သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲဒေသ စစ်ပြေးဒုက္ခသည်လေးဦး ပစ်သတ်ခံရ


ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်အချို့။ (ယခင်ပုံဟောင်း/ ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)
ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်အချို့။ (ယခင်ပုံဟောင်း/ ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)

[[Zawgyi/Unicode]]

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ် တိုက်ပွဲတွေအတွင်း အရပ်သား စစ်ပြေးဒုက္ခသည်တွေပါ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးနေပါတယ်။ စစ်ပြေးဒုက္ခသည်တွေရဲ့ ယာယီစခန်းကို လေကြောင်းနဲ့တိုက်ခိုက်တာတွေရှိသလို ရိက္ခာပြန်ယူတဲ့ ဒေသခံတချို့ ပစ်သတ်ခံရတာတွေရှိတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ် နေရာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက ဒီနေ့အထိ နေ့စဉ် လိုလို ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိ ပစ်ခတ်နေသလို လေကြောင်းနဲ့ပါ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးကြရပါတယ်။ မိုးဗြဲဒေသမှာတင် လက်ရှိအားဖြင့် စစ်ပြေးဒုက္ခသည် တသောင်းကျော်ရှိနေပြီး တနေ့ထက်တနေ့ ပိုမိုတိုးလာနေတယ်လို့ အကူအညီပေးသူတွေကပြောပါတယ်။ ရက်ကြာလာတာနဲ့အမျှ ဆန် ဆီ ဆား အခြေခံစားနပ်ရိက္ခာတွေပါ ပြတ်လပ်လာတယ်လို့လည်းပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနေ့ကတော့ ဒေသခံတချို့ နေရပ်ပြန်ပြီး စားနပ်ရိက္ခာ ပြန်ယူရာမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုးပြီး ၄ ဦး ပစ်သတ်ခံရတယ်လို့ အကူအညီပေးနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“စာရင်းအတိအကျတွက်တာ တသောင်းကျော်ပေါ့နော်၊ အဲ့ဒီ မိုးဗြဲအနောက်ဘက်ခြမ်းမှာဆိုတဲ့ စစ်ဘေးရှောင်ပေါ့နော်။ ဒါပေမယ့် အခု ထပ်ရှောင်တဲ့ လူလည်းရှိတယ်ပေါ့နော်။ လောလောဆယ် မိုးဗြဲကနေ ရှောင်တဲ့လူကျတော့ မပြန်လာတဲ့ လူတွေ များပါတယ်။ မနေ့ညက ရိက္ခာပြန်လာယူတဲ့လူတွေရှိတယ်။ အဲ့ဒါစစ်ကြောင်းနဲ့ တိုးပြီး ပစ်သတ်ခံရတဲ့ လူ ၄ ဦးရှိတာပေါ့နော်။”

လွယ်ယင်းမင်္ဂလာကျေးရွာဘက်မှာ စစ်ကြောင်းသွားလာနေတဲ့ စစ်တပ်တွေနဲ့ တိုးပြီး ရိက္ခာပစ္စည်းပြန်ယူတဲ့ အရပ်သားပြည်သူ တဦးနဲ့ တောင်ယာသွားတဲ့ အရပ်သားပြည်သူ ၃ ဦးတို့ ပစ်ခတ်ခံရတာလို့ ပြောပါတယ်။

ဒါ့အပြင် ရှမ်း-ကယားနယ်စပ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ယာယီစစ်ရှောင်စခန်းရှိရာ လိုဘာခိုကျေးရွာမှာ မနေ့က စစ်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခံရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတဦးကပြောပါတယ်။

“လေကြောင်း တိုက်ခိုက်တာ သူတို့က ကြုံတွေ့နေရတဲ့ အခါကျတော့ တချို့စစ်ဘေးရှောင် အနေအထားဆိုရင်လည်း သူတို့က ဒီစိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ဆိုလည်း စိုးရိမ်မှုတွေ ခြောက်ခြားတာ အဲ့လိုမျိုးတွေပေါ့။ နောက်ပြီး မနေ့ မနက်ခါကျတော့ စစ်ရှောင်အများဆုံးရှိတဲ့ ဒီလိုဘာခိုကျေးရွာမှာလည်း လိုဘာခိုစစ်ရှောင်စခန်းမှာလည်း မနက်ပိုင်းက စစ်ကောင်စီက လေယာဉ်နဲ့ လာကျဲတော့ အဲ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တယ်။ အဲ့မှာလည်း တဆင့် ထပ်ရွှေ့ရတာ လူအများကြီးပါပဲ အခု ဒီစစ်ရှောင်အခြေအနေက အင်မတန်မှ ခက်ခဲတဲ့ အခြေအနေပေါ့နော်။”

ရှမ်း-ကယားနယ်စပ် မိုးဗြဲနယ်နဲ့ ဒီးမော့ဆိုနယ်က စစ်မြေပြင်ဖြစ်ခဲ့တဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေက နေရာအတော်များများ တပ်စွဲချထိုင်ပြီး စစ်ကြောင်းလှုပ်ရှားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုအခြေအနေမှာ စစ်ပြေး ဒုက္ခသည်တွေဟာ နေရပ်ရင်းတွေမပြန်နိုင်ကြဘဲ ထွက်ပြေးတိမ်းရှောင်နေရလို့ နေထိုင်စားသောက်မှု ပိုခက်ခဲလာနေတယ်လို့ မိုးဗြဲဒေသ စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။

“အဝတ်အစားတွေ ဘာတွေဆိုလည်း သိပ်မသယ်နိုင်ကြဘူးလေး။ နေထိုင် ကလည်း တောထဲမှာ အိပ်ရတာတို့ လယ်တဲထဲမှာ အိပ်ရတာတို့ပေါ့နော်။ ပြီးရင် အေးတဲ့ ရာသီဖြစ်တဲ့အခါကျတော့ အနွေးထည်တွေ၊ စောင်တွေ၊ နောက်ပြီးတော့ စားဖို့ သောက်ဖို့ကလည်း ရှိတာလေးနဲ့ ပါလာနိုင်သလောက်ပဲ စားသောက်နေရတဲ့ခါကျတော့ တရက် နှစ်ရက်လောက်ပဲ ခံမယ်။ နောက်ပိုင်းတော့ တော်တာ်လေး အခက်အခဲတာပေါ့။ မျှစားနေရတဲ့ အခြေအနေ ကိုယ်ရှိတာလေးနဲ့ သူရှိတာလေးနဲ့ အဲ့လိုမျိုးပေါင်းပြီးတော့ ချက်စားနေရတာပေ့ါ။”

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ် အနောက်ဘက်ခြမ်းမှာ အသက်ကြီးရင်းသူနဲ့ ကလေးသူငယ်အပါအဝင် စစ်ပြေးဒုက္ခသည်အရေအတွက် တသောင်းကျော်ရှိတယ်လို့သိရပါတယ်။ အများစုက ဘေးလွတ်ရာ ဆွေမျိုးအိမ်၊ စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ တောတောင်တွေထဲမှာ ဖြစ်သလို နေထိုင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]

မိုးဗွဲဒသေ စဈပွေးဒုက်ခသညျလေးဦး ပဈသတျခံရ













================

XS
SM
MD
LG