သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် နဲ့ ကျောက်ဖြူ


တရုတ် နဲ့ ကျောက်ဖြူ
please wait

No media source currently available

0:00 0:05:04 0:00
တိုက်ရိုက် လင့်ခ်


ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ လုပ်ခွင့်တင်ဒါ လျှောက်ထားတဲ့ ကုမ္ပဏီ (၁၀) ခုကျော် ရှိတဲ့အနက် တရုတ်အစိုးရပိုင် CITIC (China International Trust and Investment Corporation) ကို လုပ်ခွင့်ပေးလိုက်တယ်လို့ ဒီနှစ်ဆန်းပိုင်းမှာ ဦးသိန်းစိန်အစိုးရက ကြေညာပါတယ်။ ကုမ္ပဏီအများအပြား ပြိုင်ဆိုင်လျှောက်ကြတာမို့ လုပ်ခွင့်တင်ဒါပေးဖို့ ကြန့်ကြာနေသလိုလို သတင်းရေးကြတာတွေ ရှိပါတယ်။ စစ်အစိုးရ နိဂုံးချုပ်ခါနီး ၂၀၁၅ နှစ်ကုန်မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့ အမျိုးသမီး စီမံကိန်းဝန်ကြီးဌာနက CITIC ကို အစကတည်းက ကန်ထရိုက် ပေးခဲ့တာလို့ Shwe Gas Movement အဖွဲ့က (၂၀၁၁) စက်တင်ဘာလမှာ ထုတ်ဝေတဲ့ Sold Out ဆိုတဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒီအတိုင်းဆိုရင်တော့ စစ်အစိုးရက လက်သိပ်ထိုးပေးခဲ့တဲ့ စီမံကိန်းကို ငါးနှစ်ကြာတဲ့အခါမှာ လွှတ်တော်က အတည်ပြုတဲ့ သဘော ဖြစ်နေပါတယ်။ တရုတ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းကြီးတွေ များသလောက် ပွင့်လင်းမြင်သာမှုလည်း အနည်းဆုံး ဖြစ်တာကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေကို ရင်ဆိုင်နေရပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းရဲ့ ကမ်းလွန်ပင်လယ်က သဘာဝဓါတ်ငွေ့ကို ပိုက်လိုင်းသွယ်ပြီး တရုတ်ပြည်ကို ပို့ပေးနေပါတယ်။ အရှေ့အလယ်ပိုင်းဒေသက သင်္ဘောနဲ့ သယ်ယူလာတဲ့ ရေနံစိမ်းကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ သိုလှောင်ပြီး တရုတ်ပြည်ကို ပိုက်လိုင်းကနေ ပို့ဆောင်နေပါတယ်။ ဓါတ်ငွေ့နဲ့ ရေနံစိမ်း ပိုက်လိုင်းစီမံကိန်း အကောင်အထည်ဖော်မှုကြောင့် မဒေးကျွန်းဒေသခံတွေရဲ့ လူနေမှုဘဝဟာ နှစ်ဆလောက် နိမ့်ကျသွားကြောင်း သိရပါတယ်။ လယ်မဲ့ယာမဲ့ အလုပ်လက်မဲ့တွေ များပြားလာလို့ တရုတ်စီမံကိန်းကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ အခုတခါ ကျောက်ဖြူမြို့နယ်မှာ စက်မှုဇုန်၊ ရေနက်ဆိပ်ကမ်း နဲ့ အဆင့်မြင့်အိမ်ရာ တည်ဆောက်ဖို့ မြေဧက (၄၂၉၀) သတ်မှတ်ထားပါတယ်။ ကျောက်ဖြူမြို့နယ်နဲ့ ယူနန်ပြည်နယ်ကို ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ဖို့လည်း တရုတ်က ရည်ရွယ်ပါတယ်။

မဒေးကျွန်းက ရေနံဓါတ်ငွေ့လုပ်ငန်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ တရုတ်ရဲ့ အကြီးဆုံး စီမံကိန်းတွေ ဖြစ်တာမို့ ကန့်ကွက်ဆန္ဒပြမှုမရှိဘဲ ချောချောမောမောဖြစ်ဖို့ တရုတ်က အထူးအာရုံစိုက်နေပါတယ်။ ဒီနေရာမှာ တရုတ်သံအမတ် ဟုန်လျန်က အထူးတာဝန်ယူနေပုံ ရပါတယ်။ မတ်လက ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးမှာ မီဒီယာသမားတွေကို ညစာစားပွဲနဲ့ ဧည်ခံပါတယ်။ တရုတ်-မြန်မာ လူထုအခြေခံ ဆက်ဆံရေးကောင်းမွန်ဖို့ မြန်မာမီဒီယာတွေ အရေးကြီးတဲ့အခန်းက ပါဝင်ကြောင်း ပြောသွားပါတယ်။ အထူးစီးပွားရေးဇုန် စီမံကိန်းကို လွှတ်တော်က အတည်မပြုမီ ၂၀၁၅ အစောပိုင်းကတည်းက CITIC တရုတ်ကုမ္ပဏီအုပ်စုက ကျောက်ဖြူမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေး ရန်ပုံငွေကို ကျပ်သိန်း (၁,၅၀၀၀) နဲ့ မတည်ပါတယ်။ ကျေးရွာ (၅၀) ကို အတိုးသက်သာစွာ ငွေထုတ်ချေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ကျောက်ဖြူဒေသ ဖွံ့ဖြိုးတိုးတက်ရေးဟာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးမှာ အလွန် အရေးအကြီးတယ်လို့ တရုတ်သံအမတ် ဟုန်လျန်က ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ဆေးခန်း (၅၀) နဲ့ ကျောင်း (၅၀) တည်ဆောက်ဖို့လည်း တရုတ်က ရည်ရွယ်ပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို သုံးပိုင်းခွဲ အကောင်အထည်ဖော်မှာဖြစ်ပြီး (၂၀၃၈) မှာ အားလုံးပြီးစီးမယ်လို့ မျှော်လင့်တာမို့ (၂၂) နှစ် စီမံကိန်း ဖြစ်ပါတယ်။ ပြီးစီးတဲ့အခါမှာ ဒေါ်လာသန်းသုံးထောင်ကျော်ဖိုး နှစ်စဉ်ထုတ်လုပ်ပြီး လူပေါင်းတသိန်းလောက် အလုပ်ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ တရုတ်စီမံကိန်း တရာကျော် ရှိတဲ့အနက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ အကြီးဆုံး ဖြစ်ပါတယ်။ မြန်မာပြည်မှာ ရွေးကောက်ပွဲ (၄) ကြိမ် ကျင်းပပြီး အစိုးရ (၄) ကြိမ် ပြောင်းလဲပြီးမှ ပြီးစီးမယ့် တရုတ်ရဲ့ မဟာဗျူဟာစီမံကိန်း ဖြစ်ပါတယ်။

ကျောက်ဖြူစက်မှုဇုန်မှာ စားသုံးကုန်၊ အထည်အလိပ်၊ ဆောက်လုပ်ရေးပစ္စည်း၊ ပို့ဆောင်ရေး နဲ့ ထောက်ပံ့ရေးပစ္စည်း စတာတွေကို အလုပ်သမားအင်အားနဲ့ ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။ ကုန်ပစ္စည်းတန်ချိန် ရှစ်သန်းနဲ့ ကုန်သေတ္တာ ငါးသန်း ကိုင်တွယ်နိုင်မယ့် ရေနက်ဆိပ်ကမ်းကို တည်ဆောက်မယ်လို့ ဆိုပါတယ်။ ဒေသခံတွေ ကန့်ကွက်ဆန္ဒပြကြပေမယ့် တရုတ်ကုမ္ပဏီတွေကတော့ စိတ်အားထက်သန်ကြပါတယ်။ မူဆယ် နဲ့ တရုတ် နယ်စပ်အကြားမှာ မြန်မာ-တရုတ် ဗဟိုစီးပွားရေးဇုန် တည်ဆောက်နေတာ (၂၀၁၈) မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားတာမို့ တရုတ်-မြန်မာ ကုန်သွယ်မှုဟာ တိုးချဲ့ဖို့သာ ရှိပါတယ်။

ဒါပေမဲ့ ဒေသခံတွေရဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်ကြောင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးမှာ နှောင့်နှေးကြန့်ကြာနိုင်တာတွေ အများကြီးရှိတယ်လို့ သုံးသပ်ကြပါတယ်။ လူမျိုးရေး ဘာသာရေးပဋိပက္ခ၊ မြေယာသိမ်းပိုက်မှု၊ လူမှုစီးပွားရေး ကျပ်တည်းမှုစတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ရင် တရုတ် မျှော်လင့်သလို ဖြစ်လာဖို့ ခဲယဉ်းတယ်လို့ မြင်ကြပါတယ်။ မဒေးကျွန်းက ရေနံဓါတ်ငွေ့ စီမံကိန်း ပြီးတဲ့အခါမှာ ဒေသခံတွေ ဘဝအခြေအနေ ပိုမိုဆိုးဝါးလာတာကို သိရှိထားကြပါတယ်။ ဒါပေမဲ့ ကျောက်ဖြူဟာ တရုတ်ရဲ့ တချက်ခုတ် နှစ်ချက်ပြတ် ဗျူဟာ ဖြစ်ပါတယ်။ ယူနန်ဖွံ့ဖြိုးရေးနဲ့ အိန္ဒိယသမုဒ္ဒရာ စောင့်ကြည့်ရေးမှာ ကျောက်ဖြူဟာ အလွန်အရေးကြီးနေပါတယ်။

XS
SM
MD
LG