သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားဦးဆောင် အာဆီယံနှင့် မြန်မာ့အရေး အလားအလာ


INDONESIA-ASEAN
INDONESIA-ASEAN

{{Zawgyi/Unicode}}

မြန်မာ့အကြပ်အတည်းဖြေရှင်းရေး အာဆီယံလက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားအနေနဲ့ ဒီအပတ်ထဲ တရုတ်ရဲ့ထောက်ခံမှုယူပြီး ဆက်ကြိုးပမ်းနေတာအပေါ် မြန်မာ့အရေးလေ့လာသူတွေက အနီးကပ် စောင့်ကြည့်နေကြပါတယ်။ တရုတ်နယ်စပ်က မြန်မာလက်နက်ကိုင်အဖွဲ့တချို့နဲ့ ဒီရက်ပိုင်းမှာတွေ့ခဲ့တဲ့ တရုတ်ဆီကနေ အာဆီယံဘုံသဘောတူချက် (၅) ရပ်အပေါ် နောက်ဆုံးထောက်ခံချက်ရယူခဲ့တဲ့ လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းချက်က ဘယ်လိုသဘောဆောင်နိုင်ပါလဲ။

အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌတာဝန်စယူအပြီး ပြီးခဲ့တဲ့လမှာ အားလုံးပါတဲ့တွေ့ ဆုံမှုဖြစ်ရေးကြိုးပမ်းမယ်ပြောစဉ်က အကြမ်းဖက်အဖွဲ့တွေနဲ့ မဆက်ဆံရဘူးလို့ စစ်ကောင်စီကကန့်ကွက်ခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး ဘယ်လို ဆက်ဖြစ်လာနိုင်ပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။

အခုနောက်ဆုံး အင်ဒိုနီးရှားအနေနဲ့ တရုတ်ရဲ့ထောက်ခံမှု ရယူခဲ့တာအပေါ် သေနင်္ဃမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာနိုင်ဆွေဦးက အခုလို ပြောပါတယ်။

“တရုတ်က ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံလည်း ဖြစ်လာပြီဆိုတော့လေ၊ ကမ္ဘာ့အရေးမှာဝင်ပြီးတော့ ပါနေတဲ့အနေအထားမျိုးဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ကျတော့ သူက အိမ်နီးချင်းနိုင်ငံလည်းဖြစ်နေတာပေါ့နော်။ ဆိုတော့...အထူးကိုယ်စားလှယ်က လာရောက်တာလည်းရှိတယ်၊ တိုင်းရင်းသားဒေသတွေကို သွားနေတာတွေလည်း ရှိနေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း သူက တက်ပြီးတော့မှ ပါနေတဲ့အနေအထားတွေလည်း တွေ့နေရတယ်။ အဲဒီတော့ ဒီလိုပါပဲ၊ နိုင်ငံတကာအရေးတွေမှာလည်း ဝင်ပါနေတဲ့အခါကျတော့ တရုတ်နဲ့အာဆီယံဆက်သွယ်ရေးမှာလည်း ASEAN +3 လိုဟာမျိုးတွေ ရှိနေတာပေါ့နော်။ ...ဆိုတော့ သူလည်း ဒီမှာလည်း အမေရိကန်လို တခြားနိုင်ငံကြီးတွေလိုပဲ တရုတ်ပြည်လည်း အာဆီယံထဲမှာပါပြီးတော့မှ ဒီအရေးမှာ ဝင်ရောက်ချင်တဲ့ဟာမျိုး တွေ့နေရတာပဲလေ။ ဒါပေမဲ့ အာဆီယံကတော့ အာဆီယံ Mutuality ကို ထိန်းထားတဲ့သဘောမျိုးလို့လည်း ရှိပါတယ်။ ဒါပေမဲ့ တရုတ်ကလည်း အင်အားကြီးလာတဲ့အခါကျတော့ တရုတ်ရဲ့သဘောကိုလည်း အာဆီယံနိုင်ငံတွေကလည်း အလေးထားရတာမျိုးတွေ တွေ့လာပါတယ်။ ... 5 points consensus နဲ့ပတ်သက်ပြီးတော့မှ အင်ဒိုနီးရှားက ဆက်ပြီးသွားမယ့်ဟာမျိုး တရုတ်ကတော့ ဒီလိုပဲ ထောက်ခံမယ်လို့ မြင်ပါတယ်။”

ဒီအပေါ် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းကလည်း အခုလို ပြောပါတယ်။

“အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံတမန်ခန့်အပ်မှာဖြစ်သလို ဗိုလ်ချုပ်ကြီးတဦးကိုလည်း လွှတ်ပြီးတော့ မြန်မာအစိုးရ နစကနဲ့တွေ့ပြီးတော့ စကားပြောစေမယ်လို့ ဆုံးဖြတ်ထားတာရှိတယ်။ သူတို့ကတော့ National Dialogue အားလုံးပါဝင်ရေး ပန်းတိုင်အဖြစ်ထားဖို့ ပေါ့နော်- အဲလိုပြောထားတဲ့အချိန်မှာ အခု တရုတ်ပြည်ကလည်း အာဆီယံရဲ့ 5 points consensus ကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားရဲ့ကြိုးပမ်းမှုကို ထောက်ခံပါတယ်လို့ ပြောထားတဲ့အခါကျတော့ သူလည်း တအားဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ အခုတလောမှာ အဲဒါကို ကျေးဇူးတင်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြောလာတာကို တွေ့ရပါတယ်ဗျ။”

အဲဒီတော့ အခုလို တရုတ်ထောက်ခံမှုရလာတာကြောင့် ရှေ့ဆက်ဖြစ်နိုင်ခြေကိုမေးရာမှာ ဒေါက်တာနိုင်ဆွေဦးက အခုလို သုံးသပ်ပါတယ်။

“ ဒီ consensus ကိုတော့ သူကတော့ တွန်းမှာပေါ့။ တရုတ်ရဲ့ထောက်ခံမှုရတယ်ဆိုတော့ သူတို့အတွက် အားတခုဖြစ်သွားနိုင်တယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံက တရုတ်တနိုင်ငံတင်မဟုတ်ဘူး၊....ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း တရုတ်တနိုင်ငံတည်း ရှိနေတာမဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ တရုတ်နိုင်ငံကလည်း ခေတ်အဆက်ဆက်မှာ ကျနော်တို့မြန်မာနိုင်ငံအတွက်ရပ်တည်ပေးခဲ့တဲ့အနေအထားမျိုးတွေရှိပါတယ်၊ ရုရှားနဲ့အတူတူပေါ့နော်။ ဒါကတော့ ရှေ့ဆက်ပြီးတော့ စောင့်ကြည့်ရမယ့်အရာမျိုးဖြစ်တယ်လို့ မြင်နိုင်တယ်။”

ဒီရှေ့ဆက်ဖြစ်နိုင်ခြေအပေါ် ဦးရဲထွန်းကလည်း အခုလို ပြောပြပါတယ်။

“တရုတ်ကလည်း အဲလို ထောက်ခံတယ်ဆိုတဲ့အခါကျတော့ မြန်မာနစကအနေနဲ့ကတော့ စဉ်းစားရမှာပေါ့နော်၊ ဘာဖြစ်လို့တုန်းဆိုတော့ အင်ဒိုနီးရှားက ဥက္ကဋ္ဌတာဝန်စပြီးတော့ လွှဲပြောင်းတဲ့အချိန်မှာ အဲသလိုလေသံထွက်လာတော့ နစက-ကနေပြီး NUG -CRPH တို့၊ PDF တွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို အသိအမှတ်ပြုတာ၊ ဆက်ဆံတာမလုပ်ဖို့ ကန့်ကွက်ထားတာရှိတယ်ဗျ။ တရုတ်က အင်ဒိုနီးရှားရဲ့ရပ်တည်ချက်ကို ထောက်ခံတယ်လို့ ပြောလိုက်တဲ့အတွက်ကြောင့် နစကရဲ့ကန့်ကွက်မှုက အင်ဒိုနီးရှား- အာဆီယံတခုတည်းရင်ဆိုင်ရတာထက်စာရင်တော့ တရုတ်ပါဝင်ပြီးတော့ ထောက်ခံပေးတဲ့အတွက်၊ သူ့အတွက်တော့ အားတက်စရာဖြစ်တာပေါ့နော်။ ဒါပေမဲ့ မြန်မာနစကအစိုးရက အဲဒီချဉ်းကပ်မှုမျိုးကို လက်ခံမလားဆိုတာကတော့ မသေချာဘူးပေါ့နော်။”

အဲဒီတော့ မြန်မာစစ်ကောင်စီဘက်က ဘယ်လိုတုံ့ပြန်လာနိုင်ပုံကိုမေးရာမှာ ဒေါက်တာနိုင်ဆွေဦးက အခုလို ပြောပါတယ်။

“ကမ္ဘောဒီးယားမှာလည်း .....ခန့်အပ်တယ်။ အခုလည်း အထူးကိုယ်စားလှယ်ကိုခန့်အပ်ဖို့ ဗိုလ်ချုပ်ကြီးအငြိမ်းစားတယောက်ကို လုပ်ဆောင်လာတာတွေ့ရတယ်ပေါ့နော်။ ဆိုတော့.... အာဆီယံမှာ 5 points consensus - တူညီဆန္ဒငါးရပ်ဆိုတာရှိပါတယ်။ ကျနော်တို့နိုင်ငံကလည်း တူညီဆန္ဒငါးရပ်ကိုပေါ့နော်- မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့အချက်တွေကို ကျော်လွန်ခြင်းမရှိဘဲနဲ့ ဖြေရှင်းလုပ်ဆောင်နေတဲ့အပိုင်းတွေရှိပါတယ်။ အထူးသဖြင့် အာဆီယံ 5 points consensus မှာ နံပါတ် ၄ အချက် - လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးတဲ့ (ကိစ္စတွေနဲ့) ပတ်သက်ပြီးတော့မှ အာဆီယံမှာရှိတဲ့ မဟာစင်တာနဲ့ ပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။”

ဒီနေရာမှာ အင်ဒိုနီးရှားဘက်က နောက်ဆုံးချဉ်းကပ်သင့်ပုံကိုလည်း ဦးရဲထွန်းက အခုလို ပြောပါတယ်။

“NLD ကလည်း ဟိုတလောက ထုတ်ပြောထားတာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားအပေါ်မှာ အများကြီးတည်တယ်လို့ ပြောထားတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ကတော့ တကယ်အချက်အခြာပြဿနာ၊ အရေးကြီးတဲ့အချက်ဖြစ်နေတုန်းပဲလို့ ယူဆတယ်။ ဒါကြောင့်မို့လို့ NUG တို့၊ CRPH တို့၊ PDF တွေနဲ့တွေ့ဖို့ နစက လက်မခံဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခွင့်ရဖို့ကို သူတို့ လိုက်လျောဖို့ လိုတာပေါ့နော်။ ဒီဟာလည်း ခွင့်မပြုနိုင်ဘူးဆိုရင်တော့ လမ်းကဆုံးသွားပြီလေ။ အဲဒီတော့ ဟိုဘက်ကိစ္စကို အသည်းအသန်ကန့်ကွက်နေတယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်ဖို့ကို ခေါင်းငြိမ့်ဖို့ ပြောရမှာပေါ့နော်။ တရုတ်ရဲ့အကူအညီလည်းလိုတာပေါ့နော်။ ကူပြီးတော့ ပြောပေးဖို့လိုတာပေါ့။ အဲသလိုလုပ်မယ်ဆိုရင်တော့ အာဆီယံရဲ့ဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေးကိစ္စမှာ တိုးတက်မှုတစုံတရာရနိုင်မယ်လို့ မြင်ပါတယ်။”

တကယ်တော့ မြန်မာ့အရေးမှာ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဘက်က အခုလို ကြိုးပမ်းမှုတွေရှိနေသလို အိမ်နီးချင်းထိုင်းနိုင်ငံကိုလည်း ပိုလုပ်ပေးဖို့ မလေးရှားဘက်က တောင်းဆိုခဲ့တာမို့ ပူးပေါင်းဆောင်ရွက်မှုတွေရှိသင့်တယ်လို့ သုံးသပ်သူတချို့က ထောက်ပြခဲ့ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

===================

{{Unicode}}

















XS
SM
MD
LG