သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ကန်လုပ်ရပ် မြန်မာစစ်ကောင်စီဝေဖန်


စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (ယခင်မှတ်တမ်းဓာတ်ပုံ)
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေးကိုပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဝါရှင်တန်ဒီစီမှာကျင်းပနေပါတယ်။ ဒီအစည်းအဝေးကျင်းပနေချိန်မှာပဲ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ကို အမေရိကန်အစိုးရက ဝါရှင်တန်ဒီစီမှာ လက်ခံတွေ့ဆုံတာဟာ အကြမ်းဖက်အဖွဲ့အစည်းဆန့်ကျင်ရေး အမေရိကန်အစိုးရရဲ့မူဝါဒကို မေးခွန်းထုတ်လိုတယ်ဆိုပြီး မြန်မာစစ်ကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီရပ်တည်ချက်နဲ့ပတ်သက်လို့ ပြည်တွင်းအမြင်တွေကို ရန်ကုန်က စုစည်းသတင်းပေးပို့တာကို မဆုမွန်က တင်ပြပေးထားပါတယ်။

မေလ ၁၂-၁၃ မှာ ကျင်းပနေတဲ့ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကာလအတွင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့မြန်မာ့အရေးကိစ္စဟာလည်း ဆွေးနွေးစရာအကြောင်းတခုဖြစ်နေပါတယ်။ အဓိကကတေ့ာ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေ လက်တွေ့အကောင်အထည်ပေါ်လာစေဖို့ အမေရိကန်ဘက်က တွန်းအားပေးနေသလို ဒီလို အကောင်အထည်ဖော်တဲ့နေရာမှာ အရေးပါတဲ့အစုအဖွဲ့တွေ အထူးသဖြင့် NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကိုပါ ဆက်စပ်ဆောင်ရွက်ဖို့ ပြောဆိုနေကြတာပါ။ ထိပ်သီးအစည်းအဝေးအတွင်းမှာတော့ မြန်မာစစ်ကောင်စီအကြီးအကဲကို တတ်ရောက်ခွင့်မပေးဘဲ မြန်မာနေရာမှာ ခုံလွတ်ချထားဖို့ နှစ်ဘက် သဘောတူခဲ့ကြပါတယ်။ တချိန်တည်းမှာတော့ NUG နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်အစိုးရက ဝါရှင်တန်မှာဖိတ်ခေါ်ပြီး အစိုးရအရာရှိတွေက လက်ခံတွေ့ဆုံဆွေးနွေးပါတယ်။

ဒီလိုလုပ်ဆောင်တာတွေအတွက် စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး အမေရိကန်ရဲ့ ရပ်တည်ချက် အပေါ် အခုလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမေးခွန်းထုတ်လိုက်ပါတယ်။

“ဒီလိုအကြမ်းဖက်အဖွဲ့အစည်းကို ကမ္ဘာမှာ အကြမ်းဖက်လုပ်ရပ်တွေကိုဆန့်ကျင်ပါတယ်ဆိုတဲ့ အမေရိကန်က ခေါ်ပြီးတွေ့တာကို ကျနော်မေးခွန်းထုတ်လိုတာက ဒါသည် အကြမ်းဖက်နဲ့ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံသည် အကြမ်းဖက် ဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုမှု၊ အကြမ်းဖက်ဆိုတဲ့ဖွင့်ဆိုမှုတွေသည် စံချိန်နှစ်မျိုးနဲ့ double standard နဲ့အဓိပ္ပါယ်ဖွင့် နေတယ်၊ ကျင့်သုံးနေတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”

အာဆီယံအနေနဲ့ မနှစ်က အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ရခဲ့တာကလွဲပြီး မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်ရေး ဆက်လက်ချိုးဖေါက်နေမှုတွေ အတွက် ဘာမှတိုးတက်အောင်မလုပ်နိုင်တာကို အမေရိကန် တာဝန်ရှိသူတွေက စိတ်ပျက်လာကြပြီးနောက် အခုလိုဆက်လက်ဖိအားပေးတဲ့ ပုံစံနဲ့ လုပ်ဆောင်လာတာဖြစ်တယ်လို့ ပြည်တွင်းသုံးသပ်သူတချို့က မြင်ပါတယ်။

ကမ္ဘာနဲ့မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကတော့ ဒီဆွေးနွေးပွဲကနေ ရလဒ်ကောင်း တခုခု ပေါ်ထွက်လာနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ ဒီလုပ်ဆောင်မှုတွေက အာဏာသိမ်းစစ်ကောင်စီအပေါ်ဖိအားတစုံ တရာရှိလာနိုင်ဖွယ်မြင်တယ်လို့ သူကရှုမြင်ပါတယ်။

“အခု အမေရိကားက ပြောမယ်ဆိုလို့ရှိရင် ခွဲဝေရေးကို နှစ်ပတ်၊ သုံးပတ် ထပ်တင်းနေတာပဲ။ အရင်တုန်းက အမေရိကားကို အဲလောက်....ဘူးလေ။ ကစားလိုက်တာပေါ့ကွာ။....”

အမေရိကန်ရဲ့ အခုလိုဖိအားပေးလုပ်ဆောင်မှုက စစ်ကောင်စီအနေနဲ့ သူတို့ကိုကျောထောင့်နောက်ခံပေးကူညီ နေတဲ့ အမေရိကန်ရဲ့ ပြိုင်ဘက် အိမ်နီးချင်းတရုတ်၊ ရုရှားဘက်ကိုပိုပြီး နီးစပ်သွားမလားဆိုတဲ့ စိုးရိမ်တကြီး သုံးသပ်မှုတွေလည်းရှိပါတယ်။ ဒါနဲ့ပတ်သတ်လို့ မြန်မာ့နိုင်ငံရေးလေ့ လာသုံးသပ်သူတဦး ဖြစ်တဲ့ ဦးရဲထွန်းကတော့ အခုလိုသုံးသပ်လိုက်ပါတယ်။

“ဦးသန်းရွှေလက်ထက်ထဲက တပ်သဘောထားက သူ့ကိုပြင်းထန်တဲ့ဟာတွေလုပ်ရင် တဘက်ကို ပိုကပ်တာမျိုး ဆန့်ကျင်ဘက်ပိုဖြစ်တာမျိုး ဖြစ်လေ့ရှိတတ်တယ်။ ဒီတခေါက်မှာတော့ ရွေးချယ် စရာလေးတွေရှိတာပေါ့။”

မြန်မာ့အရေးတွေမှာ တက်ကြွလှုပ်ရှားစွာပါဝင်လှုပ်ရှားနေတဲ့ မသဉ္ဇာရွှန်းလဲ့ရည်ကတော့ အမေရိကန်နိုင်ငံဟာ တခြားနိုင်ငံတွေထက်စာရင် မြန်မာ့ဒီမိုကရေစီတိုးတက်ရေးကို ထောက်ပံ့ဆုံးနိုင်ငံတွေထဲကတခုအနေနဲ့ သူ့လုပ်ရပ်ကိုပြသတယ်လို့ သူကရှုမြင်ပါတယ်။ သံတမန်ရေးအရ အောင်ပွဲတခုလို့ ရှုမြင်ထားသလို ဒီလုပ်ဆောင်ချက်တွေ ကပြောင်းလဲမှုလမ်းစတခုဖြစ်လာဖို့ သူကမျှော်လင့်နေပါတယ်။

“ကျမတို့ မျှော်လင့်သလိုမဖြစ်သေးပေမယ့် တဖြေးဖြေးနဲ့ တိုက်တွန်းသွားရမှာဖြစ်တယ်။ အမေရိကန်နိုင်ငံတခုက ကျမတို့နိုင်ငံပေါ်မှာ ပေါ်လစီမူဝါဒအားဖြင့် အပြောင်းအလဲဖြစ်ရင် ကျန်တဲ့နိုင်ငံတွေ ပြောင်းလဲနိုင်ဖို့သိပ်မခက်တော့ဘူးပေါ့။ ဆိုတော့ သိပ်ကို အရေးကြီးပါတယ်။ ထိရောက်တဲ့လုပ်ငန်းစဉ်တွေ နောက်ပိုင်းမှာ ထဲထဲဝင်ဝင် သက်ရောက်မှုရှိလာဖို့ဆိုရင် ကျမတို့ ပြည်သူတွေကလည်း အမေရိကန်နိုင်ငံက ကျမတို့ပြည်သူတွေ လိုချင်တာကို တစိုက်မတ်မတ်လုပ်နေရဲ့လားဆိုတာကို အမြဲတမ်းလေ့လာစောင့်ကြည့်ဖို့လိုတယ်။ ဥပမာပြောရရင် MOGE ကို sanction လုပ်ဖို့ တိုက်တွန်းနေတာကို ကျမတို့ပြည်သူတွေ ပါဝင်ဖို့ လိုပါတယ်။”

ဒီကနေ့ဆက်လုပ်နေတဲ့ အစည်းအဝေးမှာတော့ အမေရိကန် -အာဆီယံ အစည်းဝေးမှာ မြန်မာ့အရေး အပြင် အင်ဒို- ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကို တန်ပြန်ထိန်းညှိဖို့ ကြိုးစားနေတဲ့ အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာကိစ္စရပ်တွေကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]













============

XS
SM
MD
LG