သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးကျည်ကျလို့ ယင်းမာပင် လက်ပံတောဒေသခံ ၁၁ ဦးထက်မနည်း သေဆုံး


ပစ်ခတ် ဖမ်းဆီးမှုမှ ရှောင်တိမ်းနေသော ယင်းမာပင် ရွာသား တချို့အား တောတွင်းမှာ တွေ့ရစဉ် ။ (ယခင်ပုံဟောင်း)
ပစ်ခတ် ဖမ်းဆီးမှုမှ ရှောင်တိမ်းနေသော ယင်းမာပင် ရွာသား တချို့အား တောတွင်းမှာ တွေ့ရစဉ် ။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာမှာ မနေ့က စစ်တပ်ဘက် က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် လူအသေအပျောက်ရှိခဲ့ပြီး ဒီကနေ့ အထိ ရုပ်အလောင်း ၁၁ လောင်းထက်မနည်း တွေ့ရှိရတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ အနီးအနား သီးကုန်းရွာမှာလည်း ဒီကနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒီအကြောင်းရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်ကတင်ပြပေးထားပါတယ်။

ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာမှာ မနေ့မနက်ပိုင်းက စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားပြည်သူတွေ သေဆုံးမှုရှိခဲ့ပါတယ်။ လက်ပံတောရွာရဲ့ ဘုန်းကြီးကျောင်းဘေးက နေအိမ်တခုမှာ မီးရှို့ထားခဲ့တဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်း ၁၀ လောင်းတွေ့ရတာလို့ လူမှုကယ်ဆယ်ရေးလုပ်သူ ဆရာသောင်းက VOA ကို ပြောပါတယ်။
ဒါအပြင့် ကံသာရွာ ဘုန်းကြီးကျောင်းမှာလည်း ၁ လောင်း တွေ့ရှိရတယ်လို့ပြောပါတယ်။

“အခု တွေ့ခဲ့ရသလောက် လက်ပံတော၊ လက်ပံတောဘုန်းကြီးကျောင်းရဲ့ ညာဘက်က အိမ်ကို မီးရှို့ပြီးတော့ အဲ့ဒီ မီးရှို့ထားတဲ့အိမ်ထဲမှာ ရုပ်အလောင် ၁၀ လောင်း တွေ့တယ်ဗျ။ လက်ပံတောရွာက ဦးကျားဝင်း အိမ်ရှင်မ ဒေါ်သိန်းလှ၊ ပြီးတော့ကျတော့ ဦးကျားဝင်းသမီး မို့မို့ဝင်းနဲ့ မို့မို့ဝင်းရဲ့ ကလေးပါ့ဗျ၊ ၅ နှစ်ပတ်ဝန်းကျင် ကလေးပေါ့ အဲ့ဒါ ပါတယ်။ သူ့ယောက်ကျားနဲ့အတူ အားလုံးပေါင်း ရုပ်အလောင်း ၁၀ လောင်း ရှိတယ်ဗျ။ နောက်တခုက ဆွမ်းစားကျောင်း ဘုရားခန်းထဲမှလည်းပဲ ကံသာက ဒေါ်သင်ရဲ့ ရုပ်အလောင်း၊ ဒီ မီးသဂြိုဟ်ပြီးသားမဟုတ်တဲ့ ရုပ်အလောင်းကိုလည်း တွေ့တယ်။ ၁၁ လောင်း ဖြစ်မယ်။ အဲ့ဒါနောက်ထပ် ရှင်းလင်းစရာတွေ ကျန်သေးတယ်။ နောက်ထပ်ကို ပျောက်ဆုံးနေတာတွေ ရှိသေးတယ်၊ အခုက ရှာကြဖွေကြတုန်း။”

အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့တုန်းက လက်ပံတော ရွာဘက်ကို ဝင်လာပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာကြောင့် စစ်ဘေးရှောင်ရှိရာ ဘုန်းကြီးကျောင်းပေါ်ကျရောက်ပြီး အရပ်သားပြည်သူတွေ သေဆုံးကြရတာလို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား လက်ပံတောရွာတဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်း လက်ပံ့တောရွာကနေ ထွက်သွားပြီးနောက် သီးကုန်းရွာအနီး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ လူမှုကယ်ဆယ်ရေးလုပ်သူ ဆရာသောင်းက ပြောပါတယ်။

“မနက်ခင်းတုန်းကတော့ ကံသာဘုန်းကြီးကျောင်းကနေပြီးတော့ အဲ့ဒီဘက်ကို တက်တဲ့အခါမှာ လမ်းဘေးဝဲယာကို အကုန်းလုံးပစ်ခတ်သွားတယ်ဗျ။ လက်နက်ကြီး လက်နက်ငယ်အားလုံး အစုံပဲ ပစ်ခတ်သွားတယ်။ ပြန်လည်သီးကုန်းကျေးရွာရဲ့ အနောက်ဘက်က ဘုန်းကြီးကျောင်းအနောက်ဘက်က ဘုရားကုန်းပေါ်မှာ စစ်ခွေးတို့တပ်စွဲထားတာ။ အဲ့ဒီမှာ အကွာအဝေးအားဖြင့် ပြောလို့ရှိရင် အခုကျနော်ပြောနေတဲ့ နေရာနဲ့ဆိုရင် တမိုင်ပတ်ဝန်းကျင်လောက်ပဲရှိတယ်ဗျ။ တိုက်ပွဲဖြစ် တာက မနက်ခင်းတုန်းက သူတို့ ကံသာ လက်ပံတောကနေပြီးတော့ သီးကုန်းကို အရွှေ့မှာ ကံသာနဲ့ သီးကုန်းရဲ့ကြားမှာ ပစ်ခတ်မှုဖြစ်တယ်ဗျ။”

လက်ရှိမှာ သီးကုန်းရွာအနောက်ဘက် ဘုရားကုန်းနေရာမှာ စစ်ကောင်စီက တပ် စွဲနေရာယူထားတဲ့အတွက် စစ်ရေးတင်းမာအခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်လို့ ဘေးလွတ်ရာကို ထွက်ပြေးနေကြတဲ့ ဒေသခံတွေ နေရပ်ကို မပြန်လာနိုင်သေးဘူးလို့ ကံသာရွာခံတဦးက ပြောပါတယ်။ ဒေသခံတွေဟာ စားသောက်ရေးအခက်အခဲရှိနေတယ်လို့လည်းပြောပါတယ်။

“မပြန်လာနိုင်သေးပါဘူးဗျ၊ သီးကုန်းဘက်ကိုရောက်တာ။ သီးကုန်းဘက်ကလည်း ပစ်ခတ်သံကြားလို့ ကျနော်တို့ထပ်ပြီးတော့ ပြေးနေရတယ်ဗျ။ တချို့တလေကတော့ တောထဲမှာ ဖြစ်သလိုနဲ့ မိုးကာတဲလေးထိုးပြီးတော့ အိပ်ကြတဲ့လူရှိတယ်။ ကိုယ် ပါတဲ့လှည်းလေးအပေါ်လည်း မိုးကာလေးအုပ်ပြီး အိပ်ရတဲ့လူရှိတယ်။ လှည်းနွားမပါတဲ့လူကတော့ မြေကြီးပေါ် ဒီတိုင်းဖြစ်သလိုပဲ အိပ်ကြရတာလည်း ရှိတယ်။ ခုချိန်ထိတော့ ထမင်းမစားရသေးတဲ့ လူတွေလည်းရှိတယ်ဗျ။ အကုန်လုံးက ပြေးလွှားနေရတာဆိုတော့ စားဝတ်နေရေးက အဆင်မပြေကြဘူးလေ။ ဘာမှလည်း မသယ်နိုင်ဘူးပေါ့။ ready made ဆိုတဲ့ အလွယ်တကူ သုံးစားလို့ရတဲ့ ပစ္စည်းကအစ ယူမသယ်နိုင်ဘူးဗျ။”

စစ်ကောင်စီတပ်တွေက ယင်းမာပင်နယ်တခွင် စစ်အင်အားအမြောက်အများ တိုးချဲ့ထားပြီး တရွာဝင်တရွာထွက် ပုံစံနဲ့ နယ်မြေရှင်းလင်းလုပ် ပြည်သူ့ကာကွယ်ရေးတပ်တွေကို ရှာဖွေမှုတွေ လုပ်ဆောင်နေတာလို့ ဒေသခံနဲ့ ကာကွယ်ရေးတပ်က ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]












==============

XS
SM
MD
LG