သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်း သက်ဆိုင်သူအားလုံး ဆွေးနွေးဖြေရှင်းကြဖို့ NCA အဖွဲ့ တိုက်တွန်း


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ ဒုတိယပိုင်း (ဓာတ်ပုံ-NCA-S EAO)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ ဒုတိယပိုင်း (ဓာတ်ပုံ-NCA-S EAO)


[[Zawgyi/Unicode]]

မြန်မာပြည်ရဲ့ လက်ရှိအကျပ်အတည်းကို သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကနေ ဖြေရှင်းသွားမှာဖြစ်တယ်လို့ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောကြားပါတယ်။ NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့တွေက အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ပေါ်အောင်ဆောင်ရွက်ဖို့ကို သန္နိဌာန်ချဆောင်ရွက်မယ်လို့ ထိပ်သီးညီလာခံအပြီးမှာ ပြောကြားခဲ့ပေမယ့် လက်တွေ့မှာ လွယ်နိုင်ပါ့မလား။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ ဒုတိယပိုင်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၂၉ ရက်ကနေ ဧပြီလ ၃ ရက်နေ့ထိ ကျင်းပခဲ့တာပါ။

ဒီညီလာခံအပြီး ဧပြီလ ၄ ရက်နေ့မှာ Online ကနေ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ NCA လက်မှတ်ထိုး အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို လမ်းပြမြေပုံအဖြစ် အဆိုပြုချမှတ်ခဲ့တဲ့အကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောကြားပါတယ်။

“ဒီအဆိုပြုချက် ၈ ချက်မှာတော့ Stake Holder တွေကို တင်ပြမယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကို တင်ပြမယ်။ အားလုံးလက်ခံနိုင်တဲ့၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတခု ဖော်ဆောင်နိုင်ဖို့အတွက် ကျနော်တို့ ဦးတည်ကြိုးပမ်းသွားမယ်။ ပြီးတော့မှ အားလုံးလက်ခံနိုင်မယ့် အသွင်ကူးပြောင်းရေး အစီအစဉ်တခုကို ဖော်ထုတ်မယ်။ အဲဒါပြီးတော့မှ အားလုံး ညှိနှိုင်းပြီးတော့မှ လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတွေကို ဖော်ထုတ်မယ်။ ရှေ့ဆက် ကျနော်တို့ ဖော်ဆောင်ပြီးပြီဆို ကျနော်တို့ ရည်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီးကို ထူထောင်နိုင်ဖို့ ဦးတည်ပြီးတော့မှ အစီအစဉ်ချမှတ် အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြင်ဆင်ထားတာ ရှိပါတယ်။”

အဆိုပြုထားတဲ့နိုင်ငံရေးလမ်းပြမြေပုံ ၈ ချက်ကို တွေ့သင့် တွေ့ထိုက်တဲ့သူတွေနဲ့ ဆွေးနွေးပြီးနောက်မှ အသေးစိတ် ထုတ်ပြန်မယ်လို့လည်း ပြောပါတယ်။

သူတို့ပြောတဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာတော့ NCA မှာ ပါဝင် လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် SAC ခေါ် စစ်ကောင်စီ နဲ့ NUG ခေါ် အမျိုးသားညီညွတ်ရေးအစိုးရ စတဲ့အဖွဲ့အစည်းတွေ ပါဝင်မှာဖြစ်ကြောင်း ပြောပါတယ်။ မတ်လကကျင်းပခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ ပြောဆိုထားပါတယ်။

ဒီအခြေအနေမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်နိုင်ပါမလားဆိုတဲ့ မေးခွန်းတွေအပေါ်မှာတော့ အခြားပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက အခုလို တုံ့ပြန်ပါတယ်။

“အခု ထိပ်တိုက်တွေ့နေကြတဲ့အဖွဲ့အစည်း ၂ ခုပေါ့။ SAC နဲ့ NUG ဖြစ်ပါ့မလားပေါ့။ အချိန်တော့ လိုလိမ့်မယ်လို့ ကျမအနေနဲ့ ထင်ပါတယ်။ ဒါပေမယ့် တချိန်ချိန်မှာ မဖြစ်လာနိုင်ဘူးဆိုတာ ကျမတို့ မပြောနိုင်ဘူး။ ကျမတို့က တွန်းရပါမယ်။ Stake Holder အားလုံးပါဝင်ပြီးမှ တွန်းရမယ်။ ကျမတို့ ဝန်နဲ့အားနဲ့ မမျှတာဆိုလို့ရှိရင် နိုင်ငံတကာ ပါဝင်ပြီးမှ တွန်းရမှာဖြစ်ပါတယ်။”

ဖက်ဒရယ်ဆိုတဲ့ စကားရပ်ကို မြန်မာစစ်တပ်ဘက်က လက်မခံတာရှိခဲ့ပေမယ့် ဒီနေ့ အချိန်မှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အားလုံးလက်ခံလာပြီဖြစ်တယ်ဆိုတာကို သူက ဥပမာပေးပြောပါတယ်။ တဘက်မှာတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း တွေ့ဆုံဆွေးနွေးရေးကို လက်ခံထားတာ မရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ NUG ပါဝင်နိုင်ရေးအတွက်ဆို တောင်းဆိုချက် ၃ ချက်ရှိနိုင်ကြောင်းနဲ့ ဒါကို စစ်ကောင်စီက မလိုက်လျောရင် ဆွေးနွေးပွဲ ဖြစ်လာနိုင်မှာ မဟုတ်ကြောင်း သုံးသပ်ထားပါတယ်။

“လက်ခံမယ့်အလားအလာကတော့ တချက်က အကြမ်းဖက် နှိပ်ကွပ်မှုတွေ ရပ်ဆိုင်းပစ်ဖို့၊ အားလုံးပါဝင်မှုဆိုတဲ့အထဲမှာ NUG တို့၊ လွှတ်တော်ကိုယ်စားပြုကော်မတီတို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာတွေ ရုပ်သိမ်းဖို့၊ နောက် တတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဆုံးအဖြတ်ပေးနိုင်တဲ့ ရွေးခြယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ ဖမ်းဆီးထားမှုကနေ လွှတ်ပေးဖို့ဆိုတဲ့ အချက် ၃ချက် တောင်းဆိုပါလိမ့်မယ်။ အဲဒီတောင်းဆိုချက်အပေါ်မှာ စဉ်းစားပေးနိုင်မှသာလျှင် ခုနက ပြောတဲ့အခြေအနေရောက်ရှိပါမယ်။ ဒါပေမယ့် လက်တွေ့အဓိပ္ပါယ်ကတော့ အာဆီယံက ဒီသဘောဆောင်တဲ့ တောင်းဆိုမှုတွေကို ၅ ချက်ကို လုပ်ခဲ့တာ တနှစ်ရှိပါတော့မယ်။ အကောင်အထည်မပေါ်ခဲ့ပါဘူး။ အဲဒီအနေအထားက ဖြစ်နိုင်စရာအကြောင်း မရှိဘူးလို့ပဲ ကျနော်တော့ သုံးသပ်ပါတယ်။”

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံအတွင်း လမ်းပြမြေပုံ ၈ ချက်ကို အကောင်အထည်ဖော်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကို ပြန်လည်ဖွဲ့စည်းခဲ့သလို ဦးဆောင်မှုကော်မတီ ခေါင်းဆောင်မှုအသစ်တွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိ ကျင်းပပြီးစီးခဲ့တဲ့ ထိပ်သီးညီလာခံမှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့က ကိုယ်စားလှယ် ပါဝင်တက်ရောက်ခဲ့တာမရှိခဲ့သလို PPST ကို ပြန်လည်ဖွဲ့စည်းရာမှာလည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS က လတ်တလော ကိုယ်စားလှယ် အမည်ပေးပို့တာ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

============
[[Unicode]]














============

XS
SM
MD
LG