်လို့ သိရပါတယ်။ ကန့်ဘလူမြို့နယ်ထဲက ရွာသစ်ရွာမှာ ၂ ရက်ကျော် တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၂၆ ရက်နေ့မှာ ပြန်ထွက်သွားချိန်မှာ ရွာသစ်ရွာသား စုစုပေါင်း ၃၀ ကျော်ကို ဖမ်းဆီးခံရပါတယ်။ စစ်သားတွေ ရွာထဲဝင်လာချိန်ကတည်းက ဒီနေ့ အထိ ဖမ်းဆီးခံရတာ ၄ ရက်ကျော်နေပြီဖြစ်တာကြောင့် စိုးရိမ် စိတ်ပူနေတယ်လို့ ဖမ်းဆီးခံရသူတဦးရဲ့ မိခင်က ခုလိုပြောပါတယ်။

“ကျမရဲ့သားလေးပါသွားတာပါ။ အဲ့ဒါ အခုထက်ထိ ရင်ဘတ်ထဲမှာ အလုံးတောင်မှ မကျသေးဘူး။ အခုထက် ထိ ပြန်မရောက်လာသေးပါဘူး။ ဒိုင်းကာဆိုပြီးတော့ ခေါ်သွားတာ။ ရွာက အယောက်အစိတ်လောက် ရှိပါတယ်။ ကျမတို့ရွာကို မွှေပြီးတော့မှ အခု ဟိုဘက်က အင်းလယ်ကြီးရွာကို တခါဝင်တယ်။ အဲ့ဒီအထိလည်း ကျမတို့ သားကို ပြန်မလွှတ်သေးဘူး။ အင်းလယ်ကြီးကနေပြီးတော သရက်သာကိုတခါ ထပ်ဝင်သွားတာ။ အဲ့ဒီအထိလည်း မလွတ်သေးဘူး။ အခုဘယ်ဘက်ကို ဝင်မယ်တော့ မသိဘူး။ ခုထိတော့ မလွှတ်သေးဘူး။”

မတ်လ ၂၄ ရက်နေ့က စစ်တပ်တွေ မနက် အာရုံတက်ချိန်မှာ ရွာကို ဝိုင်းပြီး ဝင်လာတာကြောင့် ရွာသားတွေက ရုတ်တရက် ကိုယ်လွတ်ရုန်း ထွက်ပြေးကြရတာဖြစ်တဲ့အတွက် အခု ပုန်းခိုနေကြတဲ့ နေရာတွေမှာ စားရေးသောက်ရေး ခက်ခဲနေကြပါတယ်။ ရွာသစ်ရွာနဲ့ အနီးက ကျေးရွာတွေကလည်း စစ်ကောင်စီတပ်တွေ ရုတ်တရက် ဝင်လာမှာ စိုးတာကြောင့် စုစုပေါင်း ၁၃ ရွာလောက်က ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒုက္ခရောက်နေကြတယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“၃ ရက်မှာ ၂ ရက်က မစားရပါဘူးဗျ။ ကျနော်တို့က တောကြားလေးထဲမှာ အကုန်ပုန်းနေရပါ တယ်။ ကလေးတွေရော၊ လူကြီးတွေရော၊ မပြေးနိုင် မလွားနိုင်တဲ့ လူကြီးတွေရောပေါ့။ သက်ကြီးရွယ်အိုတွေရော အကုန်လုံး၊ ကိုယ်ဝန်ဆောင်တွေရော အကုန်လုံး၊ တောကြားတောင်ကြားလေးတွေထဲမှာ နေရတာပေါ့။ အနီးပတ်ဝန်းကျင် က ရွာတွေကလည်း ကျနော်တို့ရွာမှာ အဲ့လိုဝင်နေတယ်လို့ကြားတော့ သူတို့လည်း အဲ့လို နှိပ်စက်နေတယ်လို့ ကြားတော့ အကုန်လုံး ရှောင်ပြေးနေကြတာ။ ဘေးကရွာတွေကလည်း အကုန်လုံး အဲ့လိုသူ့တို့ဘက်က ရှောင် တဲ့သူတွေနဲ့ ကျနော်တို့ဘက်က ရှောင်တဲ့သူတွေနဲ့ တွေ့တဲ့ခါကျတော့ ကျနော်တို့ ထမင်းလေး ဘာလေး စားရတယ်ဗျ။ သူတို့က ရှောင်ချိန် တိမ်းချိန်ရတော့ စားဖို့ရာ ရိက္ခာလေးတွေပါခဲ့တော့ သူတို့က ကျနော်တို့ကို တဆင့်ပြန်ကျွေးတော့ စားရတယ်ဗျ။ ကျနော်တို့ကတော့ ဘာမှ မပါဘူး။ ဒီတိုင်းပဲ အကုန်ထွက်ပြေးခဲ့ကြရတာဗျ။ ပိုက်ဆံလည်း မပါဘူး။ ပိုက်ဆံတွေလည်း အကုန်လုံး သူတို့က (စစ်သား) အိမ်မှာတက်ရှာပြီး ယူတာဗျ။”

ကန့်ဘလူမြို့နယ်ထဲက ရွာသစ်ကျေးရွာ အပါအဝင် ညောင်ပင်ရွာမ၊ အင်းလယ်ကြီး၊ သစ်ရက်သာ၊ အင်္ဂါထောင့်၊ ကိုင်းရိုး၊ ကျွန်းပင်ကုန်း၊ မဲဆယ်၊ ပေလယ်၊ ရီးဒွေး၊ ထိန်တော၊ ညင့်အင်း၊ ညောင်ပေါက်ရင်း စတဲ့ ရွာပေါင်း ၁၃ ရွာက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ကောင်စီတပ်တွေ ထွက်သွားပြီးဖြစ်ပေမယ့် ရွာသစ်ရွာသားတွေကတော့ အိမ်ကိုပြန်မနေရဲကြသေးဘူးလို့ ပြောပါတယ်။ စစ်သားတွေ ပြန်ထွက်သွားချိန် အိမ်ခြေ ၁၄၀ ကျော်ရှိတဲ့ ရွာသစ်ရွာထဲက အိမ်တွေ ဖျက်စီးခံခဲ့ရတဲ့ အခြေအနေကိုလည်း ဒေသခံတဦးက ခုလိုပြောပြပါတယ်။

“၂ ရက်လောက်ရွာထဲမှာ နေပြီး ရွာထဲက ပစ္စည်းတွေ အကုန်ယူတာဗျ။ အိမ်မှာရှိတဲ့ ရေခဲသေတ္တာ၊ ပိုက်ဆံ၊ ဆိုင်ကယ်၊ ဆန်၊ ဆီ၊ ဆိုလာပြား၊ ရေစက် အကုန် အကုန်လုံးကို သူတို့ ၂ ရက် တိတိ ကားကြီး ကားငယ်နဲ့ သယ်တယ်ဗျ။ အိမ်တွေကိုကျတော့ မီးမရှို့ဘဲနဲ့ ချိန်းဆောတွေနဲ့ ဖြတ်ထားခဲ့တာဗျ။ ဟိုလို လုံးလုံးကြီး မလှဲခဲ့ဘဲနဲ့ အိမ်တိုင်လေးတွေ တတိုင်စီပဲချန်ပြီးကျန်တာ အကုန်ဖြတ်ထားခဲ့တာဗျ။ အိမ်ကတော့ ၄၀ လောက် အဲ့လို လုပ်သွားတယ်ဗျ။ ရွာကို ပြန်ဝင်ပြီး မနေရဲကြသေးဘူးဗျ။ အခုလည်း ကျနော်တို့ မီးရှို့ထားတဲ့အလောင်းတွေကို ဘယ်သူ ဘယ်ဝါမှန်းမသိလို့ လိုက်ပြီးတော့ စစ်နေတုန်းရှိသေးတယ်ဗျ။ ဓာတ်ပုံတော့ ရိုက်ယူထားတယ်။ ရွာကိုတော့ ဘယ်သူမှ ဝင်မနေရဲသေးဘူးဗျ။ သူတို့က ကျနော်တို့ရွာနဲ့ အနီးမှာက အင်းလယ်ကြီးဆိုတဲ့ ရွာမှာပဲ ရှိနေသေးတော့ သူတို့ဘယ်အချိန်ပြန်ဝင်လာမလဲ ဆိုပြီးတော့ လန့်ဖျပ်နေကြတယ်ဗျ။ တောကြားတွေထဲမှာပဲနေကြရသေးတယ်ဗျ။ ဒုက္ခတွေ တအားရောက်တယ်ဗျ။”

ရွာသစ်ရွာနဲ့ အနည်းငယ်လှမ်းတဲ့ ကျေးရွာတချို့ကတော့ ရွာသားတချို့ ရွာနေအိမ်တွေမှာ ပြန်နေကြတယ်ဆိုပေမယ့် အများစုကတော့ ရွာကို ပြန်မနေရဲဘဲ တောထဲမှာပဲ ပုန်းခိုနေကြပါတယ်။ စစ်ကိုင်းတိုင်းထဲက တချို့မြို့ နယ်တွေမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေပေမဲ့ ကန့်ဘလူမြို့နယ်ထဲမှာတော့ တိုက် ပွဲတွေ မရှိပါဘူး။ ဒါပေမဲ့ အဲဒီမြို့နယ်ဘက်က ရွာတွေကို စစ်ကောင်စီတပ်တွေ တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းနေတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]














================

XS
SM
MD
LG